MoU လမ်း​ကြောင်းရှိ​နေသော်လည်း တရားမဝင်နယ်စပ်ဖြတ်​ကျော်သွားလာမှု များပြားလာခြင်းက အ​ဖြေမရှိတဲ့ပုစ္ဆာလား

MoU လမ်း​ကြောင်းရှိ​နေသော်လည်း တရားမဝင်နယ်စပ်ဖြတ်​ကျော်သွားလာမှု များပြားလာခြင်းက အ​ဖြေမရှိတဲ့ပုစ္ဆာလား
ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် မြန်မာ MoU လုပ်သားများကို ကော့ကောင်းဘက်ခြမ်းတွင် တွေ့ရစဉ်
ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် မြန်မာ MoU လုပ်သားများကို ကော့ကောင်းဘက်ခြမ်းတွင် တွေ့ရစဉ်
Published 26 June 2022

လုပ်အားခ ဝင်ငွေ ပိုမိုရရှိလိုတဲ့ စိတ် ရင်းအမှန်နဲ့ ထိုင်းနိုင်ငံကို တရားဝင်သွားမယ် ဆိုတဲ့သူတွေ နယ်စပ်မြဝတီမြို့မှာ ရာပေါင်း များစွာရောက်ရှိလို့နေပါတယ်။ ပြည်ပအလုပ် အကိုင် ရှာဖွေရေးအေဂျင်စီတွေနဲ့ ချိတ်ဆက် ပြီး နိုင်ငံကူးလက်မှတ်လာလုပ်ကြတာပါ။ လုပ် ငန်းစဉ်တိုင်းမှာ အကျော်အခွ ရှိနေတာကြောင့် အလှည့်ကျ တန်းစီစောင့်နေကြရပေမဲ့ ၁၀ ရက်မှ တစ်လအထိ ရက်ကြာရှည် စောင့်ဆိုင်း နေရသူတွေလည်း ရှိနေပါတယ်။ ကုမ္ပဏီနဲ့ စာမချုပ်ခင်၊ စေလွှတ်ခွင့်မကျခင်မှာ လနဲ့ချီ ကြန့်ကြာနေမှုကလည်း တရားမဝင် နယ်စပ် ဖြတ်ကျော်လမ်းကြောင်းပေါ်ကို တွန်းပို့နေ သလိုဖြစ်နေပါတယ်။

“ကျွန်တော်တို့မူလရည်မှန်းတာက စာအုပ်လုပ်တာအများဆုံးကြာလှတစ်ပတ်ပေါ့။ ပြီးရင်ရွာပြန်မယ်။ အလုပ်ခေါ်စာရလို့ ကုမ္ပဏီနဲ့စာချုပ်ပြီး ထိုင်းကိုတရားဝင်  အလုပ် သွားလုပ်မယ်ပေါ့။ ခုတော့ အစီအစဉ်ကပြောင်းသွားပြီ။ စာအုပ်လုပ်တာနဲ့တင် တစ်လကျော်ကြာပြီ။ မသေချာသေးဘူး။ မယုံတော့ ဘူးလေ။ ပွဲစားနဲ့ချိတ်ပြီး အောက်လမ်းကပဲ သွားတော့မယ်။ပတ်စ်ပို့စာအုပ် လုပ်မရသေးသူအများစုက လူကယ်ရီပွဲစားတွေနဲ့ ချိတ်နေကြတာပါပဲ” လို့ ထိုင်းကိုတရားဝင် သွားဖို့ ပတ်စ်ပို့လာလုပ်သူတစ်ဦးက ပြောပါ တယ်။

တောင်မှ မြောက်ကို ဖီလာစီးဆင်းနေတဲ့ သောင်ရင်း မြစ်က ထိုင်း-မြန်မာနှစ်နိုင်ငံ ကြား မှာ ခြံစည်းရိုးသဖွယ်ကာရံလို့နေပါတယ်။အကာအရံအတားအဆီးတွေနဲ့အတူ ကိုဗစ်အရေးပေါ်ကာလသတ်မှတ်ချက်​​တွေကြောင့် နယ်စပ်ဖြတ်ကျော် ဝင်​​ရောက်မှုကို ထိုင်းနိုင်ငံ က အထူးကြပ်မတ်တားဆီးထားပေမဲ့   မြန်မာ ရွှေ့ပြောင်းလုပ်သားတွေဟာ အပြောကြွယ် သူလူကယ်ရီပွဲစားတွေနဲ့ချိတ်ဆက်ပြီးတော့ တရားမဝင် ဝင်ရောက်ကြတဲ့အတွက် ဖမ်းဆီး ခံရသူတွေ နေ့စဉ်ရှိနေပါတယ်။

အများစုကတော့ နောက်ချန် မိသားစု တွေရဲ့ဘဝလှပရေး၊ မိသားစု ဝမ်းရေးပြဿနာ ကို ဖြေရှင်းမယ်ဆိုတဲ့ မျှော်လင့်ချက်မိုးကောင်း ကင်ကြီးတွေနဲ့ပေါ့ ။သူတို့တွေဟာ သား၊သမီး၊ မိဘတွေ၊ ဆွေမျိုးတွေနဲ့ရင်နင့်စွာခွဲ ခွာလာကြ တဲ့ မြန်မာ့ရွှေ့ပြာင်း လုပ်သားတွေပဲ ဖြစ်ပါ တယ်။

ကိုဗစ်လှိုင်းဂယက်ပြီးတော့ နိုင်ငံရေးအပြောင်းအလဲတွေ၊ မငြိမ်သက်မှုတွေကြောင့် မိုးပျံ ပူဖောင်းစီးသလို  မြင့်တက်သွားတဲ့ ကုန် စျေးနှုန်းကို ဇက်လည်အောင် မော့ ကြည့်ရင်း ပြည်တွင်းမှာ ရရှိလာတဲ့ လုပ်အားခနဲ့ထိန်းညှိ နိုင်တဲ့ အခြေအနေ မရှိသူတွေဟာ မိသားစု စားဝတ်နေရေးကို ပြေလည်စေချင်လို့ထွက် ခွာလာရသူတွေ၊  ပြည်တွင်း မှာ အလုပ် အကိုင် အခွင့် အလမ်းတွေ ပိုမိုရှားပါးလာရုံမက အိမ် နီးချင်းနိုင်ငံတွေနဲ့ယှဉ်ရင် စားလောက်တဲ့ အခြေခံလုပ်ခလစာ  နည်းပါးခြင်းတို့ကြောင့် မြဝတီနယ်စပ်မှတစ်ဆင့် အိမ်နီးချင်း ထိုင်း နိုင်ငံသို့ တရားမဝင် ထွက်ခွာသူ များ ပြားလာ ပါတယ်။

တစ်ဖက်မှာလည်းငယ်ရွယ်သူ လူငယ်၊ လူရွယ်တွေ နေရပ်စွန့်ခွာရွှေ့​​ပြောင်းသွားလာ မှုတွေကြောင့် ပြည်တွင်းမှာ လူ့စွမ်းအား အရင်းအမြစ် တွေပိုမိုဆုံရှုံး လာတယ်လို့ ဆိုပါ တယ်။

ပြည်တွင်းမှာ လူတိုင်း အလုပ်အကိုင် အခွင့်အလမ်းရရှိမယ့် အလုပ်ရုံစက်ရုံနဲ့ သင့် တင့်တဲ့ လုပ်အားခတွေမရမချင်း ပြည်တွင်း မှာလူ့စွမ်းအားအရင်းအမြစ်တွေဆုံးရှုံးနေဦး မှာပဲလို့  အလုပ်သမားအရေးလေ့လာသုံးသပ် သူတွေက ဆိုပါတယ်။

ကိုဗစ်လှိုင်းဂယက်တွေကြောင့် နှစ်နှစ်ကျော်ကြာ ရပ်နားခဲ့ရတဲ့ MoU လုပ်သားစေလွှတ်မှုကို ယခုနှစ်မေ ၁၀ ရက်မှ စတင်ကာ ဇွန် ၂၀ ရက်အထိ လုပ်သား ၄၀၀၀ ကျော်သာ တရားဝင် ထွက်ခွာနိုင်ခဲ့တာဟာ ယခင်ကာလ က  တရားဝင် MOU လုပ်သားစေလွှတ်မှုနှုန်းနဲ့ ယှဉ်ရင် နှေးကွေးနေတယ်လို့ အလုပ်သမား အရေးကျွမ်းကျင်သူတွေကသုံးသပ်နေကြပါ တယ်။

“တရားဝင် MOU လမ်းကြောင်းရှိတယ်။ သို့ပေမဲ့တရားမဝင် ဝင်ရောက်မှုတွေကတစ်နေ့တခြား ပိုပို ဝင်နေကြတယ်။တရားမဝင် လမ်းကြောင်းတွေကနေ့စဉ်ဝင်လာကြတယ်။အဲဒီတော့ ထိုင်းအစိုးရက ရွှေ့ပြောင်းလုပ်သား တစ်သိန်းခွဲအထိ အလိုရှိပါတယ်လို့ဖိတ်ခေါ်တိုက်တွန်းထားပါတယ်။ သို့သော်လည်း ထိုင်းအစိုးရကရွှေ့ပြောင်းလုပ်သားအလိုရှိတဲ့အတိုင်း ကျွန်တော်တို့မြန်မာဘက်က မောင်မောင်ခေါ်လို့ရှိရင် သွက်လက်စွာပဲ ဗျာထူးဖို့ လိုပါတယ်။ မဟုတ်ရင် တရားမဝင်ဝင်ရောက် သူတွေ အများကြီးနစ်နာလို့ပါ။ လမ်းခရီးမှာ ကြုံတွေ့ရတဲ့ဒုက္ခ၊ရာဇဝတ်မှုတွေ၊လူကုန်ကူးမှုတွေ၊ အလုပ်သမားအခွင့်အ​​ရေးချိုး​​ဖောက်ခံ ရမှုခံရမှုတွေ တစ်နွယ် ငင် တစ်စင်ပါပေါ့ဗျာ။ ခုချိန်အထိ လုပ်ထုံးလုပ်နည်းကြန့်ကြာစွာနဲ့ပို့​​နေတာ အရမ်းနည်းနေပါတယ်။ လုပ်ထုံး လုပ်နည်းတွေ မြန်မြန်ဆန်ဆန် အကောင် အထည်ဖော်ပြီးတော့ စေလွှတ်ပေးဖို့လို အပ်ပါတယ်။ စနစ်တကျရွှေ့ပြောင်းသွား လာမှသာ MOU လုပ်သားစေလွှတ်မှုက မြန် ဆန်လာမှာဖြစ်ပါတယ်။ ခုလို​​နှောင့်နှေးနေတဲ့ ခါမှာကျတော့ အခြားတစ်ဖက်မှာ ကြိုးတန်း လမ်းလျှောက်စွန့်စားနေကြမှုက အန္တရာယ် အရမ်းများပါတယ်။ ဒုက္ခရောက်ကြတာတွေ၊ အသက်ဆုံးရှုံးမှုတွေ များလာလို့ပါ”လို့ မြန်မာ ပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးကဆိုပါတယ်။

Demand Letter ရထားတဲ့လုပ်သား အင်အားလိုအပ်ချက်နဲ့ နှစ်နိုင်ငံကအသိ အမှတ်ပြုထားတဲ့ ၊အတည်ပြုထားပြီးတော့ တရားဝင်စစ်ဆေးထားတဲ့နေရာမဟုတ်ဘဲ သွားပို့တယ်ဆိုရင်အဲဒီ MoU စနစ်က တရားဝင် လူကုန်ကူးမှုဖြစ်သွားလိမ့်မယ်လို့ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ရုံးအဖွဲ့မှူး ဦးမိုးကျော်က ပြောကြားပါတယ်။

ဦးမိုးကျော်က “ MoU ဆိုတာ နှစ်နိုင်ငံ၊ အစိုးရနှစ်ရပ်သဘောတူ စာချွန်လွှာနဲ့ သွားတဲ့ အလုပ်သမားတွေ၊အလုပ်သမားစေလွှတ်တာ၊ လက်ခံတာဖြစ်တယ်။ယခင်အစိုးရလက်ထက် က တစ်သိန်းဝန်းကျင်နဲ့ လုပ်ဆောင်ခဲ့ကြတာ။ ယခင်အစိုးရလက်ထက် MOU လုပ်ငန်းစဉ်ထဲမှာကျန်ခဲ့တာရှိတယ်။ ယခုချိန်မှာ MOU လုပ်ငန်းစဉ်ကလွဲချော်မှုတွေ၊နောက်ဆက်တွဲ ပြသာနာတွေ အများကြီးရှိလာမယ်။ ဘာကြောင့်နောက်ဆက်တွဲတွေဖြစ်လာမလဲဆိုတော့ပို့လိုက်တဲ့ MOU လုပ်သားတွေက မူလ စာချုပ်မှာပါတဲ့ လုပ်ငန်းခွင်ကဟုတ်ရဲ့လား။ စာချုပ်မှာရှိနေတဲ့ ဥပဒေပါ၊ ခံစားခွင့်တွေ၊ ရပိုင်ခွင့်တွေကို တကယ်ပဲရရဲ့လား။ ဒီဘက်မှာ ရှိတဲ့ထိုင်းအေးဂျင့်တွေကလည်း ပို့လိုက်တဲ့ လုပ်သားတွေ စက်ရုံ၊ အလုပ်ရုံတွေကိုခွဲပို့တဲ့ အခါကျတော့ တကယ့်တကယ်ကျတော့ အဲဒီ စက်ရုံတွေက တစ်ရာ၊ တစ်ထောင်မလိုဘူးပေါ့။ အေးဂျင့်ကလည်း အခြားလိုအပ်ပြီးတော့ ီနာညေိ ူနအအနမ မရထားတဲ့လုပ်သား အင်အားလိုအပ်ချက် နှစ်နိုင်ငံကအသိအမှတ် ပြုထားတဲ့ အတည်ပြုထားပြီးတော့ တရားဝင် စစ်ဆေးထားတဲ့နေရာမဟုတ်ဘဲ သွားပို့တယ် ဆိုရင်အဲဒီ MOU စနစ်က တရားဝင် လူကုန် ကူးမှုဖြစ်သွားလိမ့်မယ်”လို့ ဦးမိုးကျော်က ဆို ပါတယ်။

ထိုင်းနိုင်ငံကို တရားဝင် MOU လုပ်သား အဖြစ်သွားမယ်ဆိုတဲ့ သူတွေမြေပြင်မှာကုန်နေတာ ၁၀ သိန်းကနေ သိန်း ၂၀ ကျော်အထိ ကုန်ကျနေတာရှိပါတယ်။ ဒီလို ကုန်ကျတဲ့ ကိန်းဂဏန်းဟာ မြန်မာပြည်မှာ တစ်နှစ်စာ လုပ်အားခလောက်ရှိပေမဲ့မသေချာသေးတဲ့ ခရီးဖြစ်နေတယ်လို့လည်း ဦးမိုးကျော်ကသုံး သပ်ပါတယ်။

“နောက်တစ်ချက်က လုပ်သားပေးပို့တဲ့ နိုင်ငံရှိတယ်။ လက်ခံတဲ့နိုင်ငံရှိတယ်။လက်ခံ တဲ့နိုင်ငံတွေရဲ့နိုင်ငံခြားသားအလုပ်သမား အက်ဥပဒေတွေရှိတယ်။အဲဒီဥဒေတွေကို အလုပ်သမားတွေက နားလည်ရဲ့လား။လုပ် ငန်းခွင်ထဲမှာရတဲ့ အလုပ်သမားအခွင့်အရေးတွေ သေချာနားလည်ရဲ့လား။ ပွဲစားတွေကနေပြီးတော့ပေးပို့ပြီးတော့ တခြားနယ်စပ်တွေမှာ သောင်တင်နေတာ အရင်တုန်းက လည်း ကြုံခဲ့ဖူးတယ်။ ခုလည်းကြုံနေရမှာပဲ။

ငွေရေးကြေးရေးကလည်း နှစ်နိုင်ငံ MOU စနစ်မှာ ပြဋ္ဌာန်းထားတဲ့ကိန်းဂဏန်းတွေထက် အများကြီးကျော်လွန်နေတယ်။ ထိုင်းကနေပြီးတော့ အရင်က ဘတ် ၃၀၀၀ ကျော်နဲ့လက်ခံ တာ။ မြန်မာဘက်ကလည်း တစ်သိန်းခွဲထက် ပိုမယူရ။ ခုတော့ တရားဝင်ကိုက သုံးသိန်း။ ထိုင်းဘက်ကလည်း ဘတ်၆၀၀၀ကျော်ယူ တယ်။ တကယ့်မြေပြင်မှာ ကုန်နေတာ ၁၀ သိန်းကနေ သိန်း၂၀ အထိ ကုန်ကျနေတာ ရှိတယ်။ ဒီလို ကုန်ကျတဲ့ကိန်းဂဏန်းဟာ မြန်မာပြည်မှာ တစ်နှစ်စာလုပ်အားခလောက် ရှိတယ်။ ဒါပေမဲ့မသေချာသေးဘူး။ အေးဂျင့်တွေကိုပေးရတာကိုက အဲဒီလိုများနေတာ။ တချို့ဆို လယ်ပေါင်၊ ခြံဝိုင်းပေါင် ၊ အတိုးကြီး ကြီးနဲ့ချေးငှာလာတဲ့သူတွေရှိတယ်။ MOU လုပ်ငန်းစဉ်က ကြာလည်းကြာ ကုန်လည်း ကုန်ဆိုတဲ့ခါကျတော့အခြားတစ်ဖက်မှာ လူကယ်ရီပွဲစားတွေနဲ့ ချိတ်ဆက်ပြီး နယ်စပ် ကို တရားမဝင်ဖြတ်ကျော်ပြီးတော့ သွားလာ တဲ့လမ်းကြောင်းက ပိုမိုတွင်ကျယ်လာတယ်။ ဖမ်းဆီးခံရမှုတွေများလာတယ်။ နေ့တိုင်းနီးပါး မြန်မာနိုင်ငံသားတွေဖမ်းဆီးခံနေရတာဖြစ် ပါတယ်”လို့ ဦးမိုးကျော ်ပြောဆိုခဲ့ပါတယ်။  

