လက်ရှိတွင် ကုန်ထုတ်လုပ်မှု အမြန်ဆုံးနှုန်းဖြင့် ဆုတ်ယုတ်နေပြီး လာမည့်တစ်နှစ်အတွင်းထုတ်လုပ်မှု တန့်နေနိုင်သေးသည့် မြန်မာ့ကုန်ထုတ်လုပ်ငန်းများ

လက်ရှိတွင် ကုန်ထုတ်လုပ်မှု အမြန်ဆုံးနှုန်းဖြင့် ဆုတ်ယုတ်နေပြီး လာမည့်တစ်နှစ်အတွင်းထုတ်လုပ်မှု တန့်နေနိုင်သေးသည့် မြန်မာ့ကုန်ထုတ်လုပ်ငန်းများ
ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်ခုကို တွေ့ရစဉ်
ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်ခုကို တွေ့ရစဉ်
Published 7 August 2022

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ် ရေးအခြေအနေများ ကိုးလအထိ အမြန်ဆုံးနှုန်းဖြင့် ဆုတ်ယုတ်လာ ကြောင်း သြဂုတ် ၁ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် S&P Global မြန် မာကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းများ စစ်တမ်းတွင် ဖော်ပြထားသည်။

အဓိကအားဖြင့် လုပ်ငန်းများက ထုတ်လုပ်မှုနှင့် အော်ဒါသစ်များ လျင်မြန်စွာ ကျဆင်းလာကြောင်း အချက်ပြလာခြင်း၊ ရှစ်လအတွင်း ပထမဆုံးအကြိမ် လုပ်သားအင်အား လျော့ကျလာခြင်းတို့ကို ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုသည် ကိုးလအထိ အမြန်ဆုံးနှုန်းဖြင့် ဆုတ်ယုတ်လာခဲ့ရာ ပြီးခဲ့သည့် ဇူလိုင်လတွင် ပိုမြန်သည့်နှုန်းဖြင့် ကျဆင်းလာခဲ့ခြင်းဖြစ်ကြောင်း သြဂုတ်လ ၁ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် S&P Global မြန်မာကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းတွင် ဖော်ပြထားသည်။

ဇူလိုင်လတွင် မြန်မာနိုင်ငံ ကုန် ထုတ်လုပ်ရေးကဏ္ဍတစ်ဝန်းရှိ လုပ်ငန်းအခြေအနေများ သုံးလဆက်တိုက် ကျဆင်းလာနေကြောင်း၊ ထို့ပြင် ကျဆင်းမှုအရှိန်မှာ ဇွန်လတွင် ကြုံတွေ့ခဲ့ရသည့်အရှိန်ထက် မြန်ဆန်လာခဲ့ကြောင်း၊ ထုတ်လုပ်မှုနှင့် အော်ဒါသစ်များ ပို၍ မြန်မြန်ဆန်ဆန်ကျဆင်းလာခဲ့ခြင်းက အားကောင်းသောကျဆင်းမှုကို တစ်စိတ် တစ်ဒေသအားဖြင့် တွန်းအားဖြစ်စေခဲ့ကြောင်း သိရသည်။

ထို့ပြင် ကဏ္ဍတစ်ဝန်းရှိ အလုပ်ခန့် ထားမှုများမှာ ရှစ်လတာအတွင်း ပထမဆုံးအကြိမ်အဖြစ် ကျဆင်းလာခဲ့ကြောင်း ဖော်ပြထားသည်။

