တရုတ်၏ ကြေးနီတူးဖော်ရေးစီမံကိန်းကြောင့် ကမ္ဘာ့မြေပုံပေါ်မှ ထာဝရပျောက်ကွယ်သွားနိုင်သည့် အာဖဂန်မှ ရှေးဟောင်းဗုဒ္ဓဘာသာမြို့ကြီး

တရုတ်၏ ကြေးနီတူးဖော်ရေးစီမံကိန်းကြောင့် ကမ္ဘာ့မြေပုံပေါ်မှ ထာဝရပျောက်ကွယ်သွားနိုင်သည့် အာဖဂန်မှ ရှေးဟောင်းဗုဒ္ဓဘာသာမြို့ကြီး
Photo : AFP
Photo : AFP
Published 24 June 2022
မေသုတ

ကမ္ဘာပေါ်တွင် အကြီးဆုံးကြေးနီသတ္တု သိုက်များတည်ရှိသည့်နေရာများထဲတွင် တစ် ခုအပါအဝင်ဖြစ်သည့် အာဖဂန်နစ္စတန်တွင် တရုတ်၏ ကြေးနီမိုင်းတွင်းတူးဖော်ရေးစီမံကိန်းကြောင့် ကဘူးမြို့တော်အနီးရှိ ရှေးဟောင်း ဗုဒ္ဓဘာသာမြို့တစ်မြို့သည် ထာဝရ ပျောက်ကွယ်သွားရမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

နှစ်သက်တမ်း ၁၀၀၀ မှ ၂၀၀၀ အကြား ရှိနိုင်သည်ဟုယူဆရသည့် Mes Aynak အမည်ရှိ ယင်းမြို့သည် တစ်ချိန်က ကြေးနီတူးဖော်မှုနှင့် ကြေးနီကုန်ကူးမှုတို့ကို ပြုလုပ်ခဲ့ဖူးသည့် ကြီးမားသည့်မြို့တစ်မြို့ဖြစ်ခဲ့သည်။

ရှေးဟောင်းသုတေသနပညာရှင်များသည် ယင်းမြို့တွင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများ၊ ဗုဒ္ဓဘာသာနှင့်သက်ဆိုင်သည့် အထိမ်းအမှတ်အဆောက်အဦးများ၊ ခံတပ်များ၊ အုပ်ချုပ်ရေးရုံးများကို ရှာဖွေတွေ့ရှိခဲ့ပြီး ရာနှင့်ချီသည့် ရုပ်တုများ၊ နံရံဆေးရေးပန်းချီ များ၊ ကြွေထည်မြေထည်များ၊ ဒင်္ဂါးများနှင့် လက်ရေးစာမူများကိုလည်း မြေအောက်မှတူးဖော်တွေ့ရှိခဲ့သည်။

ယခုရာစု၏ အစောပိုင်းကာလတွင် ယင်းရှေးဟောင်းပစ္စည်းများ ဖောက်ထွင်းခိုးယူခံခဲ့ရသည့်တိုင် Mes Aynak သည် ကမ္ဘာပေါ်တွင် အလှပဆုံး ရှေးဟောင်းသုတေသနဆိုင်ရာ နေရာများထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်ဟု ယင်းမြို့နှင့် ယင်းမြို့၏အမွေအနှစ်များကို သုတေသနပြုလုပ်နေသည့် ပြင်သစ်နိုင်ငံ၏ Iconem ကုမ္ပဏီမှ ရှေးဟောင်း သုတေသနပညာရှင် ဘက်စတီယန် ဗာရွတ်စီ ကော့စ်က ပြောကြားခဲ့သည်။

သို့သော်လည်း ပြီးခဲ့သည့်သြဂုတ်လက အာဏာပြန်ရလာခဲ့သည့် တာလီဘန်တို့သည် နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုများ ဆိုင်းငံ့ခံခဲ့ရပြီးနောက် ဝင်ငွေရှာသည့်အနေဖြင့်  ယင်းမြို့တွင် ကြေးနီတူးဖော်ရေးကို ဦးစားပေးစီမံချက်အဖြစ်လုပ်ဆောင်ခဲ့ကာ ရှေးဟောင်း သုတေသနဆိုင်ရာလုပ်ငန်းများသည် အဆုံးသတ်ရတော့မည့်အနေအထားသို့ ရောက်ရှိစေခဲ့သည်။

