အခြေခံနိုင်ငံရေးမြေပုံနှင့် မြန်မာတို့၏ အမျိုးသားအကျိုးစီးပွား

အခြေခံနိုင်ငံရေးမြေပုံနှင့် မြန်မာတို့၏ အမျိုးသားအကျိုးစီးပွား
UWSP/UWSA ၏ ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ် (၃၀) ပြည့်အထိမ်းအမှတ်ပွဲ စစ်ရေးပြအခမ်းအနားကို တွေ့ရစဉ်
UWSP/UWSA ၏ ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ် (၃၀) ပြည့်အထိမ်းအမှတ်ပွဲ စစ်ရေးပြအခမ်းအနားကို တွေ့ရစဉ်
Published 7 August 2022
ရဲကျော်စွာ

မြန်မာ့အရေးများအတွင်း လုပ်ငန်းစဉ် သို့မဟုတ် လှုပ်ရှားမှု သို့မဟုတ် ကဏ္ဍနယ်ပယ်တစ်ရပ် ရပ်တွင် ကိုယ်တိုင်ပါဝင်နေသူများ၊ ဆက်နွှယ်ပတ်သက်နေသူများနှင့် နိုင်ငံတော်အရေးကို စိတ်ဝင်စားသော ပြည်သူတိုင်းအနေဖြင့် မြန်မာ့အရေးအင်အားစုများ၏ ဖွဲ့တည်မှုနှင့် ဖြစ်တည်မှုဆိုင်ရာ အခြေခံ နိုင်ငံရေးမြေပုံကို သိရှိနားလည်ထားရန် လိုအပ်သည်။

အခင်းအကျင်းများ၏  အမျိုးအစားများ

လတ်တလော အခြေအနေအတွင်း မြန်မာ့အရေးနှင့်သက်ဆိုင်နေသော ‘အခင်းအကျင်းများ’ (Orders) ကို ‘ပထဝီ အညွှန်းဘောင်’ (Geographic Frame of Reference) အရ အမျိုးအစား ခွဲခြားမည်ဆိုလျှင်

(၁) ကမ္ဘာလုံးဆိုင်ရာ အခင်းအကျင်းများ (Global Oreders)၊ (၂) ဒေသလွန် အခင်းအကျင်းများ (Trans-Regional Oreders)၊ (၃) ဒေသဆိုင်ရာ အခင်းအကျင်းများ (Regional Orders)၊ (၄) နိုင်ငံလုံးဆိုင်ရာအဆင့်  အခင်းအကျင်းများ (Nationals Level Orders) နှင့် (၅) နယ်မြေဒေသန္တရအဆင့် အခင်းအကျင်းများ (local Level Orders) ဟူ၍ အခြေခံအမျိုးအစားကို တွေ့မြင်နေရမည်ဖြစ်သည်။

အဆိုပါ အခင်းအကျင်းများကိုပင် ‘ကဏ္ဍနယ်ပယ်များ’ (Sectors) အလိုက် အမျိုးအစားများ ထပ်မံခွဲခြားမည် ဆိုလျှင် -

(၁) နိုင်ငံရေး အခင်းအကျင်းများ (Political Orders)၊

(၂) စစ်ရေး အခင်းအကျင်းများ (Military Orders)၊

(၃) လုံခြုံရေး အခင်းအကျင်းများ (Security Orders)၊

(၄) အုပ်ချုပ်ရေး အခင်းအကျင်းများ (Administrative Orders)၊

(၅) ဥပဒေပြုရေး အခင်းအကျင်းများ (Legislative Orders)၊

(၆) တရားစီရင်ရေး အခင်းအကျင်း များ (Judiciary Orders)၊

(၇) စီးပွားရေး အခင်းအကျင်းများ (Economic Orders)၊

(၈) လူမှုရေး အခင်းအကျင်းများ (Social Orders)၊

(၉) ဓလေ့ယဉ်ကျေးမှု အခင်းအကျင်းများ (Cultural Orders)၊

(၁၀) မြို့ပြယဉ်ကျေးမှု အခင်းအကျင်းများ (Civilisational Orders)၊

(၁၁) သဘာဝ ပတ်ဝန်းကျင်နှင့် ဇီဝဂေဟဗေဒ အခင်းအကျင်းများ (Environmental and Ecological Orders)၊

(၁၂) ဇီဝလုံခြုံရေး အခင်းအကျင်းများ (Bio Security Orders)၊

(၁၃) လူမျိုးရေး အခင်းအကျင်းများ (Racial Orders)၊

(၁၄) ကိုးကွယ်မှု ဘာသာရေးနှင့် ယုံကြည်မှုစနစ်များဆိုင်ရာ အခင်း အကျင်းများ (Religions and Belief Systems Orders)၊