“ဇူလိုင်လရဲ့ နောက်ဆုံးရ PMI ကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်ရေးကဏ္ဍက တတိယ သုံးလပတ်အစမှာ ဆက်ပြီး အားနည်းနေဆဲဖြစ်ကြောင်း ပြသခဲ့ပါတယ်။ ဝယ်သူတွေရဲ့ ငွေကြေးဆိုင်ရာ ကန့်သတ်ချက်တွေ၊ ကုန်ပစ္စည်း ပြတ်လပ်မှုတွေနဲ့ ပစ္စည်းပေးသွင်းသူ တွေရဲ့ စရိတ်စက မြင့်တက်မှုတွေက ထုတ်လုပ်မှုနဲ့ အော်ဒါသစ်နှစ်ရပ်စလုံး ပိုပြီး မြန်မြန်ဆန်ဆန်ကျဆင်းလာမှုနဲ့ ဆက်စပ်နေပါတယ်။ ဒါ့အပြင်ရှစ်လအတွင်း ပထမဆုံးအကြိမ်အဖြစ် ဝန်ထမ်းဦးရေ လျော့ကျခဲ့ပြီး ဝယ်ယူရေးလုပ်ငန်းများလည်း ပိုပြီးမြန်ဆန်တဲ့နှုန်းနဲ့ ကျဆင်းလာခဲ့ပါတယ်ဟု S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောကြားခဲ့သည်။

စျေးနှုန်းများနှင့်ပတ်သက်၍ ဇူလိုင်လအတွင်း ငွေကြေးဖောင်းပွမှုဖိအားများ သိသိသာသာငြိမ်သက်နေကြောင်း မြင်ခဲ့ကြရသည့်တိုင် ထုတ်လုပ်မှုစရိတ်များနှင့် ရောင်းစျေးများမှာ ခြုံကြည့်လျှင် ဆက်လက်တိုးလာနေဆဲဖြစ်သည်။

ထုတ်လုပ်မှုစွမ်းဆောင်ရည်ကို ပြသည့် ပေါင်းစပ်အညွှန်းကိန်းတစ် ခုဖြစ်သည့် အဓိက S&P Global မြန်မာကုန်ထုတ်လုပ်မှု PMI သည် ဇွန်လတွင် ၄၈ ဒသမ ၂ ရှိရာမှ ဇူလိုင်လတွင် ၄၆ ဒသမ ၅ သို့ ကျဆင်းသွားရာ ကဏ္ဍ၏ အခြေအနေများ သုံးလဆက်တိုက် ကျဆင်းသွားကြောင်းကို ပြသလိုက်ခြင်းဖြစ်သည်။

ထို့ပြင် ကျဆင်းမှုနှုန်းမှာ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှစ၍ အလျင်မြန်ဆုံး ကျဆင်းမှုအဖြစ် တွေ့မြင်ခဲ့ရသည်ဟုလည်း ဖော်ပြထားသည်။

ထုတ်လုပ်မှုပမာဏများမှာ ဇူလိုင်လတွင် ပိုမြန်သည့်နှုန်းဖြင့် ကျဆင်းလာပြီး စက်ရုံအော်ဒါများ ကျဆင်းမှုနှုန်းမှာလည်း အရှိန်ရလာခဲ့သည်။ ဝယ်သူများ၏ ငွေကြေးဆိုင်ရ ာ ကန့်သတ်ချက်များက အော်ဒါအသစ်များရရှိမှုအပေါ် ဖိစီးခဲ့ကြောင်း အဖွဲ့ဝင်များက မကြာခဏ အလေးပေးထောက်ပြခဲ့ကြသည်။

ထို့ပြင် လက်ရှိဖြစ်ပေါ်နေသည့်  ပစ္စည်းပြတ်လပ်မှုများနှင့် ပစ္စည်းပေးသွင်းသူများ၏ စရိတ်စက မြင့်တက်လာမှုများက ထုတ်လုပ်မှုပမာဏများကို ရှေ့ဆက်လျော့ကျစေပြီး ရံဖန်ရံခါအားဖြင့် ယာယီစက်ရုံ ပိတ်ထားရမှုများပင် ဖြစ်လာစေခဲ့သည်။

ထုတ်လုပ်ရေးလိုအပ်ချက်များ  ကျဆင်းလာသည်နှင့်အမျှ လုပ်ငန်းများက ဇူလိုင်လအတွင်း ၎င်းတို့၏ ဝန်ထမ်းအင်အား လျှော့ချခဲ့သည်။

အလုပ်အကိုင်လျှော့ချသည့်နှုန်းမှာ အသင့်အတင့်မျှသာ ဖြစ်သော်လည်း ၎င်းက ခုနစ်လဆက်တိုက်အလုပ်ခန့်ထားမှုနှုန်း မြင့်တက်လာခြင်းကို အဆုံးသတ်စေခဲ့သည်။

