ပဋိပက္ခများကြားမှ မြေစာပင်တောင်သူများ

ပဋိပက္ခများကြားမှ မြေစာပင်တောင်သူများ
အညာဒေသ လယ်ယာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
အညာဒေသ လယ်ယာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
Published 4 July 2022
သီဟဓန

“ပြေးလိုက်၊ ပုန်းလိုက်၊ ပြန်လာလိုက်နဲ့ နေလာခဲ့ရတာ တစ်နှစ်ကျော်ခဲ့ပေါ့။ ကြုံနေရတဲ့ ဒုက္ခတွေကို ရယ်စရာလုပ်ပြောရမယ်ဆို ငယ်ငယ်က တူတူပုန်းတမ်း ဆော့ခဲ့ရသလိုပဲ။ ကိုယ့်မမြင်အောင်မတွေ့အောင် ရှောင်ပုန်းပြေးလွှားနေရတာက အတော်ကိုခက်ခဲတယ်။ သူတို့လာ​နေပြီလို့ ကြားရတာနဲ့ ပြေးရ ပုန်းရပြီလေ။ အခုကာလက ပိုဆိုးသွားပြီ။ ကိုယ့်ဒေသမှာကလည်း လက်နက်ကိုင်အဖွဲ့အစည်းတွေရှိလာတော့။ အရင်တုန်းကတော့ တိုက်ပွဲတွေ၊ စစ်ပွဲတွေဆိုတာ ကြားသာကြားဖူးတာ။ တီဗွီတွေထဲမှာသာ မြင်ခဲ့ရတာ။ အခုတော့

မိရိုးဖလာတောင်သူအလုပ်ကိုသာ ရိုးသားစွာဖြင့် ဓားမဦးချ လုပ်ကိုင်ခဲ့သည့် တောင်သူကြီး တစ်ဦးက သူတို့အညာဒေသ၏ လက်ရှိ ပစ္စက္ခအခြေအနေကို ရင်ဖွင့်ကာ ညည်းတွားစကားဆိုသည်။

တိုက်ပွဲဟူသည့်စကားကို ကြားသာကြားဖူးခဲ့ပြီး ကိုယ်တိုင် ကြုံတွေ့ ရဖူးခြင်းမရှိသည့်  တောင်သူတစ်ဦးက လက်ရှိကြုံတွေ့နေရသည့် တောင်သူများ၏ အခက်အခဲများကို ညည်းတွားပြောဆိုနေကြ သည်။ ထိုဒေသသည် တောင်ပေါ် ဒေသတစ်ခုမဟုတ်၊ နယ်စပ်ဒေသလည်းမဟုတ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အခြေစိုက်ရာဒေသလည်းမဟုတ်၊ ယုတ်စွအဆုံး တိုက်ပွဲမဆိုထားဘိ ကျည်ဆန်တစ်တောင့်ပင် ယခင်က (လွတ်လပ်ရေးခေတ်နောက်ပိုင်း) ကျရောက်ခဲ့ဖူးခြင်းမရှိသည့် နေရာဒေသတစ်ခုဖြစ်သည်။

ကျွဲနှစ်ကောင်ခတ်သည့်ကြားမှ မြေစာပင်များ

မိရိုးဖလာတောင်သူလုပ်ငန်း၊ တောင်ယာလုပ်ငန်းများဖြင့် အသက်မွေးမှုပြုနေကြသည့် အထက်အညာဒေသ တောင်သူများမှာ လက်ရှိကာလတွင် အခက်အခဲ အကျပ်အတည်းများစွာဖြင့် တွေ့ကြုံနေကြရသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက စတင်ခဲ့သည့် နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ် အောက်ဝယ် နိုင်ငံတစ်ဝန်းရှိ ကဏ္ဍများစွာ၌ သက်ရောက်မှုဖြစ်စဉ်များစွာဖြစ်ပေါ်ခဲ့ရသည့်နည်းတူ ကျွဲကူးရေပါဆိုသလို ကျေးလက်ဒေသနေ တောင်သူများသည်လည်း အခြားပြည်သူများနည်းတူ သက်ရောက်မှုများစွာကြုံတွေ့ခဲ့ရ ပြီး ဆက်လက်၍လည်း ကြုံတွေ့နေ ရဆဲဖြစ်သည်။