(၁၅) စက်မှုလုပ်ငန်းနှင့် နည်းပညာအခင်းအကျင်းများ (Industrial and Technological Orders) နှင့်

(၁၆) အရပ်ဘက်လူ့အဖွဲ့အစည်းရေးရာ အခင်းအကျင်းများ (Civil Societal Orders) ဟု အခြေခံကဏ္ဍ နယ်ပယ်များကိုလည်း ထပ်မံတွေ့ မြင်နေရမည်ဖြစ်သည် ။

မြန်မာ့အရေး အင်အားစုများ၏ အမျိုးအစားများ

မြန်မာ့အရေး အင်အားစုများကို သူတို့၏ ပထဝီနယ်မြေအပေါ် မူတည်၍ -

(၁) ပြည်တွင်းအင်အားစုများ (Inland Forces))၊

(၂) နယ်စပ်ဒေသ အင်အားစုများ (Boundary Area Forces)၊

(၃) ပြည်ပအဝေးရောက် အင်အားစု များ (Exile Forces) နှင့်

(၄) အမျိုးအမည် မသိရှိရသေးသော အင်အားစုများ (Unknown Forces) ဟု အခြေခံအမျိုးအစားလေးရပ် ခွဲခြားနိုင်မည်ဖြစ်သည်။

ယင်းမြန်မာ့အရေး အင်အားစု များကိုပင် ‘ကဏ္ဍနယ်ပယ် အခြေပြု အမျိုးအစားခွဲခြားခြင်း’ (Sectorial Classification) ထပ်မံပြု လုပ်မည်ဆိုလျှင် -

(၁) နိုင်ငံရေး အင်အားစုများ (Political Forces)၊

(၂) စစ်ရေး အင်အားစုများ (Military Forces)၊

(၃) လူမျိုးရေး အင်အားစုများ (Racial Forces)၊

(၄) ဘာသာရေး အင်အားစုများ (Religious Forces)၊

(၅) စီးပွားရေး  အင်အားစုများ (Economic Forces)၊

(၆) အရပ်ဘက် အင်အားစုများ (Civil Forces)၊

(၇) ရပ်ရွာလူမှုအစုအဝန်း  အင်အားစုများ (Community Forces)) နှင့်

(၈) ပုဂ္ဂိုလ်ရေးနှင့် ဂိုဏ်းဂဏအင်အားစုများ (Personal and Factional Forces) ဟု အင်အားစု အမျိုးအစားရှစ်ရပ်ကို မြန်မာ့အရေးတွင် တွေ့မြင်နေရသည်။

သို့သော်လည်း ပြည်တွင်း ပဋိ ပက္ခများ ဖြစ်ပွားနေသည့် အခြားသော နိုင်ငံအချို့တွင်မူ ထိုကဲ့သို့သော ကဏ္ဍနယ်ပယ်အလိုက် အင်အားစုအမျိုးအစားများမှာ မြန်မာနိုင်ငံရှိ အမျိုးအစားရှစ်ရပ်ထက် ပိုမိုများပြားပြီး ဒဿနဗေဒ အင်အားစုများ၊ စက်မှုလုပ်ငန်းအင်အားစုများ၊ ဓလေ့ယဉ်ကျေးမှုအင်အားစုများ အစရှိသဖြင့် မြန်မာ့အရေးတွင် မတည်ရှိခဲ့သည့် အခြားသော အင်အားစုအမျိုးအစားများကိုပင် ထပ်မံတွေ့မြင်နိုင်မည်ဖြစ်သည်။

မြန်မာ့နိုင်ငံရေးအင်အားစုများ

မြန်မာ့နိုင်ငံရေး အင်အားစုများဆိုရာတွင် ပြည်တွင်း၊ ပြည်ပ၊ မြေပေါ်၊ မြေအောက် နယ်ပယ်ပေါင်းစုံတွင် တည်ရှိနေသော -

(၁) နိုင်ငံရေးပါတီများ (Political Parties)၊

(၂) ပါတီမဟုတ်သော နိုင်ငံရေးအဖွဲ့ အစည်းများ (Non-Partisan Political Organizations) နှင့်

(၃) အဖွဲ့အစည်း ဖွဲ့စည်းမထားသော နိုင်ငံရေးအသိုင်းအဝန်းများ (Unorganized Political Circles) ဟု သုံးမျိုး တွေ့မြင်ရမည်ဖြစ်သည်။