လုပ်ငန်းအများစု ဝန်ထမ်းအင်အား အပြောင်းအလဲမရှိကြောင်း အစီရင်ခံခဲ့ကြသော်လည်း ဝန်ထမ်းအင်အားလျော့သွားသည့်လုပ်ငန်းများက ယင်းမှာ ဝန်ထမ်းများအကြား လစာဆိုင်ရာ မကျေနပ်မှုများနှင့် အော်ဒါမှာယူမှုပမာဏ ကျဆင်းမှုများနှင့် ဆက်စပ်ကြောင်း ဖော်ပြကြသည်ဟု သိရသည်။

“ဝယ်သူတွေရဲ့ ငွေကြေးဆိုင်ရာကန့်သတ်ချက်တွေ၊ ကုန်ပစ္စည်း ပြတ်လပ်မှုတွေနဲ့ ပစ္စည်းပေးသွင်းသူတွေရဲ့ စရိတ်စက မြင့်တက်မှုတွေက ထုတ်လုပ်မှုနဲ့ အော်ဒါသစ်နှစ်ရပ်စလုံး ပိုပြီး မြန်မြန်ဆန်ဆန်ကျဆင်းလာမှုနဲ့ ဆက်စပ်နေပါတယ်။ ဒါ့အပြင်ရှစ်လအတွင်း ပထမဆုံးအကြိမ် အဖြစ် ဝန်ထမ်းဦးရေ လျော့ကျခဲ့ပြီး ဝယ်ယူရေးလုပ်ငန်းများလည်း ပိုပြီး မြန်ဆန်တဲ့နှုန်းနဲ့ ကျဆင်းလာခဲ့ပါတယ်”ဟု S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Balunch က ပြောကြားခဲ့သည်။

ဆက်လက်၍ ဇူလိုင်လတွင် ကဏ္ဍတစ်ဝန်း၌ လက်ကျန်အလုပ်များ ဆက်လက်မြင့်တက်လာပြီး ထုတ်လုပ်နိုင်သည့်စွမ်းအားအပေါ် ဖိအားများ ဆက်လက်ရှိနေသည့် လက္ခဏာများ ရှိနေသည့်တိုင် ယခုလတွင် စုပြုံလာမှုနှုန်းမှာ များစွာသက်သာလာခဲ့ကြောင်း၊ နောက်ဆုံး အညွှန်းကိန်းက ပြီးဆုံးရန်ကျန်ရှိနေသည့် လုပ်ငန်းများပမာဏမှာ ၁၇ လတာအတွင်း အညင်သာဆုံး ထိုးတက်မှုဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ထုတ်လုပ်မှုပမာဏများ ကျဆင်းလာသည်ကို တုံ့ပြန်သည့်အနေဖြင့် လုပ်ငန်းများက ဝယ်ယူရေး လုပ်ငန်းများနှင့် ကုန်လက်ကျန်စာရင်းများကိုလည်း ဆက်လက်လျှော့ချပစ်ခဲ့ကြသည်။ နောက်ဆုံးစစ်တမ်းဒေတာက ၁၀ လ အတွင်း ဝယ်ယူမှုပမာဏများ အသိသာဆုံးကျ ဆင်းခဲ့ကြောင်း မီးမောင်းထိုးပြခဲ့သည်။ ထို့ပြင် ထုတ်လုပ်မှုအကြိုနှင့်  ထုတ်လုပ်မှုအပြီး ကုန်လက်ကျန် စာရင်းနှစ်ရပ်လုံး ကျဆင်းမှုနှုန်းမှာ သမိုင်းစဉ်ဒေသတစ်လျှောက်တွင် ဆက်လက်ထင်ရှားနေမြဲဖြစ်သည်။

