စျေးနှုန်းများ မြင့်တက်နေဆဲဖြစ်သည့် စိုးတထိတ်ထိတ် မော်တော်ယာဉ်စျေးကွက်

စျေးနှုန်းများ မြင့်တက်နေဆဲဖြစ်သည့် စိုးတထိတ်ထိတ် မော်တော်ယာဉ်စျေးကွက်
သီလဝါတွင် ပိုင်ရှင်များက စွန့်ပစ်ထားသည့် ဖမ်းဆီးရမိ မော်တော်ယာဉ်များကို တွေ့ရစဉ်
သီလဝါတွင် ပိုင်ရှင်များက စွန့်ပစ်ထားသည့် ဖမ်းဆီးရမိ မော်တော်ယာဉ်များကို တွေ့ရစဉ်
Published 4 July 2022
ဇော်မင်းနိုင်

အခြားသော ရင်းနှီးမြှုပ်နှံမှု များအတွက် သေချာရေရာခြင်းမရှိသေးသည့်အချိန်တွင် အိမ်ခြံမြေ၊ ကားနှင့် ရွှေစျေးကွက်တွင် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေသူများအတွက် လက်ရှိအချိန်တွင် မော်တော်ယာဉ်စျေးကွက်မှာ ရင်တထိတ်ထိတ်နှင့် စောင့်ကြည့်နေရသည့်ကာလတစ်ခုဟု ဆိုရမည်ဖြစ်သည်။

“အခုက ဘယ်လိုမှန်းမသိ သေးဘူး။ ကားစျေးတွေက စွတ်တက်နေတာ။ ကိုယ့်ကားရောင်းလိုက်ရင် ပြန်ဝယ်ဖို့အတွက် ငွေမမီဘူး။ ရောင်းတဲ့စျေးနဲ့ ပြန်ဝယ်ရ တာနဲ့ မကိုက်ဘူး။ အောက်ကားတွေကအစ စျေးတက်နေတယ်”ဟု မော်တော်ယာဉ်ဝယ်ရောင်းတစ်ဦးက ပြောကြားသည်။

ဇွန်လကုန်ပိုင်းမှစတင်ကာ မော်တော်ယာဉ်စျေးနှုန်းများမြင့်တက်လာပြီး တပတ်ရစ်ကား အဟောင်းစျေးများသာမက ကားအသစ်များမှာလည်း စျေးနှုန်းများမြင့်တက်ခဲ့သည်။

“ဒီရက်ထဲ ကားစျေးကအမျိုးအစားရွေးပြီး စျေးတက်တယ်။ ကားအားလုံးထိုးထောင်တက်တာမျိုး မဟုတ်ဘူး။အထူးသဖြင့်  SKD ကားတွေထဲက Accent, Ertiga,Ciaz တို့ အတက်ဆုံးဖြစ်တယ်။  SKD ထုတ်လုပ်မှုဆိုတာကလည်း Brand တိုင်းအားလုံးထုတ်လုပ်မှုအတွက် အခက်အခဲတွေဖြစ်နေပြီး ရပ်ထားရတာရယ်။ ရပ်လုဆဲဆဲ ဖြစ်နေတာမျိုးတွေရယ် ဖြစ်နေကြတယ်။ အချို့က နိုင်ငံခြားငွေ မရရှိလို့နဲ့ အချို့က တင်သွင်းခွင့် မရရှိလို့ပါ။ နိုင်ငံခြားငွေရရှိဖို့ကလည်း ကားတပ်ဆင်ထုတ်တဲ့ကဏ္ဍကမရှိမဖြစ် Essential ကဏ္ဍမျိုး မဟုတ်တာကြောင့် ရရှိဖို့ တော်တော်မလွယ်တဲ့ကိစ္စဖြစ်တယ်လို့ ကြားသိရတယ်။ အဲဒီလိုအခြေအနေတွေမှာ သိန်း ၄၀၀-၅၀၀ ဝန်းကျင်နဲ့ Brand New ကားအသစ် တွေရှားပါးလာနိုင်တာကြောင့် (လူ ကြိုက်အများဆုံးနဲ့ အသုံးပြုသူ အများဆုံးဖြစ်ကြတဲ့)   SKD ကားတွေ ဝယ်လိုအား နေ့စဉ်မြင့်တက်လာတာဖြစ်ပါတယ်” ဟု Suzuki KL Seven မှ ကိုကြည်သာဟန်က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

လက်ရှိတွင် ဆူဇူကီးအာတီဂါ အမျိုးအစား မော်တော်ယာဉ်မှာ ကျပ်သိန်း ၄၇၀ ခန့်အထိ စျေးနှုန်း မြင့်တက်လာသည်။ အလားတူ မော်တော်ယာဉ် အဟောင်းစျေးကွက်တွင်လည်း ဂျပန်တစ်ပတ်ရစ် မော်တော်ယာဉ်စျေးနှုန်းများ မြင့်တက်လာကြောင်း မော်တော်ယာဉ် ဝယ်ရောင်းလုပ်ကိုင်သူများထံမှ သိရသည်။

“စျေးက တက်လာတာမှန်တယ်။ ကျွန်တော် ပြီးခဲ့တဲ့လက Fielder တက္ကစီ GG 2005 ကို ၂၄၅ နဲ့ ဝယ်လိုက်တာ။ အခု ၂၇၀ လာပေးတယ်”ဟု မော်တော်ယာဉ် ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။

ထို့ပြင် ဟွန်ဒါဖစ်အမျိုးအစား မော်တော်ယာဉ်များမှာလည်း မော်ဒယ်ပေါ်မူတည်ပြီး ကျပ်သိန်း ၂၅၀ အနည်းဆုံးဖြစ်နေကြောင်း မော်တော်ယာဉ်ရောင်းဝယ်သူများထံမှ သိရသည်။

တစ်ပတ်ရစ်ဂျပန်ကားအမျိုးအစားများအနက် ကျပ်သိန်းထောင်ကျော်တန်ကားများမှာ စျေးနှုန်း တည်ငြိမ်နေပြီး စျေးမြင့်တက်လာသည့်အမ ျုိးအစားများမှာ ယခင်က ကျပ်သိန်း ၁၈၀ ခန့်သာရှိသည့် မော်တော်ယာဉ်များမှာ ကျပ်သိန်း ၂၅၀ ခန့်အထိလည်းကောင်း၊ ကျပ် သိန်း ၅၀၀ ခန့်ရှိသည့်မော်တော်ယာဉ်များမှာ ကျပ်သိန်း ၆၀၀ ခန့် အထိလည်းကောင်း စျေးနှုန်းများ မြင့်တက်လာခြင်းဖြစ်သည်။

ယာဉ်အသစ်ရောင်းသည့် ကားရှိုးရွန်းများက ယာဉ်အဟောင်း ပြန်ဝယ်နေရသော အခြေအနေ

နိုင်ငံခြားငွေ မရရှိမှု၊ စက်ပစ္စည်းတင်သွင်းခွင့် အခက်အခဲများကြောင့် ပြည်တွင်းထုတ်လုပ် တပ်ဆင်သည့် ကားစက်ရုံများမှာလည်း အခက်အခဲများနှင့် ရင်ဆိုင်နေရပြီး ယင်းမော်တော်ယာဉ်များကို ပြသရောင်းချသည့် ကိုယ်စားလှယ်များမှာလည်း ရပ်တည်ရန် ခက်ခဲလာသည့်အခြေအနေလည်း ဖြစ်သည်။

“အသုံးပြုပြီး Ciaz/Swift/Ertiga/Carry ကားများပြန်လည် ရောင်းချလိုပါက Suzuki KL Seven ရွာမကွေ့ Showroom သို့ ဆက်သွယ် လာရောက်ရောင်းချနိုင်ပါတယ်ခင်ဗျာ။ ဘဏ်ငွေမကြေသေးလဲ ဘဏ်သို့ပေးရန်ကျန်ရှိငွေများအား ပေးသွင်းပေးပြီး ပိုငွေအား ယာဉ်ပိုင်ရှင်သို့ပြန်ပေးပြီး ဝယ်ယူပေးပါတယ်။ မည်သည့် Showroom က ဝယ်ထားတဲ့ကား ဖြစ်ဖြစ် Suzuki ကားဆိုပြန်လည် ဝယ်ယူပေးပါမယ်ဗျ”ဟု Suzuki KL Seven  မှကိုကြည်သာဟန်က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

မော်တော်ယာဉ်ရှိုးရွန်း ဖွင့်လှစ်ထားသူများမှလည်း ယာဉ်အသစ်ဝယ်သူများကို သတ်မှတ်ချိန်အတွင်း မော်တော်ယာဉ်မပေးနိုင်မှုမှာ ကြီးမားသည့်အခက်အခဲတစ်ခုဟု ဆိုရမည်ဖြစ်ပြီး ယင်းကြောင့် မော်တော်ယာဉ်အဟောင်းများကို ဝယ်ယူကာ ပြန်လည်ရောင်းချပေးနေရသည့် အခြေအနေလည်းဖြစ်သည်။