ပါတီမဟုတ်သော နိုင်ငံရေး အဖွဲ့အစည်းများအထဲတွင် -

(၁) နိုင်ငံရေး အင်စတီကျူးရှင်းများ (Political Institutions))၊

(၂) လူထုလူတန်းစား အဖွဲ့အစည်းသမဂ္ဂများ (Mass Organizations)၊

(၃) တက်ကြွလှုပ်ရှားသူများ၏ အဖွဲ့အစည်းများ (Activists’s Organizations)၊

(၄) နိုင်ငံရေးမှုပြု အစိုးရမဟုတ် သော အဖွဲ့အစည်းများ (Politicalised Non-Governmental Organizations)၊

(၅) နိုင်ငံရေးမှုပြု အရပ်ဘက် လူ့အဖွဲ့အစည်း အခြေပြုအသင်းအဖွဲ့များ (Politicalised Civil Societal Organizations)၊

(၆) နိုင်ငံရေးမှုပြု ရပ်ရွာလူမှု အစုအဝန်း အခြေပြုအဖွဲ့အစည်းများ (Politicalised Community Based Organizations) နှင့်

(၇) လက်နက်ကိုင် နိုင်ငံရေးအဖွဲ့ အစည်းများ (Armed Political Organizations) ဟူသော အခြေခံ အမျိုးအစား ခုနစ်မျိုးကို တွေ့မြင်နေရမည်ဖြစ်သည်။

အဖွဲ့အစည်း ဖွဲ့စည်းမထားသော နိုင်ငံရေးအသိုင်းအဝန်းများ အထဲတွင် -

(၁) နိုင်ငံတကာအဆင့် သိရှိထားသူများ၏ အသိုင်းအဝန်းများ (Circles of Internationally Known Persons)၊

(၂) နိုင်ငံလုံးဆိုင်ရာအဆင့် ထင် ရှားကျော်ကြားသူများ၏ အသိုင်းအဝန်းများ (Circles of Nationally Famous Persons)၊

(၃) နိုင်ငံလုံးဆိုင်ရာအဆင့် အသိုင်းအဝန်းများ (National Level Circles)၊

(၄) နယ်မြေဒေသန္တရအဆင့် အသိုင်းအဝန်းများ (Local Level Circles) ( ဥပမာ - ပြည်နယ်/တိုင်း အဆင့်မှ ခရိုင်အဆင့်အထိ)၊

(၅) ရပ်ရွာလူမှုအစုအဝန်းအဆင့် အသိုင်းအဝန်းများ (Community Level Circles) ( ဥပမာ - မြို့နယ် အဆင့်မှ ရပ်ကျေးအဆင့်အထိ) နှင့်

(၆) အမျိုးအစားပေါင်းစုံ ရောနှောနေသော အသိုင်းအဝန်းများ (MultiLevel Mixed Circles) ဟု အခြေခံအမျိုးအစားခြောက်ရပ်ကို တွေ့မြင်နေရမည်ဖြစ်သည်။

နိုင်ငံရေးပါတီများနှင့် အင်စတီကျူးရှင်းများ၏ လတ်တလောအကျပ်အတည်းများ

လတ်တလော မြန်မာ့ပြည် တွင်းနိုင်ငံရေး ပဋိပက္ခဖြစ်စဉ်နှင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ဖြစ်စဉ်များကြောင့် ပြည်သူများ၏ လူဦးရေအများစုသည် ပြည်တွင်း၊ ပြည်ပနှင့် မြေပေါ်၊ မြေအောက် နိုင်ငံရေးပါတီများနှင့် ပါတီမဟုတ်သော အခြားနိုင်ငံရေးအဖွဲ့အစည်းများအပေါ် စိတ်ဝင်စားမှုမှာ ရေရှည်တွင် ပိုမိုကျဆင်းလာနိုင်ပြီး လက်နက်ကိုင်ပဋိပက္ခများ အတွင်းဘက်ရွေးချယ်မှုများကို ပိုမိုအာရုံစိုက်နေနိုင်သည်။

မြန်မာ့နိုင်ငံရေးဖြစ်စဉ် ပြန်လည်၍ ရင့်ကျက်ငြိမ်းချမ်းစွာ ဆက်လက်ဖြစ်ပေါ်နိုင်ရေးအတွက် နိုင်ငံရေးပါတီများ အပါအဝင် မြန်မာ့အရေး နိုင်ငံရေးအင်အားစုများအနေဖြင့် ကောင်းမွန်သော ‘အင်စတီကျူးရှင်းပိုင်း ဖွံ့ဖြိုးမှုများ (Institutional Developments)’ ဖြစ်ပေါ် စေရေးသည် နိုင်ငံ၏အကျိုးစီးပွား အတွက် လိုအပ်နေသည်။