ထိုသို့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါ ရီ ၁ ရက်မှ စတင်ကာ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအခြေအနေများ ပြောင်းလဲသွားပြီးနောက် နိုင်ငံအတွင်းရှိ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး စသည်ဖြင့် အရေးပေါင်းများစွာတို့ သည် ရုတ်ခြည်းဆိုသလိုပင်များစွာ ပြောင်းလဲခဲ့သည်။ နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်နှင့်အတူ ကုန်စျေးနှုန်း မတည်ငြိမ်မှုသည်လည်း ဒွန်တွဲ၍ ပါလာခဲ့သည်။ နိုင်ငံရေးမတည်ငြိမ်မှုအပေါ် အခွင့်ကောင်းယူကာ စျေးနှုန်းကစားကြသည့် စီးပွားရေးလုပ်ငန်းရှင်အများအပြားလည်း ပေါ်ထွက်လာခဲ့သည်။ နိုင်ငံ​ရေးအ​ပြောင်းအလဲဖြစ်စဉ်​အောက်ဝယ် တစ်ဖက်တွင်လည်း မပြီးဆုံး​သေးသည့် ကိုဗစ်ကပ်​ရောဂါ၏ နှိပ်စက်မှုဒဏ်ကိုလည်း ပြည်သူများ အလူးအလဲခံစားခဲ့ကြရသည်။

ကိုဗစ်တတိယလှိုင်းဖြစ်ပွားချိန်သည် နိုင်ငံ​ရေးအ​ပြောင်းအလဲ ကာလအတွင်း ကျ​ရောက်​နေခြင်း​ကြောင့် ဆရာဝန်မလုံ​လောက်မှု၊ ​ဆေးရုံတက်​ရောက်ရန် ခက်ခဲမှု၊ ​ဆေးနှင့်​ဆေးပစ္စည်းရှားပါးမှုနှင့် ပြတ်​တောက်မှု၊ ​အောက်ဆီဂျင်မလုံ​လောက်မှု စသည့်အခက်အခဲမျိုးစုံတို့ဖြင့် ပြည်သူများရင်ဆိုင်ကြုံ​တွေ့ခဲ့ရကာ မသေဆုံးသင့်ဘဲ ​သေဆုံး သွားခဲ့ရသူများလည်း အများအပြား ရှိခဲ့သည်။

၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ ဖြစ်စဉ်များနှင့်အတူ ဒေသတွင်းဖွဲ့စည်းထားသည့် လက်နက်ကိုင်အဖွဲ့များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တိုက်ပွဲများက တိုင်းရင်းသားလက်နက်ကိုင်ဒေသအချို့ အပါအဝင် အညာဒေသနေရာအများအပြား၌ ခပ်စိတ်စိတ်ဖြစ်ပွားလျက်ရှိသည်။ တိုက်ပွဲပဋိပက္ခ ဖြစ်စဉ်များကြောင့် ဒေသခံပြည်သူများ နေရပ်စွန့်ခွာ၍ ထွက်ပြေးတိမ်း ရှောင်နေကြရသည်။ ယခင်က တိုက်ပွဲဟူ၍ သတင်းစာများနှင့် တီဗွီသတင်းများ၌သာ ကြားဖူး ကြည့်ဖူးခဲ့ကြသည့် အညာဒေသများတွင်ပါ တိုက်ပွဲများကြောင့်  ယမ်းငွေ့များ ဝေနေဆဲဖြစ်သည်။

နှစ်ဖက် ပဋိပက္ခတိုက်ပွဲဖြစ်စဉ်များကြောင့် တိုက်ပွဲဖြစ်စဉ် ဧရိယာအတွင်းရှိ ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရခြင်း၊ ကျေးရွာများသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များဝင်ရောက်လာပါက စိုးရိမ်ကြောက်လန့်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်ရခြင်း၊ နှစ်ဖက်ပဋိပက္ခဖြစ်စဉ်များကြောင့် ရပ်ကွက်နှင့်ကျေးရွာများတွင် လုံခြုံရေးအခြေအနေများအရ နေထိုင်ရန်ခက်ခဲခြင်းကြောင့် တိမ်းရှောင်သွားရခြင်း စသည်ဖြင့် အခက်အခဲမျိုးစုံ ဒေသခံများကြုံတွေ့ နေရကြောင်းလည်း သိရသည်။ ထိုကဲ့သို့ နှစ်ဖက်ပဋိပက္ခဖြစ်စဉ်များ အတွင်း ဒေသခံပြည်သူများနှင့် ဒေသခံတောင်သူများသည် မြေစာ ပင်များသဖွယ်ဖြစ်နေကြရသည်။

ပဋိပက္ခများကြား ဖျက်ဆီး မီးရှို့ခံရသည့် ကျေးရွာများ

ယခင်က အညာ​ဒေသများသည် ​မိရိုးဖလာတောင်သူလုပ်ငန်း၊ အ​ရောင်းအဝယ်လုပ်ငန်းများဖြင့် ​အေးချမ်းစွာဖြင့် အသက်​မွေးဝမ်း​ကျောင်းပြု​နေထိုင်ကြသူများဖြစ်သည်။ မိမိတို့၏ ​မွေးရပ်ဇာတိ၊ ဘိုးဘွားတို့​ခေါင်းချသွားရာ ဇာတိရပ်ရွာတို့တွင် ​အေးချမ်းစွာ​နေထိုင်ကြကာ မိရိုးဖလာ တောင်သူလုပ်ငန်းကိုသာ ​ဇောက်ချလုပ်ကိုင်ခဲ့ကြသည်။ ရာသီဥတု​ဖောက်ပြန်၍ သီးနှံများပျက်စီးခြင်း၊ အထွက်နှုန်း​လျော့ခြင်းများရှိခဲ့သော်လည်း အားမာန်တင်း၍ ​​ပျော်ရွှင်စွာဖြင့် ရှေ့ဆက်ခဲ့ကြသည်။

ယခုတွင်မူ “အိမ်​တွေ မီးရှို့ ဖျက်ဆီးခံရမှာစိုးလို့ အိမ်ထဲမှာ အဖိုးတန်ပစ္စည်း​ ဘာမှမထားရဲကြဘူး။ အခြားလုံခြုံမယ်လို့ထင်ရတဲ့​နေရာ​တွေမှာ သွားပြီးဝှက်ထားရတယ်။ မီးရှို့ခံရလို့ အိမ်ပါသွားတာက မတတ်နိုင်ဘူး​လေ။ တစ်သက်လုံး ရှာ​ဖွေစု​ဆောင်းထား​လေး​တွေ​တော့ အပါမခံနိုင်ဘူး။ ရွာဘေးနားက ရွာတွေ အ​တော်များများ မီးရှို့ ဖျက်ဆီးခံထားရ​​တော့ ကိုယ့်ရွာလည်း ဘယ်အချိန်အလှည့်ကျလာ မလဲဆိုတာ ဘယ်သူမှမ​ပြောနိုင်ဘူး။ ​နေ့တိုင်း စိုးရိမ်စိတ်​တွေနဲ့​နေထိုင်​နေရတယ်။ ​သေနတ်သံ၊ ဗုံးသံ​တွေ ကလည်း မကြာခဏ ကြား​နေရ တယ်။ သူတို့ဝင်လာရင်လည်း ​ကြောက်​တော့ ထွက်​ပြေး​နေရတယ်။ စိုက်ပျိုးရေးလုပ်ဖို့ကလည်း နယ်​မြေမ​အေးချမ်း​တော့ လုပ်ကိုင်ဖို့အဆင်မ​ပြေကြဘူး”ဟု ခင်ဦးမြို့နယ်အတွင်းမှ ​တောင်သူတစ်ဦးက နယ်​​မြေ​ဒေသအ​ခြေအ​​နေကို ​ပြောကြားသည်။

“ကျွန်​တော်တို့ရွာက အိမ်​ခြေ ၈၀၀ ​ကျော်​လောက်ရှိတယ်။ နှစ်ရှည်လများ ကြိုးစားရုန်းကန်လှုပ်ရှားပြီး တည်ဆောက်ထားရတဲ့ အိမ်​တွေ ခဏ​လေးအချိန်မှာပဲ မီးရှို့ ဖျက်ဆီးခံလိုက်ရတယ်။ ဘဝ​တွေ အကုန်ပျက်သွားကြတယ်။ စစ်​ဘေးဒုက္ခသည်က​နေ မီး​ဘေးဒုက္ခသည်ပါ နှစ်ထပ်ကွမ်းဖြစ်သွားကြတယ်” ဟု မြင်းမူမြို့နယ်အတွင်းက မီး​ဘေးသင့်​တောင်သူတစ်ဦးက ရင်ဖွင့်သည်။

“စစ်​ဘေးဒုက္ခသည်​တွေ​ရော၊ မီး​ဘေးသင့်ဒုက္ခသည်​တွေ​ရော အကူအညီ​တွေအများကြီးလိုအပ်​နေတယ်။ မိုးရာသီလည်း​ရောက်လာပြီဆို​တော့ အမိုးအကာ၊ ​အဝတ် အထည်နဲ့စား​သောက်ရိက္ခာ၊ ​ဆေးဝါး​ပေါ့။ အကူအညီတွေအများကြီး လိုအပ်​နေတယ်”ဟု ယင်းမာပင်ခရိုင်အတွင်းက စစ်​ဘေးဒုက္ခသည်​တောင်သူတစ်ဦးက ညည်းတွား စကားဆိုသည်။

လတ်တ​လောတွင် အဆိုပါ မြို့နယ်များတည်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးသည် ပဋိပက္ခမီးေ​တာက်​လောင်လျက်ရှိပြီး လုံခြုံ​ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသတွင်း လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။ ထိုသို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားရာ​နေရာအနီးရှိ​ကျေးရွာများမှာ အမြဲလိုလိုပင် မီးရှို့ဖျက်ဆီးခံရခြင်းကို ​ဒေသခံများကြုံ​တွေ့​နေရသည်။

မည်သို့ပင်ဖြစ်​စေ တိုက်ပွဲဖြစ်ပွားလာပါက နှစ်ဖက်ထိခိုက်​သေ​ဆုံးမှုများဖြစ်​ပေါ်သကဲ့သို့ ​ဒေသခံများသည်လည်း ကျွဲနှစ်​​ကောင်ခတ်သည့်ကြားက ​မြေစာပင်များဘဝသို့ ကျ​ရောက်သွားရသည်။ ​တိုက်ပွဲနှင့်လွတ်ရာသို့ ​ဒေသခံများထွက်​ပြေး တိမ်း​ရှောင်ကြရသည်။ နှစ်ဖက် တိုက်ပွဲပဋိပက္ခဖြစ်စဉ်များအကြား ​နေအိမ်များ မီးရှို့ဖျက်ဆီးခံရသည့်အပြင် ​ဒေသခံ​တောင်သူများမွေးမြူထားသည့် ကျွဲနွားနှင့် အခြားအိမ်မွေးတိရစ္ဆာန်များလည်း ​သေကျေ ထိခိုက်ပျက်စီးကြရသည်။

စစ်​ဘေးဒုက္ခသည်နှင့်မီး​ဘေးဒုက္ခသည်ဟူ၍ နှစ်ထပ်ကွမ်း အမည်ရရှိသွားပြီး နှစ်ရှည်လများ ကြိုးစားတည်ဆောက်ခဲ့သည့်အရာများမှာ တစ်ခဏချင်းပင် ပျက်သုဉ်း​ပျောက်ကွယ်၍ ဘဝများပျက်ကြရသည်။ ထို့​ကြောင့် ‘စစ်ဆိုသည်’ မှာ အလုံးစုံ ထိခိုက်ပျက်စီးမှုကိုသာဖြစ်​ပေါ်​စေပြီး မည်သူ့အတွက်မှ ​ကောင်းကျိုးမဖြစ်ထွန်းသည်မှာ ဧကန်အမှန်ဖြစ်သည်။ စစ်ပွဲ၏ဆန့်ကျင်ဘက်ဖြစ်​သော ‘ငြိမ်းချမ်း​ရေး’သည် လွန်စွာအ​​ရေးကြီးပြီး တန်ဖိုးအလွန်ကြီးမားလှသည်။

လတ်တ​လောတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ​စစ်ကိုင်း၊ မြောင်၊ မြင်းမူ၊ ​ချောင်းဦး၊ ဘုတလင်၊ ဒီပဲယင်း၊ ​ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ ​ရေဦး၊ တန့်ဆည်၊ ကန့်ဘလူ၊ ​ကောလင်း၊ ထီးချိုင့်၊ ကသာ၊ တမူး၊ က​လေး၊ ယင်းမာပင်၊ ကနီ၊ ဆား လင်းကြီး၊ ပုလဲ အစရှိသဖြင့် မြို့နယ် အ​​တော်များများ၌ လုံခြုံ​ရေးတပ်ဖွဲ့ဝင်များနှင့် ​ဒေသတွင်းဖွဲ့စည်းထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများအကြား တိုက်ပွဲများမကြာခဏ ဖြစ်ပွားလျက်ရှိသည်။ ​ဒေသခံ​တောင်သူများသည်လည်း ​နေရပ်စွန့်စွာထွက်​ပြေး​နေရကာ စစ်​ဘေးဒုက္ခသည်နှင့်မီး​ဘေးဒုက္ခသည်များအဖြစ် ကြုံ​တွေ့​နေကြရသည်။ စစ်​ဘေးသင့်နှင့်မီး​ဘေးသင့် ဒုက္ခသည် ​သောင်းနှင့်ချီ၍ အ​ရေး​ပေါ်အကူအညီများ လိုအပ်​နေ​ကြောင်း ဒေသခံများက ​ပြောဆိုကြသည်။

လတ်တ​လောကာလအတွင်း စစ်​ဘေးဒုက္ခသည်နှင့်မီး​ဘေးသင့် ဒုက္ခသည်အဖြစ်ကြုံ​တွေ​​နေရသည့် ​ဒေသများမှာ စစ်ကိုင်းတိုင်း​ဒေသကြီးအပြင် မ​ကွေးတိုင်း​ဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင်လည်း ​ဒေသခံပြည်သူများ ကြုံ​တွေ့​နေကြရသည်။