ယင်းမြို့တွင် တွေ့ရှိခဲ့သည့် အရာဝတ္ထုများ၏ သက်တမ်းသည် အေဒီ ၂ ရာစုမှ ၉ ရာစုကြားတွင်ရှိသည်ဟု တွေ့ရှိခဲ့သော်လည်း ယင်းကာလမတိုင်မီကတည်းက တည်ရှိခဲ့ခြင်း လည်းဖြစ်နိုင်သည်ဟု ယူဆထားကြသည်။ ထို့ပြင် ယင်းမြို့၏မြေအိုးလုပ်ငန်းသက်တမ်းသည် ကြေးနီခေတ်ကတည်းကဖြစ်သည်ဟု တွေ့ရှိရသည်။

၁၉၆၉ ပြည့်နှစ်က ပြင်သစ်ဘူမိဗေဒ ပညာရှင်တစ်ဦးက ရှာဖွေတွေ့ရှိခဲ့သည့်အချိန် မတိုင်မီ ရာစုနှစ်ပေါင်းများစွာကြာ မေ့လျော့ခြင်းခံခဲ့ရသည့် Mes Aynak မြို့သည် လက်ရှိ အာဖဂန်၏ လိုဂါပြည်ညနယ်တွင်တည်ရှိနေပြီး အရွယ်အစားနှင့် ထင်ပေါ်ကျော်ကြား မှုအရ အီတလီ၏ရှေးဟောင်းမြို့ကြီး Pompeii မြို့နှင့် ပီရူး၏ ရှေးဟောင်းမြို့ကြီး MachuPicchu မြို့များနှင့် နှိုင်းယှဉ်ဖော်ပြခံခဲ့ရသည်။

ယင်းရှေးဟောင်းမြို့ပျက်ကြီးသည် ဟက်တာ ၁၀၀၀ ခန့်ကျယ်ဝန်းပြီး ကြေးနီများ ပေါကြွယ်ဝသည့် တောင်ပေါ်တွင် တည်ရှိသည်။ ၂၀၀၇ ခုနှစ်တွင်မူ တရုတ်၏ သတ္တုတူးဖော်ရေးလုပ်ငန်းဖြစ်သည့် Metallurgical Group Corporation(MGC)သည် နိုင်ငံပိုင် အကျိုးတူးပူးပေါင်းရေး စီးပွားရေးလုပ်ငန်းစုကို ဦးဆောင်ခဲ့ပြီး ယင်းနောက်တွင် MJAM ဟုအမည်ပေးခဲ့ကာ ဒေါ်လာ ၃ ဘီလျံ တန်ဖိုးရှိသည့် နှစ်ပေါင်း ၃၀ ကြာ ကြေးနီတူးဖော်ရေး စာချုပ်ကို ချုပ်ဆိုခဲ့သည်။

သို့သော်လည်း အာဖဂန်၏ လုံခြုံရေး အခြေအနေနှင့် တရုတ်နှင့် အာဖဂန်အစိုးရများအကြား ငွေကြေးဆိုင်ရာ သဘောထားချင်းမတိုက်ဆိုင်မှုများကြောင့် ယင်းစာချုပ်ချုပ်ဆိုခဲ့ပြီး ၁၅ နှစ်ကြာသည်အထိ သတ္တုတူးဖော်ခြင်းမရှိသေးဘဲ နှောင့်နှေးကြန့်ကြာခဲ့ရသည်။

လက်ရှိတွင် ယင်းစီမံကိန်းသည် တရုတ်နှင့် တာလီဘန်တို့အတွက် ဦးစားပေးကိစ္စတစ်ခုအဖြစ် ပြန်လည်ခေါင်းထောင်လာခဲ့ပြီး ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိသည်။

ထို့ပြင် တရုတ်၏ ပိုးလမ်းမစီမံကိန်းကြောင့် တစ်ချိန်က အလွန်ချမ်းသာကြွယ်ဝခဲ့သည့် ကုန်သွယ်ရေးမြို့များထဲတွင် တစ်ခုအပါအဝင်ဖြစ်ခဲ့သည့် Mes Aynak ရှေးဟောင်းမြို့ကြီးသည် ကမ္ဘာ့မြေပုံပေါ်မှ ထာဝရပျောက် ကွယ်သွားနိုင်သည့် စိုးရိမ်မှုများကို မြင့်တက်စေခဲ့သည်။

