တရုတ်-ထိုင်ဝမ် တင်းမာမှုက စစ်ရေးပဋိပက္ခဖြစ်လာစေနိုင်သလား 

တရုတ်-ထိုင်ဝမ် တင်းမာမှုက စစ်ရေးပဋိပက္ခဖြစ်လာစေနိုင်သလား 
သြဂုတ် ၃ ရက်က အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ (လယ်-ဝဲ)နှင့် ထိုင်ဝမ်သမ္မတ ဆန်အင်းဝမ်တို့ တိုင်ပေတွင်ပြုလုပ်သည့် အစည်းအဝေးသို့ သွားရောက်နေစဉ် (Photo:AP)
သြဂုတ် ၃ ရက်က အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ (လယ်-ဝဲ)နှင့် ထိုင်ဝမ်သမ္မတ ဆန်အင်းဝမ်တို့ တိုင်ပေတွင်ပြုလုပ်သည့် အစည်းအဝေးသို့ သွားရောက်နေစဉ် (Photo:AP)
Published 5 August 2022
နရီမင်း

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီသည် ထိုင်ဝမ်သို့ လာရောက်ပြီး နောက်တွင် တရုတ်နိုင်ငံသည် ကျွန်းအနီးတွင် မကြုံစဖူး စစ်ရေးလေ့ကျင့်မှု ပြုလုပ်ရန် အစီအစဉ်များကို ထုတ်ဖော်ခဲ့ရာ ထိုင်ဝမ်ရေလက်ကြားတွင် အကျပ်အတည်းဖြစ်လာမည်ကို စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့သည်။

ထိုင်ဝမ်ကို ခွဲထွက်ပြည်နယ်တစ်ခုအဖြစ်ရှုမြင်သည့် တရုတ်၏ ဆက်တိုက်ခြိမ်းခြောက်မှုများကို တုံ့ပြန်သည့်အနေဖြင့် နန်စီပလိုစီသည် ယခုသီတင်းပတ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိထားသည့် ကျွန်းသို့ သွားရောက်ခဲ့ရာ ယင်းခရီးစဉ်ကို ကြီးမားသော ရန်စမှုတစ်ခုအဖြစ် မှတ်ယူမည်ဟု တရုတ်က သတိပေးခဲ့ ခြင်းဖြစ်သည်။

ထိုင်ဝမ်ရေလက်ကြားတွင် တင်းမာမှုများ တအုံနွေးနွေးဖြစ်နေချိန်တွင် တရုတ်အတွက် လက်ငင်းပြဿနာကား အဘယ်နည်း။ လူအများအနေဖြင့် မည်သို့မည်ပုံ စိုးရိမ်စရာ ကောင်းသနည်း။

နန်စီပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်ကို တရုတ်နိုင်ငံက မည်သို့တုံ့ပြန်ခဲ့သနည်း။

ထိုင်ဝမ်အနီးတွင် ပူးတွဲလေကြောင်းနှင့် ပင်လယ်ရေကြောင်း စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်ကြောင်းနှင့် ထိုင်ဝမ်အရှေ့ ဘက်ပင်လယ်ပြင်တွင် သမားရိုးကျ ဒုံးကျည်များကို စမ်းသပ်ပစ်လွှတ်မည်ဖြစ်ကြောင်း တရုတ်စစ်တပ်က ကြေညာခဲ့သည်။ တရုတ်နိုင်ငံပိုင်မီဒီယာ၏ အဆိုအရ တိုက်ရိုက်ပစ်ခတ်လေ့ကျင့်မှု ခြောက်ခုအနက် သုံးခုကျ ရောက်မည့် နေရာသည် ထိုင်ဝမ်က ၎င်းတို့၏ပိုင်နက်ဟု အခိုင်အမာဆိုထားသည့် ပင်လယ်ပြင်အတွင်း ရှိနေမည်ဖြစ်သည်။ ကြာသပ တေးနေ့တွင် စတင်မည့် စစ်ရေးလေ့ကျင့် မှုမတိုင်မီတွင် တရုတ်စစ်လေယာဉ် ၂၇ စင်းသည် ၎င်း၏ လေကြောင်းရန် ကာကွယ်ရေးဇုန်သို့ ဝင်ရောက်ခဲ့ကြောင်း ထိုင်ဝမ်က ပြောကြားခဲ့သည်။

ထိုင်ဝမ်သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏တစ်စိတ်တစ်ပိုင်း မည်သည့်အခါကမျှ ဖြစ်ခဲ့ဖူးခြင်း မရှိသောကြောင့် လွတ်လပ်ရေးကြေညာရန် မလိုအပ်ဘဲ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခု ဖြစ်နေနှင့်ပြီးပြီဟု ထိုင်ဝမ်က ဆိုသည်။ လက်ရှိအနေအထား၏ ဘေးကင်းမှုကို ထိန်းသိမ်းလိုပြီး ပဋိပက္ခကို မလိုလားသော်လည်း ၎င်းတို့အနေဖြင့် မိမိကိုယ်ကိုယ် ခုခံကာကွယ်မည်ဟု ထိုင်ဝမ်က ပြောကြားထားသည်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက တရုတ်က စီစဉ်ထားသည့် စစ်ရေးလေ့ကျင့်မှုအား ထိုင်ဝမ်ကို ဝေဟင်နှင့် ရေကြောင်းမှ ပိတ်ဆို့ခြင်းဟု ခေါ်ဆိုခဲ့သည်။

“ပိတ်ဆို့တားဆီးမှုတစ်ရပ် ဖြစ်စေတဲ့ လုပ်ရပ်ကြီးတစ်ခုဟာ တရားဝင်စစ်ပွဲပြုမှု တစ်ရပ်ပါပဲ”ဟု အင်ဒို-ပစိဖိတ် ကာကွယ်ရေးမူဝါဒရေးရာ ကျွမ်းကျင်သူ ဘလိတ်ဟာဇင်ဂါက ပြောကြားခဲ့သည်။ “ဒီအချိန်က နောက် ထပ်အရာတွေ ထပ်ပြီးမီးမွှေးဖို့ အချိန်မဟုတ် ဘူးဆိုတာ ထိုင်ဝမ်ကို အချက်ပြဖို့ လိုတယ်လို့ ကျွန်တော် ထင်ပါတယ်”ဟုလည်း ၎င်းက ဆိုသည်။

ယခုသီတင်းပတ်အတွင်း ထိုင်ဝမ်တွင် ဆိုက်ဘာတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေပြီး မည်သူ့တွင် တာဝန်ရှိကြောင်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ထိုင်ဝမ်၏ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်သည့် တရုတ်နိုင်ငံသည်လည်း ထိုင်ဝမ်ကျွန်းမှ တင်သွင်းမှုအများ အပြားကို ဆိုင်းငံ့ထားသည်။

 

တရုတ်၏ စစ်ရေးလေ့ကျင့်မှုက မည်မျှထိ စိုးရိမ်စရာကောင်းသနည်း။

အမေရိကန်ရော တရုတ်ပါ တင်းမာမှုကို စစ်ပွဲအထိ အရှိန်မြှင့်ရန် လိုလားမှုရှိမည် မဟုတ်ကြောင်း ကျွမ်းကျင်သူတို့က သဘောတူကြသည်။ Australian Strategic Policy Institute မှ အမှုဆောင်ဒါရိုက်တာ ဂျက်စတင် ဘက်စီက တရုတ်၏ စစ်ရေးလေ့ကျင့်မှုသည် အမေရိကန်ဘက်က မြှင့်တင်လာမှုကို ရှောင်ရှားရန်အတွက် စံကိုက်ချိန်ညှိခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။

တရုတ်၏ ‘အနီရောင်မျဉ်း’ ဖြစ်သည့် ထိုင်ဝမ်၏ လွတ်လပ်ရေးကို ထောက်ခံကြောင်း မဖော်ပြမိရန် အမေရိကန်သည် အလွန်သတိထားခဲ့ကြောင်း ဟာဇင်ဂါက ပြောကြားခဲ့သည်။