ဇူလိုင်လတွင် စျေးနှုန်းများကို ကြည့်ပါက ကုန်ကျစရိတ်ဖိအားများမှာ ယခုတွင် ပြေလျော့လာသည့် တိုင် မြင့်မားနေဆဲဖြစ်သည်။ ကုန်ကြမ်းစရိတ်များ မြင့်မားမှု၊ သွင်းကုန်ရှားပါးမှုနှင့်ဆိုးရွားသော ကျပ်ငွေ ဒေါ်လာလဲလှယ်နှုန်း မတည်ငြိမ်မှု အစုစုတို့က နောက်ဆုံးမြင့်တက်လာသည့် ကုန်ကျစရိတ်များနှင့် ဆက် စပ်နေခဲ့ကြောင်း၊ သို့သော်လည်း သွင်းကုန်စရိတ် ဖောင်းပွမှုနှုန်းက ခြောက်လတာအတွင်း အနိမ့်ဆုံးသို့ ကျဆင်းလာပြီး ရောင်းစျေးများမှာ ပြီးခဲ့သည့်ဒီဇင်ဘာလနောက်ပိုင်း အညင်သာဆုံးနှုန်းဖြင့် တိုးလာခဲ့သည်ဟု ဖော်ပြထားသည်။

ကုန်ကြမ်းပစ္စည်းပြတ်လပ်မှုများက နှစ်နှစ်နီးပါးကြာ ယိုယွင်းလာနေခဲ့သော ပစ္စည်းပေးသွင်းသူ စွမ်းဆောင်ရည်အပေါ်တွင်လည်း သက်ရောက်မှုရှိခဲ့သည်။

အော်ဒါလက်ခံချိန်နှင့် ပစ္စည်းပေးပို့မှုကြား ကြာမြင့်ချိန်များ ရှည် ကြာလာသည့်နှုန်းမှာ ငါးလအတွင်း အားအပျော့ဆုံး ဖြစ်သည့်တိုင် ခြုံ ကြည့်လျှင် သိသာနေခဲ့ကြောင်း သိရသည်။

နောက်ဆုံးစစ်တမ်းက လုပ်ငန်းအပေါ် ယုံကြည်ချက်မှာ နိမ့်ကျနေဆဲဖြစ်ကြောင်းကိုလည်း ပြသခဲ့ကြောင်း၊ ခြုံကြည့်လျှင် ဝယ်လိုအား ပျော့နေသော အခြေအနေများနှင့် သိသာသည့် စရိတ်စကဖိအားများအကြား လာမည့် ၁၂လအတွင်း ထုတ်လုပ်မှုတန့်နေလိမ့်မည်ဖြစ်ကြောင်း အဖွဲ့ဝင်များက မျှော်မှန်း ထားကြသည်။

“ကြာရှည်နေပြီဖြစ်တဲ့ နိုင်ငံ ရေးကသောင်းကနင်းဖြစ်မှုက နိုင်ငံကို ဆက်ပြီးဖိစီးနေသလို စက်ရုံပိတ်သိမ်းမှုတွေ၊ ပစ္စည်းရှားပါးမှုတွေအကြောင်း အဖွဲ့ဝင်တွေက မကြာခဏ အစီရင်ခံနေကြပြီး ကုန်ထုတ်လုပ်ရေးကဏ္ဍအပေါ် သက်ရောက်မှုကလည်း ဆက်ပြီးပြင်းထန်နေဆဲဖြစ်ပါတယ်” ဟု S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က မှတ်ချက်ပြု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ကုန်ထုတ်လုပ်မှုကဏ္ဍ၏အလားအလာများ အဘက်ဘက်မှ အားပျော့နေခြင်းက လာမည့် ၁၂ လအတွင်း ထုတ်လုပ်မှုနှင့် စပ်လျဉ်းသည့် ယုံကြည်မှုမှာ  ဆက်လက်နိမ့်ကျနေသည့်သဘောဖြစ်ပြီး ယေဘုယျအားဖြင့် အဖွဲ့ဝင်များက ထုတ်လုပ်မှုပမာဏ တိုးလာမည်မဟုတ်ကြောင်း မျှော်မှန်းထားကြသည်ဟု စစ်တမ်းတွင် ဖော်ပြထားသည်။

ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွား ရေးစောင့်ကြည့်လေ့လာမှု အစီရင်ခံစာအရ စီးပွားရေးကဏ္ဍတစ်ခုလုံးတွင်  စိန်ခေါ်မှုများဖြင့် ပြည့်နှက်နေသော်လည်း ကဏ္ဍအချို့တွင် လွန်ခဲ့သည့် ၁၂ လအတွင်း တည်ငြိမ်မှု လမ်းစပေါ်ရောက်ရှိ သို့မဟုတ် ပြန်လည်သက်ဝင်မှုရှိလာသည်ကို မြင်တွေ့ရသည့်အတွက် ယခုနှစ်အတွက် စီးပွားရေးတိုးတက်မှုသည် မပြောပလောက်သည့် အနည်းငယ်သောနှုန်းဖြင့် သွားနေသည်ဟု ခန့်မှန်းထားသည်။

“အခက်အခဲ အတားအဆီးတွေ ကြီးမားနေတာကို တွေ့ရှိရပေမဲ့ လွန်ခဲ့တဲ့ ၁၂ လအတွင်း နေရာအချို့မှာ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်စတင်အသက်ဝင်လာတာကို ကြည့်မယ်ဆိုရင် မြန်မာ့စီးပွားရေးလုပ်ငန်းတွေရဲ့ ကြံ့ကြံ့ခံရှင်သန်ကျော် ဖြတ်နိုင်စွမ်းကို မြင်နိုင်ပါတယ်”ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းစီးပွားရေးပညာရှင် ကင်မ်အဒ်ဝဒ်က ပြောကြားသည်။

စစ်တမ်းကောက်ယူရာတွင် ၂၀၂၁ ခုနှစ်ကထက် ၂၀၂၂ ခုနှစ်တွင် ၎င်းတို့ ပိုမိုလုပ်ဆောင်နေကြရကြောင်း အစီရင်ခံသည့် စီးပွားရေးလုပ်ငန်းအချို့ရှိသည်။ အထူးသဖြင့် ကုန်ထုတ်လုပ်ရေးကဏ္ဍနှင့် ပြည်ပပို့ကုန်ထုတ်ကုန်များ ပြန်လည်လှုပ်ရှားမှုရှိလာသည်။ ကာလကြာရှည် ရပ်ဆိုင်းခဲ့ရသည့်စီမံကိန်းများ ပြန်လည်စတင်လာသောကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည်ထူထောင်လာခဲ့ကြောင်း၊ လုပ်ငန်းခွင်လုပ်ရှားသွားလာမှုမြင့်တက်လာခြင်း၊ လက်လီဆိုင်ကြီးများနှင့် သယ်ယူပို့ဆောင်ရေးဂိတ်များကြောင့် လုပ်ငန်းများ ပြန်လည်သက်ဝင် လှုပ်ရှားလာခဲ့သော်လည်း ဝယ်ယူသုံးစွဲနိုင်မှုဆိုင်ရာညွှန်းကိန်းများမှာမူ အားနည်းနေဆဲဖြစ်ကြောင်း  ဖော်ပြထားသည်။

“ဒါပေမဲ့ စက်မှုလုပ်ငန်းတွေ က ပြည်တွင်းဝယ်လိုအားကို မှီခိုနေရတဲ့အတွက် အိမ်ထောင်စုဝင်ငွေ လျော့ကျလာခြင်းနဲ့ ကုန်စျေးနှုန်းကြီးမြင့်လာခြင်းစတဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတဲ့အပြင် စိုက်ပျိုးရေးထုတ်ကုန်များမှာလည်း သွင်းအားစုစျေးနှုန်းများ သယ်ယူပို့ဆောင်ရေးအခက်အခဲနဲ့ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတို့ရဲ့ဒဏ်ကို ခါးစည်းခံနေရဆဲဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာ့စီးပွားရေးသည် ထိလွယ်ရှလွယ် အကဲဆတ်နေပြီး ပြုပြင်ပြောင်းလဲမှုများ  နောက်ကြောင်းပြန်လှည့်နေသည့်အတွက် စီးပွားရေးမျှော်မှန်းချက်မှာ အားနည်းလျက်ရှိကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့် လေ့လာမှုအစီရင်ခံစာတွင် ဖော်ပြထားသည်။

Most Read

Most Recent