သီရိလင်္ကာတွင် စစ်သားများက ဆန္ဒပြသူများ၏ အဓိက သပိတ်စခန်းကို ဖြိုခွင်း

သီရိလင်္ကာတွင် စစ်သားများက ဆန္ဒပြသူများ၏ အဓိက သပိတ်စခန်းကို ဖြိုခွင်း
ဇူလိုင် ၂၂ ရက်က သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တော်ရှိ သမ္မတရုံးသို့ သွားရောက်သည့် လမ်းပေါ်တွင် လုံခြုံရေးယူနေသည့် အထူးရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (Photo : AFP)
ဇူလိုင် ၂၂ ရက်က သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တော်ရှိ သမ္မတရုံးသို့ သွားရောက်သည့် လမ်းပေါ်တွင် လုံခြုံရေးယူနေသည့် အထူးရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (Photo : AFP)
Published 22 July 2022
Ref : AFP

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တော်ရှိ အစိုးရဆန့်ကျင်သည့် ဆန္ဒပြသူများ၏ အဓိက သပိတ်စခန်းကို လုံခြုံရေးတပ်ဖွဲ့များက ဖြိုခွင်းခဲ့ပြီး တက်ကြွလှုပ်ရှားသူများကို ယင်းသပိတ်စခန်းမှ နှင်ထုတ်ခဲ့ကာ ဇူလိုင် ၂၂ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သည့် ယင်းသပိတ်စခန်းဖြိုခွင်းမှုသည် နိုင်ငံတကာ၏ စိုးရိမ်မှုများကို မြင့်တက်စေခဲ့သည်။

စစ်သားများနှင့် အထူးရဲကွန်မန်ဒိုများသည် လက်ကိုင်တုတ်များ ချေမှုန်းရေး ရိုင်ဖယ်များကို ကိုင်ဆောင်ခဲ့ပြီး သမ္မတရုံးကို ပိတ်ဆို့ထားသည့် ဆန္ဒပြသူများကို ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။

ရာနှင့်ချီသည့် စစ်သားများသည် ပင်လယ်ကမ်းခြေပိုင်းရှိ သမ္မတရုံးအပြင်ဘက်တွင် ဆန္ဒပြသူများကာရံထားသည့် အတားအဆီးများကို ဖယ်ရှားရှင်းလင်းခဲ့ပြီး ယင်းသပိတ်စခန်းတွင်ရှိနေသည့် ဆန္ဒပြသူများကို နှင်ထုတ်ခဲ့သည်။

ယင်းသပိတ်စခန်းဖြိုခွင်းသည့် စစ်ဆင်ရေးသည် သီရိလင်္ကာ သမ္မတသစ် ရာနေးလ် ဝစ်ကရီမီဆင်းဟီ၏ အစိုးရအဖွဲ့ မဖွဲ့စည်းမီ နာရီပိုင်းအလိုတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဝစ်ကရီမီဆင်းဟီသည် သမ္မတအိမ်တော်ကို ဆန္ဒပြသူများက ဝင်ရောက်စီးနင်းခဲ့ပြီးနောက် စင်ကာပူနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ဂိုတာဘာယာ ရာဂျာပက်ဆာ၏ လက်ကျန်သက်တမ်းအတွက် အစားထိုး တာဝန်ထမ်းဆောင်ရန် ဇူလိုင် ၂၁ ရက်က လွှတ်တော်အမတ်များ၏ ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရသည်။

သပိတ်စခန်းတွင် ဆက်လက်ကျန်ရှိနေသည့် ဆန္ဒပြသူအချို့ကမူ ဝစ်ကရီမီဆင်းဟီကိုလည်း ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုခဲ့ကြပြီး ဝစ်ကရီမီဆင်းဟီသည် သီရိလင်္ကာနိုင်ငံရေးလောကကို ဆယ်စုနှစ် နှစ်စုကြာ လွှမ်းမိုးခဲ့သည့် ရာဂျာပက်ဆာမိသားစုကို ကာကွယ်ပေးနေသည်ဟု စွပ်စွဲခဲ့ကြသည်။

ဇူလိုင် ၂၂ ရက် နံနက်ပိုင်းတွင် ချေမှုန်းရေးရိုင်ဖယ်များကိုင်ဆောင်ထားသည့် ရဲတပ်ဖွဲ့ ကွန်မန်ဒိုများနှင့် စစ်သားများသည် သမ္မတရုံးအဆောက်အအုံကို ပတ်ပတ်လည်ဝိုင်းရံထားပြီး ယင်းအဆောက်အအုံကို ရောက်ရှိသည့် အဓိကလမ်းများကိုလည်း ပိတ်ဆိုခဲ့သည်။ရာနှင့်ချီသည့် တက်MuGလှုပ်ရှားသူများ သည် ယင်းနေရာအနီးရှိ သတ်မှတ်ထားသည့် ဆန္ဒပြနေရာတစ်ခုတွင် အာဏာပိုင်များ၏ လုပ်ဆောင်ချက်များကို ဆန္ဒပြခဲ့ကြပြီး ဝစ်ကရီမီဆင်းဟီကို ရာထူးမှနုတ်ထွက်ရန်နှင့် ရွေးကောက်ပွဲများ ကျင်းပခွင့်ရရှိရန် ပါလီမန်ကို ဖျက်သိမ်းရန် တောင်းဆိုခဲ့ကြသည်။

“ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို တိုက်ခိုက်မယ့်အစား ကျွန်တော်တို့ ပြောတာတွေကို နားထောင်ပါ”ဟု အသက် ၂၆ နှစ်အရွယ် ကျောင်းသားတစ်ဦးဖြစ်သူ ဒင်မီသူက ပြောကြားခဲ့သည်။

ထို့ပြင် တက်ကြွလှုပ်ရှားသူများက ဆန္ဒပြမှုများကို ဆက်လက်ပြုလုပ်သွားမည်ဟု ပြောကြားခဲ့ပြီး အသက် ၄၅ နှစ်အရွယ် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ကုန်သွယ်ရေး သမဂ္ဂခေါင်းဆောင် ဘာဆန်သာ ဆမာရာ ဆင်းဟီကလည်း “ပြည်သူတွေရဲ့ ဆန္ဒဟာစနစ်ကို ပြောင်းလဲဖို့ပါ။ ပါလီမန်ကို ဖျက်သိမ်းသင့်ပါတယ်။ ပါလီမန်ကို ပြည်သူတွေက မထောက်ခံပါဘူး”ဟု ပြောကြားခဲ့သည်။

သပိတ်စခန်းဖြိုခွင်းမှုတွင် လူကိုးဦးဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့အနက် နှစ်ဦးမှာ ဒဏ်ရာရခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပြီး သီရိလင်္ကာဆိုင်ရာ အမေရိကန်သံအမတ် ဂျူလီချွန်ကမူ စစ်တပ်၏လုပ်ဆောင်ချက်အပေါ် စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent