ယူကရိန်းအရေး၌ သွေးစည်းသော်ငြား အမှားများနေနိုင်ဆဲ NATO

ယူကရိန်းအရေး၌ သွေးစည်းသော်ငြား အမှားများနေနိုင်ဆဲ NATO
အမေရိကန်သမ္မတ ဘိုင်ဒင် (ယာမှ ဒုတိယ) နှင့် တူရကီသမ္မတ ရီဆပ်တေယစ်အာဒိုဂန် (ဝဲမှ ဒုတိယ) တို့ ဇွန် ၂၉ ရက်က မက်ဒရစ်မြို့တွင် ပြုလုပ်သော NATO ထိပ်သီးဆွေးနွေးပွဲအတွင်း တွေ့ဆုံစဉ် (Photo : AP)
အမေရိကန်သမ္မတ ဘိုင်ဒင် (ယာမှ ဒုတိယ) နှင့် တူရကီသမ္မတ ရီဆပ်တေယစ်အာဒိုဂန် (ဝဲမှ ဒုတိယ) တို့ ဇွန် ၂၉ ရက်က မက်ဒရစ်မြို့တွင် ပြုလုပ်သော NATO ထိပ်သီးဆွေးနွေးပွဲအတွင်း တွေ့ဆုံစဉ် (Photo : AP)
Published 2 July 2022
နရီမင်း

မက်ဒရစ်မြို့၌ ယခုသီတင်းပတ်အတွင်း ပြုလုပ်ခဲ့သည့် ထိပ်သီးဆွေးနွေးပွဲတွင် NATO ၏ သွေးစည်းမှုကို ပြသခဲ့သည်။ လက်ရှိလမ်းကြောင်းအတိုင်း ဆက်လက်ရပ်တည်ရန်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ယူကရိန်းအား ကျူးကျော်မှုကို ဆက်လက်ယှဉ်ပြိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများ တစ်ဦးပြီးတစ်ဦး ကတိပြုခဲ့ကြသည်။

သို့သော် ယခုစစ်ပွဲက နွေရာသီအထိတိုင် သွေးထွက်သံယိုဖြစ်ပွားလျက်ရှိပြီး ကြောက်မက်ဖွယ် ရော့ကက်တိုက်ခိုက်မှုများကြောင့် အရပ်သားများ သေကြေပျက်စီးရမှုများ ဖြစ်ပေါ်နေချိန် NATO အနေဖြင့် ၎င်းတို့၏ မဟာဗျူဟာ ကျရှုံးနိုင်ဖွယ်ရှိပုံအား မေးခွန်းထုတ်ရန် လိုအပ်သည်။ နည်းလမ်းအချို့ဖြင့် စဉ်းစားကြည့်ကာ (စိတ်ကူးသဘောအရ) ရန်သူအဖွဲ့အသွင်ယူကြည့်ခြင်းဖြင့် လေ့လာသုံးသပ်ချက် ပြုလုပ်ပါက ယူကရိန်း၏ မဟာမိတ်များသည် ၎င်းတို့၏ လက်ရှိအားသာ ချက်များအား အချည်းနှီးဖြစ်အောင် လုပ်နေခြင်းဖြစ်နိုင်ကြောင်းနှင့် ယခုစစ်ပွဲ၌ ရှုံး နိမ့်နိုင်ကြောင်းတို့ကို တွေ့ကောင်းတွေ့ရနိုင်သည်။

ယခုလက်ရှိအထိ မှတ်တမ်းကတ်ပြားကို ကြည့်ပါက ပူတင်အနေဖြင့် သူ၏စစ်ပွဲရည် ရွယ်ချက်များ ကျရှုံးနေသည်ဟုထင်ရ၏။ ရုရှားတပ်ဖွဲ့ဝင်များသည် အားလျော့ဆုတ် ယုတ်လာနေသည့် သွေးလွှမ်းနေသော တိုက်ပွဲထဲ နွံနစ်လျက်ရှိသည်။ ယူကရိန်းသည် ရုရှား၏ ကြီးစိုးလွှမ်းမိုးမှုကို ဦးညွှတ်မည့်အစား ဥရောပသမဂ္ဂသို့ ဝင်ရောက်ခွင့် လျှောက်ထားခြင်းနှင့်အတူ ဥရောပသို့ ပူးပေါင်းနေသည်။ ပြန်လည်အသက်ဝင်လာသော NATO သည် မဟာမိတ်အဖွဲ့သို့ ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့ ပူးပေါင်းလာခြင်းနှင့်အတူ သူ၏ အရှေ့ဘက်နှင့် မြောက်ဘက် စစ်နံများကို အားကောင်းအောင် လုပ်နေသည်။ ၎င်းအပြင် ရုရှားသည် ဥရောပရှိ ၎င်း၏ စွမ်းအင်စျေးကွက်များနှင့် အနောက်တိုင်းနည်းပညာ သုံးစွဲခွင့်တို့ကို ဆုံးရှုံးရတော့မည့် လမ်းကြောင်းပေါ်တွင် ရှိနေသည်။

အနောက်တိုင်းသည် မှားယွင်းဖွယ်မရှိနိုင်သော မက်ဆေ့ခ်ျတစ်ရပ်ကို ပူတင်ထံသို့ ပေးပို့နေကြောင်း သမ္မတ ဘိုင်ဒင်က ဗုဒ္ဓဟူးနေ့တွင် မက်ဒရစ်၌ အခိုင်အမာ ပြောကြားခဲ့သည်။ ပင်တဂွန်သည် လက်နက်ကိုင်တပ်မကြီးတစ်ခု၏ ဌာနချုပ်ကို ပိုလန်သို့ ပို့ရန် စီစဉ်ထားသည်။ ဘောလ်တစ်နိုင်ငံများနှင့် ရိုမေးနီးယားသို့ အမေရိကန်တပ်ဖွဲ့ဝင်များ ပိုမိုစေလွှတ်မည်ဖြစ်သည့်အပြင် နောက်ထပ် ဖျက်သင်္ဘောနှစ်စင်းကိုလည်း စပိန်နိုင်ငံသို့ စေလွှတ်ကာ နောက်ထပ် အက်ဖ်- ၃၅ တိုက် လေယာဉ်အုပ်စုနှစ်ခုကို ‌ဗြိတိန်သို့ စေလွှတ် မည်ဖြစ်သည်။ အမေရိကန်က လုပ်ဆောင်ချက်များ ချဲ့ထွင်နေခြင်းကို ကြေညာလျက် “ကျွန်တော်တို့ မြှင့်တင်နေပါတယ်”ဟု ဘိုင် ဒင်က ပြောကြားခဲ့သည်။

ယခုအထိ ဖော်ပြလာခဲ့သော အခင်းအကျင်းနှင့်ပတ်သက်၍ မည်သည့်အရာများ မှားယွင်းနေနိုင်သနည်း။ မှားယွင်းမှုများစွာရှိနေနိုင်ကြောင်း (စိတ်ကူးသဘောအရ) ရန်သူအဖွဲ့အသွင်ယူကြည့်ခြင်းဖြင့် လေ့လာသုံးသပ်ချက်က ဖော်ပြနိုင်ပေလိမ့်မည်။

အကြီးမားဆုံး စိန်ခေါ်မှုမှာ စစ်မြေပြင် သက်သက်ပင်ဖြစ်သည်။ အသစ်ရောက်ရှိလာသော ဘက်စုံသုံး ရော့ကက်စနစ်များ (MLRS)၊ နောက်ထပ်ဖြည့်တင်းသည့် အမြောက်ကျည်များနှင့် နောက်ထပ် မြေပြင်-ဝေဟင်ပစ် ဒုံးကျည်များနှင့်အတူ ရုရှားတို့ ထိုးဖောက်မှုများကို ယူကရိန်းတို့က ထိန်းထားနိုင်ပြီး ဒွန်ဘက်ဒေသတွင် စစ်ဆင်ရေးက နှေးကွေးကာ တန့်နေလိမ့်မည်ဟု အမေရိကန်နှင့် ဗြိတိန် ထောက်လှမ်းရေးအဖွဲ့များမှ သုံးသပ်သူများက ဟောကိန်းထုတ်ကြပေလိမ့်မည်။