၂၀၁၀ ပြည့်နှစ် အစောပိုင်းကလများက ယင်းမြို့သည် ကမ္ဘာပေါ်တွင် အကြီးဆုံးရှေး ဟောင်းသုတေသနဆိုင်ရာ စီမံကိန်းများထဲတွင် တစ်ခုအပါအဝင်ဖြစ်ခဲ့သည်ဟု  ဗာရွတ်စီကော့စ်က ပြောကြားခဲ့သည်။

MHAM သည် ယင်းနေရာတွင် ရှေးဟောင်းသုတေသနဆိုင်ရာလုပ်ငန်းများ လုပ် ကိုင်ခွင့်ပေးသည့်အနေဖြင့် သတ္တုတွင်းတူးဖော်ရေး လုပ်ငန်းများစတင်မှုကို သုံးနှစ်ကြာ ဆိုင်းငံ့ပေးခဲ့သည်။ သို့သော်လည်း အာဖဂန်၏ လုံခြုံရေးအခြေအနေသည် ယင်းနေရာတွင် တရုတ်၏ အခြေခံအဆောက်အဦးများ တည်ဆောက်မှုကို ဟန့်တားရာရောက်ခဲ့သဖြင့် ယင်းဆိုင်းငံ့ကာလကို ပိုမိုရှည်ကြာစေခဲ့သည်။

ရလဒ်အနေဖြင့် ယင်းမြို့မှ ရှေးဟောင်းပစ္စည်းများကို တူးဖော်တွေ့ရှိခဲ့ပြီး အချို့ကို ကဘူးမြို့တော်ပြတိုက်အတွင်း ထားရှိခဲ့ကာ အချို့ပစ္စည်းများကို နီးစပ်ရာနေရများတွင် သိမ်းဆည်းထားနိုင်ခဲ့သည်။

တာလီဘန်တို့သည် ၎င်းတို့၏ ပထမ အကြိမ်အစိုးရသက်တမ်း၏ နောက်ဆုံးကာလများဖြစ်သည့် ၂၀၀၁ ခုနှစ် မတ်လတွင် အလွန်ကြီးမားသည့် Buddhas of Bamiyan အမည်ရှိ ဗုဒ္ဓရုပ်ပွားတော်ကြီးကို  ဒိုင်းနမိုက်ဖြင့်ခွဲခဲ့ကာ ကမ္ဘာကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။ သို့သော်လည်း လက်ရှိတွင် Mes Aynak မြို့တွင် ရှာဖွေတွေ့ရှိမှုများကို ထိန်းသိမ်းစောင့်ရှောက်ရန် ဆုံးဖြတ်ထားကြောင်း တာလီဘန်တို့က ပြောကြားခဲ့သည်။

“ဒါဟာ ပြန်ကြားရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ တာဝန်ပဲဖြစ်ပါတယ်”ဟု အာဖဂန် သတ္တုတွင်းနှင့် စွမ်းအင်ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ အက်စ်မာတူလာ ဘူဟန်က အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

သို့သော်လည်း Mes Aynak မြို့တွင် ကျန်ရှိနေသည့် ရှေးဟောင်းပစ္စည်းအများစုမှာ အခြားတစ်နေရာသို့ ရွှေ့ပြောင်းရန်မဖြစ်နိုင်သည့် ကြီးမားလွန်းသည့် အရွယ်အစားရှိနေခြင်း သို့မဟုတ် ကျိုးပျက်လွယ်ခြင်း အစရှိသည့်အခြေအနေများကြောင့် လုံးဝပျောက် ကွယ်သွားရမည့်အခြေအနေသို့ ရောက်ရှိနေသည်။

