COVID-19 ကန့်သတ်ချက်များကို ဖြေလျှော့လိုက်ပြီးနောက် တရုတ်နိုင်ငံ၏ ဝန်ဆောင်မှု လုပ်ငန်းများနှင့် ကုန်ထုတ်လုပ်ငန်းများ ပြန်လည်ဦးမော့လာ

COVID-19 ကန့်သတ်ချက်များကို ဖြေလျှော့လိုက်ပြီးနောက် တရုတ်နိုင်ငံ၏ ဝန်ဆောင်မှု လုပ်ငန်းများနှင့် ကုန်ထုတ်လုပ်ငန်းများ ပြန်လည်ဦးမော့လာ
ဇွန် ၂၁ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကိုဗစ်စစ်ဆေးမှုခံယူရန် စောင့်ဆိုင်းနေသူများကို တွေ့ရစဉ် (Photo : AFP)
ဇွန် ၂၁ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကိုဗစ်စစ်ဆေးမှုခံယူရန် စောင့်ဆိုင်းနေသူများကို တွေ့ရစဉ် (Photo : AFP)
Published 30 June 2022
Ref : AFP

ရှန်ဟိုင်းနှင့် ပေကျင်းကဲ့သို့ အဓိကမြို့ကြီးများတွင် COVID-19 ရောဂါဆိုင်ရာ ကန့်သတ်ချက်များကို ဖြေလျှော့မှုနှင့်အတူ တရုတ်နိုင်ငံ၏ စက်ရုံနှင့် ဝန်ဆောင်မှုလုပ်ငန်းများ လည်ပတ်မှုသည် ဇွန်လထဲတွင် အရှိန်ပြန်ရလာခဲ့သည်။

ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားအကြီးဆုံး တရုတ်နိုင်ငံ၏ စီးပွားရေး လည်ပတ်လှုပ်ရှားမှုကို အဓိက တိုင်းတာသောကုန်ထုတ်လုပ်မှုနှင့် မသက်ဆိုင်သည့် Purchasing Manager’s Index အညွှန်းကိန်းသည် မျှော်မှန်းချက်များနှင့် ကွဲလွဲနေခဲ့ပြီး သုံးလကြာ တိုးတက်မှု နှေးကွေးနေခဲ့ရာမှ ဇွန်လထဲတွင် ၅၄.၇ ပွိုင့် မြင့်တက်လာခဲ့သည်။

ယင်းသည် တိုးတက်မှုနှင့် ဆုတ်ယုတ်ကျဆင်းမှုကို ခွဲခြားသတ်မှတ်သည့် ပွိုင့် ၅၀ အမှတ်၏ အထက်သို့ ဖေဖော်ဝါရီလနောက်ပိုင်း ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့ခြင်းဖြစ်ကာ ပြီးခဲ့သည့် မေလတွင်မူ ၄၇.၈ ပွိုင့်ရှိခဲ့သည်။

“ပြည်တွင်းမှာ ကပ်ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေး အခြေအနေ ဆက်လက်တိုးတက်လာခြင်းနဲ့ စီးပွားရေးတည်ငြိမ်မှုရှိ ရေးအတွက် မူဝါဒ ချမှတ်ဆောင်ရွက်မှုတွေကို ပိုမိုထိရောက် မြန်ဆန်စွာ ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် တိုင်းပြည်စီးပွားရေးရဲ့ ဘက်ပေါင်းစုံက နာလန်ပြန်ထူလာမှုဟာ ပိုမိုအရှိန်ရလာခဲ့ ပါတယ်” ဟု အမျိုးသား စာရင်းအင်းဌာနမှ အဆင့်မြင့် တာဝန်ရှိသူ ကျောက်ချင်းဟော်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အထူးသဖြင့် COVID-19 ကပ်ရောဂါကြောင့် အကြီးအကျယ် ထိခိုက်ခဲ့သည့် မီးရထားနှင့် လေကြောင်းပို့ဆောင်ရေးကဲ့သို့ လုပ်ငန်းများ၏ လည်ပတ်မှုသည် ဇွန်လထဲတွင် အရှိန်ရလာခဲ့သည်ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။ ဆောက်လုပ်ရေးလုပ်ငန်း လည်ပတ်မှုများသည်လည်း PMI အညွှန်းကိန်း မြင့်တက်လာစေရန် အထောက်အကူ ပေးခဲ့သည်ဟု သိရသည်။

ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းသည် ဇွန်လထဲတွင် ၅၀.၂  ပွိုင့်သို့ မြင့်တက်ခဲ့ပြီး မေလတွင်မူ ၄၉.၆ ပွိုင့် ရှိခဲ့သည်။ လော့ဒေါင်းချမှုများကို ရုပ်သိမ်းခဲ့ပြီးနောက်တွင် ကုန်ထုတ်လုပ်မှုကဏ္ဍ၌ ကုန်စည်ထုတ်လုပ် ဖြန့်ဖြူးမှု လုပ်ငန်းစဉ်များ အရှိန်ပြန်ရလာခြင်း ဖြစ်သည်ဟု တရုတ်အမျိုးသား စာရင်းအင်းဌာနက ဆိုသည်။

တရုတ်သည် ကမ္ဘာပေါ်တွင် ကိုဗစ်ကင်းစင်ရေး မဟာဗျူဟာကို ဆက်လက်ကိုင်စွဲထားသည့် တစ်ခုတည်းသော စီးပွားရေးအင်အားကြီးနိုင်ငံ ဖြစ်သည့်အလျောက် ရောဂါကူးစက် ပြန့်ပွားမှုမှန်သမျှကို အမြစ်ဖြတ်ထိန်းချုပ်ခြင်း၊ ရုတ်တရက် လော့ဒေါင်းချခြင်းနှင့် လူအများအပြားအား ဆေးစစ်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည်။

နိုင်ငံတကာမှ ရောက်ရှိလာသည့် ခရီးသွားများအတွက် ကွာရန်တင်း ဝင်ရမည့်ကာလကို မကြာသေးမီက လျှော့ချပေးခဲ့သော်လည်း တရုတ်အနေဖြင့် လက်ရှောင်သည့် ချဉ်းကပ်နည်းကို ကျင့်သုံးမည်ဆိုပါက မှန်းဆ၍ မရနိုင်လောက်သည့် အကျိုးဆက်များနှင့် ရင်ဆိုင်ရလိမ့်မည်ဟု သမ္မတ ရှီကျင်းပင်က သတိပေးခဲ့သည်။

တရုတ်၏ ကိုဗစ်ကင်းစင်ရေးမူဝါဒကြောင့် စီးပွားရေးအပေါ် ပြင်းထန်သည့် ထိခိုက်မှုများ ဖြစ်စေခဲ့ပြီး စားသောက်ဆိုင်များနှင့် စျေးဆိုင်များ ပိတ်ထားခဲ့ရကာ ကုန်စည်ထုတ်လုပ် ဖြန့်ဖြူးမှုကွင်းဆက်ကိုလည်း ထိခိုက်စေခဲ့သည်။                       

Most Read

Most Recent