“ကားတွေက တစ်လနေလို့မှ တစ်စီးမရတော့ ရှိုးရွန်းပိုင်တဲ့ သူတွေက ဝန်ထမ်းစရိတ်၊ မြေငှား စရိတ် စတာတွေနဲ့က မကာမိဘူး ဖြစ်နေတယ်။ အခုက ကားတွေ ပြန်ကောက်ပြီး ရောင်းနေရတယ်ဆိုတာ အဲဒီသဘောပဲ။ ရပ်တည်လို့ရအောင် အရောင်းအဝယ်ဖြစ်အောင် လုပ်နေရတဲ့သဘောပဲ”ဟု မော်တော်ယာဉ်ရောင်းဝယ်ရေး လုပ်ငန်းကျွမ်းကျင်သူတစ်ဦးက သုံးသပ်သည်။

တရားမဝင် တင်သွင်းလာသည့် လိုင်စင်မဲ့မော်တော်ယာဉ်များကို လိုင်စင်ထုတ်ပေးရန် အစီအစဉ်မရှိကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ပြောရေးဆို ခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

လေလံက ကားလောကကို အပြောင်းအလဲဖြစ်စေမလား

ဖမ်းဆီးရမိသည့် လိုင်စင်ရှိ၊ လိုင်စင်မဲ့ မော်တော်ယာဉ်များ အပါအဝင် ဖမ်းမိပစ္စည်းများကို အမှုများ အမြန်ဆုံး ပြီးပြတ်အောင် ဆောင်ရွက်ပြီး လေလံပစ်ရောင်းချ ရမည်ဖြစ်ကြောင်း ဇွန်လကုန်ပိုင်း က နေပြည်တော်တွင် ပြုလုပ်သည့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းအစည်းအဝေးတွင် ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခဲ့သည်။

ဖမ်းဆီးရမိ ကုန်စည်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ထုခွဲ ရောင်းချပြီး ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာများ ရရှိရန် လိုအပ်ကြောင်း၊ လေလံမပစ်မီ ဖမ်းဆီးရမိ ပစ္စည်းများပျက်စီးဆုံးရှုံးသွားလျှင် ဖမ်းဆီးပေးသူများ၏ကြိုးပမ်းအား ထုတ်မှုများအချည်းနှီးဖြစ်ရသကဲ့သို့ နိုင်ငံဘဏ္ဍာရရှိမှုလည်း လျော့နည်းမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပုပ်သိုးပျက်စီ းလွယ်သည့်ကုန်စည်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ မြန်မြန်ဆန်ဆန် လေလံတင် ရောင်းချသွားရမည် ဖြစ်ကြောင်း၊ ဖမ်းဆီးရမိလိုင်စင်ရှိ၊ လိုင်စင်မဲ့ မော်တော်ယာဉ်များကိုလည်း ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အမြန်ဆုံး အပ်နှံဆောင်ရွက်သွားကြရန်နှင့် အမှုများ အမြန်ဆုံးပြီး ပြတ်နိုင်အောင်လည်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။

ယင်းသတင်းကြောင့် မော်တော်ယာဉ်စျေးကွက်အတွင်း အရောင်းအဝယ်စျေးနှုန်းများ အနည်းငယ် ငြိမ်သက်သွားခဲ့သည့် အခြေအနေတွင် ရှိခဲ့သည်ဟု မော်တော်ယာဉ်ရောင်းဝယ်ရေးလုပ်ကိုင်သူများက ပြောကြားသည်။

“အဲဒီသတင်း ထွက်လာတော့ စျေးတန်းတွေက နည်းနည်းငြိမ်သွားတယ်။ အတက်စျေးတွေမှာပဲ ငြိမ်တာ။ စျေးပြန်ကျတာတော့ မဟုတ်ဘူး”ဟု ၀ါရင့်မော်တော်ယာဉ်ဝယ်ရောင်းတစ်ဦးက ပြောကြားသည်။

ဇူလိုင် ၁ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တရားမဝင် မော်တော်ယာဉ်များကို လိုင်စင် ချထားပေးမည်မဟုတ်ကြောင်း၊ လတ်တလောတွင်လည်း အထူးကိစ္စရပ်မှအပ မော်တော်ယာဉ်တင်သွင်းခွင့်ကို ပိတ်ထားဆဲဖြစ်ကြောင်း နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

တရားမဝင် မော်တော်ယာဉ်များကို လိုင်စင်ချမပေးနိုင်သည့် ကိစ္စနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက “တရားမဝင်တင်သွင်းမှုကိုလည်း အားပေးရာရောက်မှာလည်း ဖြစ်တယ်။ ပြီးရင် ပြဿနာက ပိုပြီးကြီးတာက အိမ်နီးချင်းနိုင်ငံတွေကနေ ခိုးလာတဲ့ယာဉ်တွေဖြစ်ရင် ဒါပိုပြီးတော့ ကန့်ကွက်ခံရဦးမယ်။ အဲဒီလိုမျိုးဟာတွေ ရှိ၊ မရှိဆိုတာလည်း ပိုပြီးသိပါတယ်။ ဝင်လာတဲ့ယာဉ်တွေဟာ Second Hand တွေ ဖြစ်တယ်ဆိုတာလည်း သိပြီးသားဖြစ်တယ်။ ဒါ အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း မလိုလားအပ်တဲ့ကိစ္စတွေ ရှုပ်ထွေးလာနိုင်တာ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ အနေနဲ့လိုင်စင်အဖြစ် ထုတ်ပေးဖို့ အစီအစဉ်မရှိဘူးလို့ပဲ ပြောချင်ပါတယ်” ဟု ပြောကြားသည်။

ယခင် နယက (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ)  အစိုးရလက်ထက်က ၈၅ ရာခိုင်နှုန်း ဒဏ်ကြေးပေးဆောင်၍ တရားဝင်ယာဉ်အဖြစ် မှတ်ပုံတင်ပေးသည့် လုပ်ငန်းလုပ်ဆောင်မှုရှိပြီး ယာဉ်အစီးရေ ၆၀၀၀ ကျော် ခန့်ရှိကြောင်း၊ ထိုစဉ်ကအခြေအနေတစ်မျိုးဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောကြားသည်။

လက်ရှိအခြေအနေတွင် တရားမဝင် လိုင်စင်မဲ့မော်တော်ယာဉ်များကို တရားဝင်လိုင်စင်ဖြစ်အောင် ဆောင်ရွက်ပေးမည်ဆိုပါက တရားဝင်တင်သွင်းလာသည့် ယာဉ်ပိုင်ရှင်များသည်လည်း နစ်နာမှုများရှိမည်ဖြစ်ပြီး  ခွင့်ပြုချက်နှင့် ဖွင့်လှစ်ထားသည့် Car Showroom များ၊ Sale Center များကိုလည်း ထိခိုက်လာနိုင်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

မော်တော်ယာဉ်တင်သွင်းခွင့်မှာ ဆီးဂိမ်းရွှေတံဆိပ်ဆုရ အားကစားသမားများကို ချထားပေးခြင်းသာရှိပြီး ကျန်သည့်ကိစ္စများကို ကန့်သတ်ထားသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

“ကျန်တဲ့ပုဂ္ဂလိကပိုင်းဆိုင်ရာ အထူးကိစ္စရပ်မှာ အားကစားသမားတွေအတွက် ကားပါမစ်တင်သွင်း ခွင့်ပေးလိုက်တာမျိုးမှအပ ကျန်တာ တွေကိုကန့်သတ်တာရှိနေဦးမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ကားတင်သွင်းခွင့်ပိတ်ထားသည့်ဆက်ရှိနေရသည့် အကြောင်းတရားများလည်းရှိကြောင်း၊ ဖြေလျှော့ပေးနိုင်သည့်အချိန်တစ်ခုရောက်မှသာ ဖြေလျှော့ပေးမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ယင်းအခြေအနေများကြောင့် အစိုးရက မော်တော်ယာဉ်လေလံကိစ္စမှာ စျေးကွက်ကို ရိုက်ခတ်မှုရှိလာမည်ဖြစ်ပြီး စောင့်ကြည့်ရမည့် အခြေအနေသာရှိကြောင်း မော်တော်ယာဉ် ရောင်းဝယ်သူများထံမှ သိရသည်။

“လေလံက ကားအစီးရေ ဘယ်လောက်ပါမှာလဲ။ လေလံကားတွေရဲ့အခြေအနေကလည်း ဘယ်လိုရှိမလဲ ဆိုတာတွေပေါ် မူတည်တယ်။ အရင်လေလံတွေလို အလုံးချိန်းလို့ရမလားဆိုတာတွေကလည်း သေချာမသိကြသေးဘူး။  အခြေအနေတွေက စောင့်ကြည့်ရမယ့်အချိန်ပဲ ရှိသေးတယ်။ ဒါပေမဲ့ လေလံကားတွေ စျေးကွက်ထဲ ရောက်လာရင်တော့ ကားစျေးနှုန်းတွေကိုတော့ ရိုက်ခတ်မှုရှိမယ်” ဟု ၀ါရင့်မော်တော်ယာဉ်ရောင်းဝယ်သူတစ်ဦးက ပြောကြားသည်။   

Most Read

Most Recent