“ထိုင်ဝမ်နဲ့ အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံမှုမှာ ထိုင်ဝမ်ကို ထောက်ခံအားပေးပေမဲ့ ပိုမိုကြီးမားတဲ့ ပဋိပက္ခဖြစ်စေမယ့် တစ်ခုခုကို လုပ်ဖို့ ထိုင်ဝမ်ကို ရဲဆေးတင်ပေးတာမျိုး မဖြစ်အောင် သူတို့အနေနဲ့ မှန်ကန်တဲ့ မျှခြေရှာဖွေရေးကို အမြဲသတိထားပါတယ်”ဟု ၎င်းက ဆိုသည်။

Crisis Group အဖွဲ့မှ တရုတ်နိုင်ငံရေးရာ အကြီးတန်းသုံးသပ်သူ အမန်ဒါရှောင်က တရုတ်၏ စစ်ရေးတိုးမြှင့်လာမှုနှင့် ပတ်သက်၍ ယင်းသည် မထင်မှတ်သည့် တုံ့ပြန်မှုမဟုတ်ကြောင်း ပြောကြားခဲ့သည်။

“နန်စီပလိုစီရဲ့ ခရီးစဉ်ကို ဘေဂျင်းက ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြဖို့ ကြိုးစားနေပါတယ်။ သဘောကတော့ အခု ရွေးချယ်လိုက်တဲ့ စစ်ရေးအရ တုံ့ပြန်မှုဟာ ထိုင်ဝမ်တစ်ဝိုက်မှာ အရင်က လုပ်ဆောင်ခဲ့တဲ့ စစ်ရေးလှုပ်ရှားမှု တွေထက် သိသိသာသာ တိုးမြှင့်လိုက်ဖို့နဲ့ အခြေခံမျဉ်းကို အတော့်ကို တိုးမြှင့်လိုက်ဖို့ ဆိုတာပါပဲ”ဟု ၎င်းက ပြောကြားခဲ့သည်။

“စစ်ရေးလေ့ကျင့်မှုရဲ့ ရည်ရွယ်ချက်က ကိုယ့်ရပ်တည်မှုအနေအထားနဲ့ စစ်အင်အားကို ပြသဖို့ ပိုဖြစ်နိုင်တယ်လို့ ကျွန်မထင်ပါတယ်”ဟုလည်း ၎င်းက ဆိုသည်။

 

ယခင်က ယခုကဲ့သို့ အခြေအနေ တင်းမာခဲ့ဖူးသလား။

မကြာသေးမီက (၁၉၉၅ ခုနှစ်တွင်) ထိုင်ဝမ်ရေလက်ကြား၌ အကျပ်အတည်းများစွာ ဖြစ်ပွားခဲ့သည်။ ထိုအဖြစ်အပျက်ကို ထိုင်ဝမ်ရေလက်ကြားအရေးအခင်းဟု လူသိများပြီး ယင်းနောက်တွင် ၎င်း၏ ပထမဆုံး ဒီမိုကရေစီသမ္မတရွေးကောက်ပွဲများကို ကျင်းပမည်ဟု ထိုင်ဝမ်က ကြေညာခဲ့သည်။ ထိုင်ဝမ် ဆိပ်ကမ်းများမှ ၃၅ မိုင်အကွာသို့ ဒုံးကျည်များ ပစ်ခတ်ခြင်းအပါအဝင် လပေါင်းများစွာ စစ် ရေးလေ့ကျင့်မှုများဖြင့် တရုတ်က သူ၏ စစ်အင်အားကို ထုတ်ပြခဲ့သည်။

ထိုင်ဝမ်ရေလက်ကြားတွင် စစ်ရေးပြသမှု သမိုင်းကြောင်း ရှိသော်လည်း ပလိုစီ၏ ခရီးစဉ်ကို တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံက ယခုတစ်ကြိမ်တွင် ထိုင်ဝမ်ကျွန်းနှင့် ပိုမိုနီးကပ်အောင်  စီစဉ်ထားသည့် ဒုံးကျည်စမ်းသပ်မှုများ ပြုလုပ်မည့်ပုံပေါ်သည်ဟု ရှောင်က ပြောကြားခဲ့သည်။

 

တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်အတွက် လတ်တလောပြဿနာကား အဘယ်နည်း။