တောင်သူများ လယ်ယာလုပ်ငန်းခွင်သို့ အချိန်မီဝင်နိုင်ပါ့မလား

မိုးဥတုကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ယခုနှစ် မိုးဦးကာလသည် အညာဒေသ၌ မိုးပုံမှန် ရွာသွန်းနေသဖြင့် ပုံမှန်အနေအထားကာလဖြစ်ပါက တောင်သူတို့ သည် မိုးသီးနှံများ စိုက်ပျိုးထွန်ယက်ရန် ပြင်ဆင်နေကြသည့်အ ချိန်ကာလတစ်ခုလည်းဖြစ်သည်။ မိုးစပါးကိုစိုက်ပျိုးကြမည့် တောင်သူများက မိုးစပါးစိုက်ပျိုးနိုင်ရန် စတင်ထွန်ယက်ပြင်ဆင်နေကြပြီဖြစ်သည်။ ယာသီးနှံစိုက်ပျိုးကြမည့် တောင်သူများအနေဖြင့်လည်း မြေပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ပြောင်း၊ နှမ်း အစရှိသည့် မိုးသီးနှံများစိုက်ပျိုးရန် ထွန်ယက်ပြင်ဆင်နေကြသည့် အချိန်ကာလတစ်ခုဖြစ်သည်။ 

မိုးနည်းရပ်ဝန်းဒေသဖြစ်သည့် အညာဒေသမှ တောင်သူများသည် စိုက်ပျိုးရေးကို အဓိကအားထား၍ အသက်မွေးကာ လုပ်ကိုင်နေကြခြင်းဖြစ်သည်။ နှစ်စဉ် မိုးခေါင်မှုဒဏ်ကြောင့် ဆည်ရေဖြင့် စိုက်ပျိုးနိုင်သည့် ဒေသများမှအပ ကျန်မိုးကောင်းဒေသများ၌ သီးနှံများ စိုက်ပျိုးနိုင်မှုမရှိခြင်း၊ စိုက်ပျိုးပြီးသီးနှံများ ထိခိုက်ပျက်စီးခြင်း၊ ပိုးမွှားများ ကျရောက်ဖျက်ဆီးခြင်းစသည့် ရာသီဥတုဖောက်ပြန်ပြောင်း လဲမှုဒဏ်ကို ခံစားနေကြရသည်မှာ နှစ်ကာလကြာမြင့်လာခဲ့ပြီဖြစ်သည်။

လက်ရှိတွင် အညာဒေသရှိ တောင်သူများမှာ နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်များအတွင်း မြေစာပင်များသဖွယ်ဖြစ်နေကြရသည်။ ယခင်က ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှု၏ဒဏ်ကိုသာ တောင်သူများခံစားခဲ့ကြရသည်။ ယခုနှစ်တွင် နိုင်ငံရေးအပြောင်းအလဲ ဖြစ်စဉ်များနှင့်အတူ လက်နက်ကိုင် တိုက်ပွဲများက ကျေးရွာများအထိ ရောက်ရှိလာခဲ့ခြင်းကြောင့် ဘေးလွတ်ရာသို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရပြီ ဖြစ်သည်။

ဒေသခံတောင်သူများ၏ ကျေးရွာများအနီးတွင် တိုက်ပွဲများက ၂၀၂၁ ခုနှစ် မတ်လခန့်မှစတင်ကာ ခပ်စိတ်စိတ် ဖြစ်ပွားခဲ့သည်။ ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလမှ စတင်ကာ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်လာခဲ့ပြီးနောက် ယင်းနှင့်အတူ လက်နက်ကိုင်အဖွဲ့အစည်းအသစ်များလည်း ပေါ်ပေါက်လာကာ ယခင်က မည်သည့်သေနတ်သံမျှမကြားဖူးခဲ့သည့် ဒေသတို့၌ သေနတ်ပစ်ခတ်သံများနှင့်အတူ ယမ်း ငွေ့တို့ ဝေလျက်ရှိသည်။

ထိုကဲ့သို့ နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်များနှင့်အတူ မြေပြင်တိုက်ပွဲများပါ ဖြစ်ပေါ်နေခြင်းကြောင့် တိုက်ပွဲဖြစ်ပွားရာဒေသရှိ တောင်သူများမှာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသဖြင့် လယ်ယာလုပ်ငန်းခွင်ကို လုပ်ကိုင်နိုင်ခြင်း မရှိသေးပေ။ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဒေသအချို့မှတောင်သူများသာ လယ်ယာလုပ်ငန်းခွင်ကို ပြင်ဆင်လုပ်ကိုင်နိုင်ပြီး တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း ရပ်ရွာလုံခြုံရေး အခြေအနေများအရ လယ်ယာလုပ်ငန်းခွင် လုပ်ကိုင်နိုင်မှုမရှိသေးသည့် တောင်သူများလည်း ရှိနေကြသည်။ လက်ရှိတွင် စစ်​ဘေးရှောင် တောင်သူများနှင့် ရပ်ရွာလုံခြုံရေး အခြေအနေများအရ စိုးရိမ်နေကြရသည့် တောင်သူများမှာ လယ်ယာလုပ်ငန်းခွင်သို့ဝင်ရောက်နိုင်ခြင်း မရှိသေးဘဲ နီးစပ်ရာဒေသများနှင့် တောတောင်များအတွင်းသို့ ပုန်းအောင်းတိမ်းရှောင်နေကြရဆဲဖြစ်သည်။