မြန်မာ့စစ်ရေးအင်အားစုများ

မြန်မာ့စစ်ရေးအင်အားစုများကို အမျိုးအစား ခွဲခြားလျှင် -

(၁) မြန်မာ့တပ်မတော်၊ နယ်ခြားစောင့်တပ်များ (BGFs) နှင့် ပြည်သူ့စစ်အဖွဲ့များ၊

(၂) နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် (NCA) ကို လက်မှတ်ရေးထိုးထားပြီး လက်တွေ့လည်း ငြိမ်းချမ်းရေး ဆက်ယူထားသော လက်နက်ကိုင်အဖွဲ့အစည်းများ၊

(၃) NCA ကို လက်မှတ်ထိုးထားသော်လည်း လက်တွေ့တွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားနေသော အဖွဲ့အစည်းများ၊

(၄) NCA ကို လက်မှတ်မထိုးထားသော်လည်း လက်တွေ့တွင် ငြိမ်းချမ်းရေးရယူထားသော အဖွဲ့အစည်းများ၊

(၅) NCA စာချုပ်ချုပ်စဉ်က လက်မှတ်ထိုးရန် ငြင်းဆန်ခဲ့ပြီး လက်တွေ့တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသော အဖွဲ့အစည်းများ၊

(၆) NCA စာချုပ်ချုပ်ဆိုပြီးမှ အသစ်ပေါ်ပေါက်လာသော တိုင်းရင်းသားလူမျိုးစုနှင့် လူမျိုးရေးလူနည်းစု လက်နက်ကိုင်အဖွဲ့အစည်းအသစ်များ၊

(၇) ၂၀၂၁ ခုနှစ်နောက်ပိုင်း စတင် ပေါ်ပေါက်လာပြီး CRPH နှင့်NUG  ၏ လက်အောက်ခံအဖြစ် ရပ်တည်ထားသော လက်နက်ကိုင်အဖွဲ့အစည်းသစ်များနှင့်

(၈) ၂၀၂၁ ခုနှစ်နောက်ပိုင်း စတင်ပေါ်ပေါက်လာပြီး CRPH နှင့် NUG ၏ လက်အောက်ခံအဖြစ် ရပ်တည်ခြင်း မပြုလုပ်သော သီးခြားလက်နက်ကိုင် အဖွဲ့အစည်းအသစ်များဟု လတ်တလော အမျိုးအစားရှစ်ရပ်ကို တွေ့မြင်နေရသည်။

ယင်းအမျိုးအစားများအနက် အမှတ်စဉ် (၂) မှ အမှတ်စဉ် (၆) အထိ အဖွဲ့အစည်းများမှာ မကဒတ (ABSDF) မှလွဲ၍ ကျန်အဖွဲ့များမှာ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းများ ဖြစ်ကြသည်။

တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းများ (Ethnic Armed Organizations-EAOs) ၏ အနေအထား

မြန်မာ EAOs များကို ပထဝီအစုအဖွဲ့အရ လေးမျိုးခွဲခြားနိုင်သည်။

(၁) ထိုင်းနယ်စပ်အခြေစိုက် EAOs

(၂) တရုတ်နယ်စပ်အခြေစိုက် EAOs

(၃) အိန္ဒိယနယ်စပ်အခြေစိုက် EAOs

(၄) ဘင်္ဂလားဒေ့ရှ်နယ်စပ်အခြေစိုက် EAOs

မတူညီသောနယ်စပ်များအ လိုက် EAOs များသည် ယခင်ကရော၊ ယခုအထိ မတူညီသော ပထဝီနိုင်ငံရေး (Geopolitics) ပထဝီစစ်ရေး (Geomilitary) ပထဝီစီးပွား ရေး (Geoeconomics) အပေါ် အခြေပြုနေရကာ မတူညီသော ပထဝီမဟာဗျူဟာများ (Geostrategy) ကို အသုံးပြုနေရသည်။