၂၀၁၂ ခုနှစ်တွင် ရှီ အာဏာရလာကတည်းက ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းရေးသည် ၎င်း၏ အစီအစဉ်တွင် မြင့်မားသောအကြောင်းအရာဖြစ်ကြောင်း ရှင်းလင်းစွာ ပြောကြားခဲ့သည်။ ပလိုစီ၏ ခရီးစဉ်အပေါ် ရှီ၏ တုံ့ပြန်မှုသည် အာဏာကျင့်သုံးရေးကိစ္စ အကြောင်း ဖြစ်သောကြောင့် တရုတ်ပြည် တွင်းရေးကိစ္စများအကြောင်းထက် များစွာပိုနိုင်ဖွယ်ရှိသည်ဟု ကျွမ်းကျင်သူအချို့က ပြော ကြားခဲ့သည်။ တရုတ်ပြည်မကြီးသည် ဆန္ဒပြပွဲများကို လှုံ့ဆော်ပေးသည့် ပိုင်ဆိုင်မှုဖော် ပြရေးအကျပ်အတည်းနှင့် ၎င်း၏ တင်းကျပ်သော ကိုဗစ်-သုညမူဝါဒနှင့် ဆက်လက်ပိတ် ဆို့ထားမှုများကြောင့် ဖြစ်ပေါ်သော စီးပွားရေးနှေးကွေးမှုများအတွက် ဒုက္ခတွေ့လျက်ရှိသည်။

“ပလိုစီရဲ့ လာရောက်မှုကို ကြုံလာတဲ့အခါ ပြည်တွင်းရေးပြဿနာတွေကနေ မှန်ဘီလူးကို လှည့်ပြီး အာရုံပြောင်းတဲ့နည်းလမ်း အဖြစ် အပြင်ဘက်ကို အာရုံစိုက်သွားကြစေဖို့ ရှီကျင့်ဖျင်အတွက် အခွင့်အရေးတစ်ရပ် ဖြစ်နိုင်ပါတယ်”ဟု သြစတြေးလျနိုင်ငံ Lowy Institute မှ သုတေသီ ဂျက်နီဖာဆူးက ပြောကြားခဲ့သည်။

Deakin တက္ကသိုလ်မှ တရုတ်နိုင်ငံခြား ရေးမူဝါဒကျွမ်းကျင်သူ ဂျိတ်ဂွမ်၏ အဆိုအရ ထိုင်ဝမ်နှင့် အမေရိကန်ကို ဆန့်ကျင်သည့် ရှီ၏ လုပ်ဆောင်ချက်များသည် လာမည့်အကြိမ် ၂၀ မြောက် အမျိုးသားညီလာခံတွင် သြဇာလွှမ်းမိုးနိုင်ဖွယ်ရှိကြောင်း သိရသည်။ အမျိုးသားညီလာခံသည် အဓိက ခေါင်းဆောင်ပိုင်းအပြောင်းအလဲများကို ကြေညာရန် ငါးနှစ်တစ်ကြိမ် ပြုလုပ်သည့် အစည်းအဝေးလည်း ဖြစ်သည်။

“(ရှီ) က သူ့ကိုယ်သူ တရုတ်ရဲ့ အချုပ်အခြာအာဏာနဲ့ ပိုင်နက်နယ်မြေ တည်တံ့ခိုင်မြဲရေးကို အကာအကွယ်ပေးသူအဖြစ် ထိုးတင်ထားတာပါ။ အဲ့ဒီမှာ ထိုင်ဝမ်က အဓိကအပိုင်း ဖြစ်နေပါတယ်” ဟု ဂွမ်က ပြောကြားခဲ့သည်။

“ဒါကြောင့် ရှီရဲ့ အစိုးရအဖွဲ့ဟာ (အမျိုးသားညီလာခံ) မတိုင်ခင် အားနည်းနေတာမျိုးကို မြင်တွေ့ရဖို့ကတော့ မဖြစ်နိုင်သေးပါဘူး။” ဟု ၎င်းက ဆိုသည်။   

                                                                                                                  Ref: The Guardian

 

Most Read

Most Recent