မိုးနည်းရပ်ဝန်းဒေသဖြစ်သည့် အညာ​ဒေသများမှာ စိုက်ပျိုးရေးကို အဓိကအားထားနေရသည့် ဒေသများလည်းဖြစ်သည်။ လက်ရှိတွင် မိုးဦးကာလသို့ရောက်ရှိလာပြီဖြစ်ပြီး မိုးသီးနှံများစိုက်ပျိုးထွန်ယက်ကြရမည့် အချိန်ကာလလည်း ဖြစ်သည်။ ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံမှုနှင့် တောင်သူများ၏ လူမှုစီးပွားဘဝဖူလုံရေးအတွက် အရေးပါသည့် စိုက်ပျိုးရေးလုပ်ငန်းအများစုအား လက်လွှတ်ထားရသဖြင့် ဒေသတွင်း ထိခိုက်နစ်နာမှုများစွာဖြင့်ပါ ကြုံတွေ့နေကြရသည်။ ထိုကဲ့သို့ စိုက်ပျိုးရေးလုပ်ငန်းများစွာ ထိခိုက်လာပါက နိုင်ငံတွင်း စားနပ်ရိက္ခာများအထိပါ ထိခိုက်လာနိုင်ပြီး ကုန်စျေးနှုန်းမြင့်တက်မှုကပါ နောက်မှ ထက်ကြပ်ကွာ လိုက်ပါလာမည်မှာလည်း အမှန်ပင်ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် စပါးအပါအဝင် သီးနှံမျိုးစုံ စုစုပေါင်း စိုက်ပျိုးနိုင်မှုမှာ ဧကပေါင်း ၄ ဒသမ ၆ သန်းကျော်ရှိပြီး နှစ်စဉ် မိုးစပါးစိုက်ဧက ၁၈ သိန်းကျော် စိုက်ပျိုးပြီး အခြားမိုးသီးနှံများကို ဧကသုံးသန်းကျော်ခန့် စိုက်ပျိုးကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းဇယားများအရ သိရသည်။

မြန်မာနိုင်ငံ၏စီးပွားရေးမှာ အခြားသောကဏ္ဍများစွာရှိသော်လည်း စိုက်ပျိုးရေးနှင့်မွေးမြူရေး ကဏ္ဍကို အဓိကအခြေခံအားထား ပြုနေရသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်မှာ ကျေးလက်ဒေသတွင် အများဆုံးနေထိုင်ကြပြီး လယ်ယာစိုက်ပျိုးရေးကို အဓိကစိုက်ပျိုးလုပ်ကိုင်ကြသည်။ စိုက်ပျိုးရေးကဏ္ဍအသီးသီးမှ ထွက်ရှိလာသည့် ထုတ်ကုန်များကို ပြည်တွင်းစားသုံးမှုပမာဏ၊ အရန်သိုလှောင်ထားရှိမှုမှအပ ပြည်ပနိုင်ငံ အသီးသီးသို့ တင်ပို့ရောင်းချလျက်ရှိသည်။ ထိုသို့ ပြည်တွင်းစားသုံးမှု၊ အရန်သိုလှောင်ထားရှိမှု အပါအဝင် ပြည်တွင်းစားနပ်ရိက္ခာဖူလုံမှုရှိရန်အတွက် လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အဓိက မှီခိုနေရခြင်း ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံ၏စိုက်ပျိုးရေးကဏ္ဍမှ ပြည်တွင်ထုတ်လုပ်မှုတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းနှင့် ပြည်ပပို့ကုန်၏ ပို့ကုန်ဝင်ငွေ ၂၅ ရာခိုင်နှုန်းကို ရှာဖွေပေးလျက်ရှိသဖြင့် စိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံ၏ အဓိကအရေးပါသော အခန်းကဏ္ဍ၌ တည်ရှိနေသည်ကို ပြသလျက်ရှိသည်။ ထိုကဲ့သို့ စိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံ၏အရေးပါသော နေရာတွင် ရပ်တည်လျက်ရှိသော်လည်း ရာသီဥတုပြောင်းလဲဖောက်ပြန်မှုများဖြစ်သည့် မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ ပိုးမွှားကျရောက် ဖျက်ဆီးခြင်းစသည်တို့အပြင် လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်များကြောင့်လည်း စိုက်ပျိုးရေးကဏ္ဍကို ထိခိုက်မှုများဖြစ်ပေါ်စေသည်။

ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှုကြောင့်ဖြစ်စေ လက်နက်ကိုင် ပဋိပက္ခဖြစ်ရပ်များကြောင့်ဖြစ်စေ စိုက်ပျိုးရေးကဏ္ဍအားထိခိုက်ပါက စိုက်ပျိုးရေးအပေါ် မှီခိုနေရသည့် နိုင်ငံ၏အကျိုးစီးပွားပါ ထိခိုက်လာမည်မှာ အမှန်ပင်ဖြစ်သည်။ ယင်းကြောင့် ဒေသတွင်းစားနပ်ရိက္ခာနှင့် ပြည်တွင်းစားနပ်ရိက္ခာဖူလုံမှုတို့အတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းတို့မှာ အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။

ပျောက်ဆုံး​နေဆဲ ​တောင်သူများ၏ စိုက်ပျိုး​ရေးအိပ်မက်

မိုးဥတုကာလသို့ရောက်ရှိ၍ လာခဲ့ပြီဖြစ်သည်။ အနောက်တောင်မုတ်သုံလေသည် ယခု ​မေလ ဒုတိယပတ်အတွင်းမှ စတင်ကာ မြန်မာနိုင်ငံ​အောက်ပိုင်းဒေသများသို့ စတင်ဝင်ရောက်လာခဲ့ပြီဖြစ်သည်။ များမကြာမီ မြန်မာနိုင်ငံ အလယ်ပိုင်း​ဒေသများနှင့် အထက်ပိုင်း​ဒေသများသို့ ချင်းနင်းဝင်​ရောက်လာတော့မည်ဖြစ်သည်။ အ​နောက်​တောင်မုတ်သုံ​လေဝင် ရောက်လာသည်နှင့်အမျှ နိုင်ငံတစ်ဝန်းရှိဒေသအလိုက် မိုးရွာသွန်းမှုများလည်း ရှိနေပြီဖြစ်သည်။ မုတ်သုံမိုးကြောင့် နေ့အပူချိန်များလည်း တဖြည်းဖြည်းလျော့ကျလာခဲ့ပြီလည်းဖြစ်သည်။ ရာသီစက်ဝန်းသည် ပုံမှန်အတိုင်းပင် လည်ပတ်လျက်ရှိသည်။ ထိုသို့ ဥတုရာသီ၏စက်ဝန်းသည် ပုံမှန်အတိုင်း ရောက်ရှိလာခဲ့သော်လည်း စိုက်ပျိုးရန်ပြင်ဆင်နေကြသည့် တောင်သူများ၏ ပစ္စက္ခအခြေအနေများသည် ပုံမှန်မဟုတ်သည့် အခြေအနေများနှင့် ကြုံတွေ့နေကြရသည်။

နိုင်ငံရေးအပြောင်း အလဲတစ်ရပ်အောက်တွင် နိုင်ငံ၏နေရာဒေသအချို့တွင် ယမ်းငွေ့တို့က တိုး၍ တိုး၍ ဝေလာနေဆဲဖြစ်သည်။ အညာ​ဒေသများ အပါအဝင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရှမ်း စသည့် တိုင်းရင်းသားတို့၏ ဌာနေတို့တွင် တိုက်ပွဲတို့ဖြစ်ပွားနေသည်။ တပ်မတော်နှင့်တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့များ၏ တိုက်ပွဲများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချင်းချင်း တိုက်ပွဲများ၊ လက်နက် ကိုင်အဖွဲ့အစည်းသစ်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တိုက်ပွဲများက နေရာဒေသအတော်များများ၌ ဖြစ်ပွားနေသည်။ ယခင်က တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ကာလအတော်ကြာ ငြိမ်သက်နေခဲ့သည့် တိုင်းရင်းသားဒေသများ၌ပါ တိုက်ပွဲများက ခပ်စိပ်စိပ် ဖြစ်ပွားလာသည်။ ဒေသခံ တိုင်းရင်းသားပြည်သူများ နေရပ်စွန့်ခွာ၍ ထွက်ပြေးနေကြရသည်။

စိုက်ပျိုးရာသီချိန်ဖြစ်သော်လည်း တောင်ယာတို့ကို ပစ်၍ စစ်ဘေးရှောင်စခန်းများသို့ သွားရောက် နေထိုင်နေကြရသည်။ ဒေသခံတိုင်းရင်းသားတို့ အခက်အခဲမျိုးစုံဖြင့် ကြုံတွေ့နေကြရသည်။ သူတို့၏ အိမ်ပြန်ချိန်သည် တွက်ဆ၍မရသေးသော ပုစ္ဆာတစ်ပုဒ်လိုပင် အဖြေကားမရှိသေးချေ။ နှစ်ဖက်တိုက်ပွဲပဋိပက္ခများအတွင်း ထိခိုက်ကျဆုံးမှုများရှိသကဲ့သို့ အရပ်သားပြည်သူများလည်း ထိခိုက်သေဆုံးမှုများ ကြုံ​တွေ့ကြရ သည်။