တရုတ်ကမူ မြေအောက်လှိုင်ခေါင်းဖောက်ပြီး သတ္တုတွင်းတူးဖော်ခြင်းထက် တစ်တောင်လုံးကို ဖြိုချပြီး သတ္တုတူးဖော်ခြင်းကို ပိုမိုလုပ်ဆောင်လိုသည့် ဆန္ဒရှိနေသည်။ ထို့ ကြောင်း ယင်းအစီအစဉ်သာ အကောင်အထည်ပေါ်လာခဲ့ပါက Mes Aynak မြို့၏ ကြေးနီတောင်ကြီးမှာ ဖြိုချခံရမည့်အပြင် ရှေးဟောင်းပစ္စည်းများသည်လည်း မြေမြှုပ်ခံရမည့်အခြေအနေသို့ ရောက်ရှိသွားမည် ဖြစ်သည်။

အာဖဂန်နစ္စတန်နိုင်ငံသည် ဒေါ်လာတစ်ထရီလျံကျော် တန်ဖိုးရှိသည့် ကြေးနီ၊ သံ၊ ဘောက်ဆိုက်၊ လစ်သီယံနှင့် မြေရှားသတ္တုများ ပေါကြွယ်ဝသည့် သယံဇာတများစွာရှိ သည့်နိုင်ငံဖြစ်သည်။ ထို့ကြောင့် တာလီဘန်တို့သည် Mes Aynak ရှေးဟောင်းမြို့မှ တစ်နှစ်လျှင် ဒေါ်လာသန်း ၃၀၀ ကျော်ရရှိရန် မျှော်မှန်းထားသည်။

“ပရောဂျက်ကို စတင်ရပါတော့မယ်။ နောက်ထပ် နှောင့်နှေးကြန့်ကြာနေလို့ မဖြစ်တော့ပါဘူး”ဟု MJAM က မကြာသေးမီ သီတင်းပတ်များအတွင်းက ပြောကြားခဲ့သည်ဟု ဘာဟမ်က ဆိုသည်။ ဆွေးနွေးညှိနှိုင်းမှုများမှာလည်း ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီး အချို့သဘောတူညီမှုများကို မကြာမီအချိန်အတွင်း ပြေပြေလည်လည်ညှိနှိုင်းနိုင်တော့ မည်ဟု ၎င်းက ဆိုသည်။

ယင်းသဘောတူညီမှုများအရ တာလီဘန်တို့သည် သတ္တုများထောက်ပံ့ရေးနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ရုံတည် ဆောက်ရေးအပြင် ပါကစ္စတန်သို့ ရထားလမ်း တစ်ခု ဖောက်လုပ်ရေးတို့အပါအဝင် တောင်းဆိုမှုများရှိခဲ့သည်ဟု ဆိုသည်။ ကြေးနီများကိုလည်း အာဖဂန် ပြည်တွင်းလုပ်သားအင်အားစုဖြင့် သန့်စင်ရန် တာလီဘန်တို့က တောင်းဆိုထားသည်။

ကြေးနီကို အလွန်လိုအပ်နေသည့် တရုတ်ကမူ ယင်းတောင်းဆိုချက်များကို လိုက်လျောရန် ဝန်လေးနေသည်ဟု သိရသည်။ MJAMကမူ အေအက်ဖ်ပီသတင်းဌာန၏ မှတ်ချက်ပေးရန် တောင်းဆိုချက်ကို တုံ့ပြန်ခဲ့ခြင်းမရှိပေ။

လက်ရှိအချိန်အထိ ယင်းကဲ့သို့ နှောင့်နှေးကြန့်ကြာနေသည့်အခြေအနေသည် ရှေး ဟောင်းသုတေသနပညာရှင်များအတွက် သတင်းကောင်းဟု သတ်မှတ်နိုင်သည်။ ရှေး ဟောင်းသုတေသနပညာရှင်များက သတ္တုတွင်းတူးဖော်သည့် လုပ်ငန်းများမစတင်မီ အချိန်တွင် သုတေသနလုပ်ငန်းများကို ပြန်လည်စတင်ခွင့်ရရှိရန် မျှော်လင့်ထားကြသည်။ သို့သော်လည်း ယင်းအခြေအနေသည် နိုင်ငံတကာအသိုင်းအဝိုင်း၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ရန်ပုံငွေရရှိရေးအပေါ်တွင် အဓိကကျနေပေသည်။

Ref : AFP

Most Read

Most Recent