ထိုင်းနိုင်ငံသို့ MOU စနစ်နဲ့ လုပ်သားစေလွှတ်တဲ့ တရားဝင်လမ်းကြောင်းရှိပေမဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော် သွားလာမှု များပြားနေခြင်းမှာ အဖြေမရှိတဲ့ ပုစ္ဆာတစ်ခု လားလို့ မေးခွန်းထုတ်လာသူတွေလည်းရှိနေ ပါတယ်။

မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှား မှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက “MOU တရားဝင်လမ်းကြောင်းရှိပေမဲ့ တရား မဝင် နယ်စပ်ဖြတ်ကျော် သွားလာမှုများပြားနေခြင်းမှာ အဖြေမရှိတဲ့ ပုစ္ဆာမဟုတ်ပါဘူး။ အဖြေရှိပါတယ်။ အဖြေရှိပေမဲ့ မလုပ်ကြ တာ ပါ။ မင်းတုန်းမင်းကို ယောအတွင်းဝန် လျှောက်ထားခဲ့သလိုဘဲ မသိတာကိုသိအောင် လုပ်လို့ရတယ်။ မရှိတာကိုရှိအောင်လုပ်လို့ ရတယ်။ မလုပ်တာကတော့ ဘာဆိုဘာမှ ဖြစ် မလာတာ ဖြစ်တဲ့အတွက် မလုပ်တာအဆိုးဆုံး ပါပဲလို့ ယောအတွင်းဝန်မင်းဦးဖိုးလှိုင်ကလျှောက်ထားခဲ့ပါတယ်။အခုဟာကမလုပ် တာပါ။ မူဝါဒခိုင်ခိုင်မာမာချမှတ်နိုင်တဲ့ ကျွမ်း ကျင်သူတွေ မြန်မာနိုင်ငံမှာရှိပါတယ်။ လုပ် ထုံးကိုလည်း မြန်မြန်ဆန်သွက်သွက်လက် လက်အကောင်အထည်ဖော်နိုင်တာရှိပါ တယ်။ လုပ်ချင်စိတ်၊စေတနာမေတ္တာမရှိတဲ့ အခါကျတော့ အခွန်ထမ်းဆောင်ရတဲ့ ရေခြားမြေခြားသွားလုပ်ကြရတဲ့ ရွှေ့ပြောင်းလုပ်သားတွေအပေါ်မှာ မေတ္တာလည်းရှိဖို့လိုတယ်။ စေတနာလည်းရှိဖို့လိုပါတယ်။ ဒါကြောင့် အဖြေမရှိတဲ့ ပုစ္ဆာမဟုတ်ပါဘူး။လုပ်လိုစိတ် မရှိတာပါ။ မူဝါဒကိုချမှတ်လိုစိတ်၊ လုပ်ထုံး လုပ်နည်းကို မြန်ဆန်သွက်လက်လိုစိတ် အဲဒီစိတ်မရှိတာပါ။ မလုပ်တာပါ”လို့ပြော ဆိုပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာ ရောက်ရှိနေသူ တွေ နေရပ်ကို ပြန်လာချင်ကြပေမဲ့ ကိုယ့် နိုင်ငံအတွင်းမှာ စားလောက်တဲ့လုပ်အားခနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ မရှိလာ သရွေ့တော့ မိသားစုဘဝရဲ့ အခက်အခဲတွေ ကို ပြေလျော့စေဖို့ ထိုင်းနိုင်ငံအတွင်းမှာ လုပ်ကိုင်နေရဦးမှာဖြစ်သလို ပြည်တွင်းက လူငယ်၊လူရွယ်တွေလည်း  လုပ်အားခတစ်ခုကြောင့်၊ အလုပ်အကိုင်အခွင့်အလမ်းတစ်ခုကြောင့် မိဝေး ဖဝေး၊ မိသားစုနဲ့ဝေး ၊သားသမီးတွေနဲ့ခွဲခွာပြီး တစ်ဖက်နိုင်ငံသို့ တရားဝင်လမ်းကြောင်းမှ ဖြစ်စေ၊ တရားမဝင် လမ်းကြောင်းမှ ဖြစ်စေ သွားရောက်ကြရဦးမှာ ဖြစ်ပါတော့ တယ်။

ကိုရွှေသိန်း (မြဝတီ)

Most Read

Most Recent