နိုင်ငံအတွင်း နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်နှင့်အတူ ဖြစ်ပွားပေါ်ပေါက်လာခဲ့သည့် တိုက်ပွဲများမှာ နယ်စပ်ဒေသ၊ တိုင်းရင်းသား ဒေသတို့တွင်သာမကဘဲ သေနတ်သံ တိတ်ဆိတ်နေသော မြေပြန့်ဒေသများ၌ပါ တိုက်ပွဲတို့က မကြာခဏဖြစ်ပွား၍လာသည်။ မြူခိုးများအကြား ယမ်းငွေ့တို့က နေရာယူလာကြသည်။

တိုက်ပွဲနှင့်ကြုံတွေ့ဖူးခြင်းမရှိသည့် မြေပြန့်ဒေသနေ ပြည်သူများမှာ စစ်ဘေးရှောင်စခန်းကဲ့သို့စခန်းများ အတည်တကျမရှိဘဲ တောတောင်များထဲ၌ အခက်အခဲများ စွာဖြင့် နေထိုင်နေကြရသည်။ နေအိမ်များ လယ်ယာများကိုစွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ မိုးသီးနှံများ စိုက်ပျိုးရန် စတင်ပြင်ဆင်ရမည့် အချိန်ဖြစ်သော်လည်း ကျွဲ၊ နွားတို့အပေါ် ထွန်တုံးတပ်ဆင်၍ လယ်ယာစိုက်ပျိုးမှု အလုပ်တို့ကို မပြုလုပ်နိုင်ကြသေးပေ။ ယခင်က တောင်သူတို့ မျှော်မှန်းထားသည့် မိုးရာသီအိပ်မက်တို့က ဝေ၀ါးပျောက်ကွယ်နေဆဲဖြစ်သည်။

တိုက်ပွဲတို့နှင့်ကြုံတွေ့နေကြရသည့် တောင်ပေါ်မြေပြန့်မှ တိုင်းရင်းသားပြည်သူများသည် နေရပ်စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်သည်။ နှစ် ၇၀ နီးပါး ကြာမြင့်လာခဲ့ပြီဖြစ်သည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတို့သည် ငြိမ်သက်နိုင်ခြင်းမရှိသေးဘဲ စစ်ပွဲဧရိယာများက ယခင်ထက်ပိုမို ကျယ်ပြန့်လာနေကာ နေရာအနှံ့ ပြန့်ကျဲဖြစ်ပွားနေဆဲဖြစ်သည်။ စစ်ဘေးရှောင်ပြည်သူများမှာလည်း တိုးပွားလာသည့် တိုက်ပွဲများနှင့် အတူ ပိုမိုများပြားလာလျက်ရှိသည်။ မပြီးဆုံးသေးသော တိုက်ပွဲများနှင့်အတူ တိုက်ပွဲရှောင်ပြည်သူ များ၏ဘဝများသည်လည်း မရေရာမှုများစွာဖြင့် အဆုံးမသတ်နိုင်သေးပေ။ ထို့အတူ တိုက်ပွဲရှောင်တိုင်းရင်းသားပြည်သူများ၏ အိမ်ပြန်ချင်သည့်အိပ်မက်များမှာ အဖြေမရှိသေးသော ပုစ္ဆာတစ်ပုဒ်လိုပင်။ တိုက်ပွဲရှောင်နေကြရသည့် တောင်သူများ၏ မိုးရာသီစိုက်ပျိုးရေး အိပ်မက်သည်လည်း မိုးသည်းထဲတွင် မှုန်ဝါးပျောက်ကွယ်၍ နေဆဲဖြစ်သည်။

အမိမြန်မာပြည် ​သေနတ်သံ ဗုံးသံများထာဝရချုပ်ငြိမ်း၍ အမြန်ဆုံး ငြိမ်းချမ်းသာယာပါ​စေ၊ ​သွေးချင်းတိုင်းရင်းသားညီအစ်ကို အချင်းချင်းတို့အကြား စစ်ပွဲများ အမြန်ရပ်ဆိုင်း၍ ထာဝရငြိမ်းချမ်းကြပါ​စေ၊ လူအချင်းချင်း ရန်ပြု သတ်ဖြတ်ခြင်းများလည်း အမြန်ဆုံးချုပ်ငြိမ်းကြပါ​စေ၊ ​ကျည်ဆန်များအစား ပန်းများပွင့်​စေ၊ အမိမြန်မာပြည် အမြန်ဆုံး ထာဝရငြိမ်းချမ်းသာယာ၍ အမြန်ဆုံးဖွံ့ဖြိုးတိုး တက်ပါ​စေဟုသာ ​တောင်းဆုပြု​နေမိတော့သည်။    

Most Read

Most Recent