သို့သော် လက်နက်စီးဆင်းမှုက နှေးကွေး သို့မဟုတ် မလုံမလောက်ဖြစ်နေပါသလား။ ပင်တဂွန်သည် သဘောတရားအရ သက်သေပြနိုင်ရန် လိုလားလျက် သူ၏ MLRS များကို ဖြန့်ဝေမှုအား ကန့်သတ်ထားခဲ့ပြီး ယူကရိန်းက ၎င်းတို့လိုအပ်သည်ဟု ပြောသော အရေအတွက်၏ တစ်စိတ်တစ်ပိုင်းမျှကိုသာ ထောက်ပံ့ခဲ့သည်။ အခြားလက်နက်အချို့အား ဖြန့်ဝေမှုသည်လည်း နှေးကွေးလွန်းခဲ့ပြီး ယူကရိန်းတို့ လိုချင်သည်ထက် အလွန်နည်း ပါးလှစွာသာ စစ်မြေပြင်သို့ ရောက်ရှိလာသည် ဟု သတင်းရင်းမြစ်တို့က ဆိုသည်။

ဥပမာအားဖြင့် သေးငယ်သော်လည်း သေစေနိုင်သည့် Switchblade ဟု ခေါ်သော ဒရုန်းများအကြောင်း ဖြစ်သည်။ ယင်းဒရုန်းများသည် ရုရှားတို့၏ တင့်ကားများ၊ သင်္ဘောများနှင့် ကွပ်ကဲရေးစခန်းများကို တိုက်ခိုက်နိုင်သည်။ မော်ဒယ်နှစ်မျိုးရှိပြီး ပျံသန်းနိုင်သည့် အချိန်သည် ၁၅ မိနစ်မှ မိနစ် ၄၀ အကြားရှိသည်။ မတ်လကို ပြန်ကြည့်လျှင် ဘိုင်ဒင်အစိုးရအဖွဲ့သည် အဆိုပါသေးငယ်သော ဒရုန်း ၄၀၀ ကို ပထမအသုတ်အဖြစ် ယူကရိန်းနိုင်ငံသို့ ပေးပို့ရန် စီစဉ်ထားကြောင်း ကြေညာခဲ့သည်ဟု လက်နက်စနစ်များနှင့် ကျွမ်းဝင်သော သတင်းရင်းမြစ်တစ်ရပ်အရ သိရသည်။ သို့သော် ပင်တဂွန်သည် ပို၍ အရွယ်အစားကြီးမားသည့် ဒရုန်း ၁၀ စင်းကိုသာ ပေးပို့ခဲ့သည်ဟု အဆိုပါသတင်းရင်းမြစ်က ဆိုသည်။ ယူကရိန်းတို့က အဆိုပါ ဒရုန်းဗား ရှင်းအသီးသီးကို နောက်ထပ် ထောင်ပေါင်းများစွာ ပေးပို့ရန် တောင်းဆိုခဲ့သော်လည်း အမေရိကန်က တုံ့ပြန်မှုမရှိခဲ့ဟု အဆိုပါ သတင်းရင်းမြစ်ကပင် ပြောကြားခဲ့သည်။ ယင်းဒရုန်းများကိ Aero Vironment ကုမ္ပဏီက ပြုလုပ်ခြင်းဖြစ်သည်။