လတ်တလော အခြေအနေများ အရ EAOs များသည် -

(၁) NUG နှင့် ဗြောင် မဟာမိတ်ဖွဲ့ သောအဖွဲ့များ၊

(၂) NUG နှင့် လျှို့ဝှက်စွာ ပူးပေါင်းဆောင်ရွက်သောအဖွဲ့များ၊

(၃) NUG နှင့် အကန့်အသတ်ဖြင့်သာ သတိထားဆက်ဆံနေသောအဖွဲ့များ၊

(၄) SAC နှင့် ဗြောင် မဟာမိတ်ဖွဲ့သောအဖွဲ့များနှင့် နောင်တွင် မဟာမိတ်ဖွဲ့လာနိုင်‌သောအဖွဲ့များဟု အမျိုးအစားလေးမျိုး ယာယီကွဲပြားနေသော်လည်း ရေရှည်တွင် အချို့သော အမျိုးအစားအဖွဲ့များသည် အခြားအမျိုးအစားတစ်ခုသို့ ပြောင်းလဲခြင်း သို့မဟုတ် အမျိုးအစားအသစ်တစ်မျိုးအဖြစ် ပေါင်းစည်းမိခြင်းမျိုးလည်း ဖြစ်ပေါ်လာနိုင်သည်။

တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) သည် ‘အများပါဝင်သော တွေ့ဆုံဆွေးနွေးမှုများ’  (Inclusive Dialo-gue) နှင့် ‘ တည်ငြိမ်မှု အသစ်သို့ ပြည်သူအများပါဝင်သော အသွင်ကူးပြောင်းရေး’ (Participatory Transition to New Normalcy) အတွက် အရေးကြီးသော ]နယ်မြေခံ ဒေသန္တရအဆင့်အရေး သက်ဆိုင်သူများ’ (Local Stakeholders) များ ဖြစ်သည်။

သို့သော် ပြည်တွင်း မြေပေါ် နိုင်ငံရေးပါတီများနှင့် EAOs များ အကြား ဆက်သွယ်ရေးများ (Communications) သည် ဥပဒေအရ ‘တရားဝင်’ (Legal) ဖြစ်နေရန် သို့မဟုတ် အနည်းဆုံးအနေဖြင့်

‘တရားဝင်ဖြစ်စေရန် ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်အတွင်း’ (Still in the Process of Legalization) ဖြစ်နေရန် လတ်တလောအရ လိုအပ်နေသည်။

ခေတ်ပြိုင် နိုင်ငံတကာအခြေအနေ

လတ်တလော နိုင်ငံတကာ ပဋိ ပက္ခများကြောင့် ကမ္ဘာသည် -

(၁) အနောက်အုပ်စု၊

(၂) ဒုတိယမျိုးဆက် အရှေ့အုပ်စု သစ်၊

(၃) ဒုတိယမျိုးဆက် ကြားနေ/ဘက် မလိုက်အုပ်စုသစ် ဟု သုံးမျိုး အနည်းဆုံး ကွဲပြားနေသည်။

ဒုတိယစစ်အေး (Cold War 2.0) ကြောင့် မြန်မာအင်အားစု အသီးသီး၏ နိုင်ငံတကာ ဆက်ဆံ ရေးများသည် ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်မှုများ၏ ‘လက်အောက်ခံ နယ်ရုပ်များ’ (Subordinated Pawns) အဆင့်အထိသို့ ကျဆင်းမသွားစေရန် ထိန်းသိမ်းကာကွယ်ရေးသည်

‘နိုင်ငံတော်အကျိုးစီးပွား (၀ါ) အမျိုးသားအကျိုးစီးပွား’ (National Interest) အတွက် အထူးအရေးကြီးသည်။

သို့သော်လည်း အချို့သော အင်အားစုများအတွက် ယင်းကဲ့သို့ ဖြစ်စဉ်မျိုးကို တားဆီးနိုင်စွမ်း ရှိလာမည်မဟုတ်ပါ။

ပြည်တွင်း မြေပေါ်နိုင်ငံရေးပါတီများ အပါအဝင် မြန်မာ့အရေးအင်အားစုအမျိုးအစားများအနေဖြင့် ယခုဖြစ်ပွားနေဆဲ ကမ္ဘာ့ဒုတိယစစ်အေး၏ လောင်းရိပ်များနှင့် အကျိုးဆက် ရိုက်ခတ်မှုများ (Impacts) များအောက်မှ ကျော်လွန်ဖောက်ထွက်နိုင်ရန်နှင့် လက်အောက်ခံ နယ်ရုပ်များအဆင့်မှ ရုန်းထွက်လွန်မြောက်နိုင်ရန်တို့မှာ သက်ဆိုင်ရာ အင်အားစုများက တရားဝင်ကိုယ်စားပြုထားသော ပြည်သူအမျိုးအစားတိုင်း၏ ရေရှည်အကျိုးစီးပွားအတွက်ပါ လိုအပ်နေသည်။   

Most Read

Most Recent