နိုင်ငံရေးလက်ပန်းကျမှုသည် အမေရိကန်ပြည်ထောင်စုနှင့် သူ၏ NATO မဟာမိတ်နိုင်ငံများအတွက် နောက်ထပ်ပြဿနာတစ်ရပ်ဖြစ်သည်။ ယူကရိန်းစစ်ပွဲသည် ယခုအခါ အတော်အတန် ခေတ်စားနေ သော်လည်း အမေရိကန်ဓာတ်ဆီစျေးမြင့်မားနေဆဲဖြစ်ခြင်း၊ ချမ်းအေးလှသည့် ဆောင်းကာလတွင် ဥရောပ၌ သဘာဝဓာတ်ငွေ့ထောက်ပံ့မှု ကျဆင်းသွားခြင်းနှင့် ငွေကြေးကို အဘယ့်ကြောင့် ပြည်တွင်းလိုအပ်ချက်များအတွက် မသုံးသနည်းဟု မဲဆန္ဒရှင်ပြည်သူများက မေးခွန်းထုတ်လာနိုင်ဖွယ်ရှိခြင်းတို့ကြောင့် မကျေနပ်ချက်များ ကြီးထွားလာမည်မှာ သေချာ၏။

(German Marshall Fund အဖွဲ့က စပွန်ဆာပေးသည့်) NATO ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်နွှယ်နေသော ညီလာခံတစ်ရပ်ကို ယခုသီတင်းပတ်အတွင်း ဘရက်ဆဲမြို့၌ ပြုလုပ်ခဲ့ရာ ဂျာမနီ၊ ပိုလန်၊ လတ်ဗီးယား၊ ရိုမေး နီးယား၊ ဂရိ၊ စပိန်၊ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတို့မှနေ၍ တက်ရောက်လာသူများထံမှ ယူကရိန်း၌ အောင်ပွဲရရေး တောင်းဆိုမှုများကို ကြားသိရသည်။ သူတို့အားလုံးက စစ်ပွဲသည် စတေးရမှုနှင့် ထိုက်တန်ကြောင်း အဆိုပြုကြသည်။ သို့သော် ၎င်းတို့နိုင်ငံအသီးသီးတွင် လုံလောက်သည့် နိုင်ငံရေးအရ ထောက်ခံမှု နည်းပါးခြင်းကိုလည်း အတော် များများက စိုးရိမ်ကြသည်။

G-7 မှ ခေါင်းဆောင်များသည် ယခု သီတင်းပတ်အတွင်း ဂျာမနီနိုင်ငံ အယ်မူးတွင် ပြုလုပ်သော ထိပ်သီးဆွေးနွေးပွဲ၌ အခက်ခဲဆုံး ပြဿနာနှစ်ရပ်ကို ဆွေးနွေးခဲ့သည်။ စွမ်းအင်စျေးနှုန်းများ ကျဆင်းရေးနှင့် ပို့ကုန်များတင်ပို့ရာ ယူကရိန်းနိုင်ငံ၏ ပင်လယ်နက်ဆိပ်ကမ်းများကို ရုရှားက ပိတ်ဆို့ထားခြင်းကြောင့် စားနပ်ရိက္ခာပြတ်လပ်နေမှုများကို သက်သာချောင်ချိအောင် ပြုလုပ်ရေးတို့ ဖြစ်ကြသည်။ G-7 မှ ခေါင်းဆောင်များထံ စိတ်ကူးများ ရှိပါ၏။ သို့သော် တိကျရေရာသည့် အ စီအစဉ်များကား နည်းပါးလှပါဘိ။ ယင်းပြဿနာများသည် စောင့်ဆိုင်း၍ နေနိုင်မည် မဟုတ်ပါ။ ပေးဆပ်ရမှုများက အနောက်တိုင်းအတွက် သည်းမခံနိုင်စရာ ဖြစ်လာဖွယ်ရှိသည်။

စစ်ပွဲများကို ရှုံးနိမ့်စေသော လမ်းတစ်လမ်းသည် ဉာဏ်ပညာမဲ့ ရန်စမှုများမှတစ်ဆင့် ဖြတ်သန်းသွားသည်။ အိမ်နီးချင်း (ရုရှား၏) ကာလီနင်ဂရက် သီးခြားနယ်မြေသို့ ကူးသန်းမှုကို ပိတ်ဆို့ရန် လစ်သူယေးနီးယား၏ မကြာသေးမီက ဆုံးဖြတ်ချက်သည် EU၏ ပိတ်ဆို့အရေးယူမှုများကို အကောင်အထည် ဖော်ခြင်းဖြစ်သည်။ သို့သော် အဓိပ္ပာယ်ရှိပါ၏လော။

ယင်းအရွေ့သည် ရုရှား၏ တန်ပြန်ထိုးနှက်မှုကို ဆွပေးသကဲ့သို့ ဖြစ်ပြီး ယင်းနောက် အပြန်အလှန် ကာကွယ်ပေးရေး NATO ၏ သဘောတူညီချက် အပိုဒ် ၅ ကို လစ်သူယေးနီးယားက ကိုးကားမှု ဖြစ်ပေါ်လာနိုင်သောကြောင့် လစ်သူယေးနီးယားသည် မယုံကြည်ချင်စရာကောင်းသည်ဟု အမေရိကန်နှင့် ဥရောပအရာရှိများစွာတို့က ဆိုကြသည်။

အလွန်ဘေးဒုက္ခကြီးသည့် နျူကလီးယားစစ်ပွဲအထိ မြင့်တက်သွားနိုင်သောကြောင့် ရုရှားအား တိုက်ရိုက်တိုက်ခိုက်မှုများကို ရှောင်ရှားခြင်းမှာ NATO အတွက် မှန်ကန်ပါသည်။ သို့သော် ယင်းသည် ရုရှား နိုင်ငံထဲမှနေ၍ ဒုံးကျည်များဖြင့် ပစ်ခတ်မှုအား ယူကရိန်းတို့အနေဖြင့် ပြန်လည်တိုက် ခိုက်ရန်မသင့်ဟု အဓိပ္ပာယ်မရပါ။ ရန်စခြင်းမရှိသော၊ တရားဝင်မဟုတ်သော စစ်ပွဲတစ်ပွဲအတွင်း ပူတင်သည် ရော့ကက်များပစ်ခတ်ရန် နေရာအဖြစ် သူ၏ပိုင်နက်ကို အသုံးပြုခဲ့ပါက သူ၏ နယ်စပ်ကို ကာကွယ်ရန်ဟူသည့် အချက်မှာ ပျက်ပြယ်သွားပြီဖြစ်သည်။

နျူကလီးယားလက်နက် ပိုင်ဆိုင်ထားသော ရုရှားနိုင်ငံက ခြွင်းချက်မရှိ လက်နက်ချ မည်မဟုတ်သည်မှာ သေချာလှသောကြောင့် - ယူကရိန်းသည် စစ်မြေပြင်၌ ရုရှားကို တား ဆီးနိုင်လျှင်ပင် ယူကရိန်းအနေဖြင့် သူ အလိုရှိသည့် ဖြေရှင်းမှုမျိုးကို အခါအားလျော်စွာ ဆုံးဖြတ်လာရမည်ဖြစ်သည်။ သို့သော် သံတမန်နည်းဖြင့် ဖြေရှင်းရန် အခါသမယ ရောက် ရှိလာနိုင်ခြေမှာလည်း ဝေးလွန်းလှပါသေး၏။

ယင်းသည်ကား တိုက်ပွဲဝင်ရန် ယူကရိန်းစစ်ပွဲပင်။ သို့သော် NATO အနေဖြင့် မဟာမိတ်များ၏ ကိုယ်ပိုင်ယုံကြည်မှုနှင့် ရှင်သန်ကျန်ရစ်ရေးတို့ကို လောင်ကြေးထပ်ထားရသကဲ့သို့ မိမိတို့၏ မဟာဗျူဟာအား စီစဉ်ရန် လိုအပ်နေပေပြီ။

Ref : The Washington Post

Most Read

Most Recent