မော်စကိုရှိ အမေရိကန်သတင်းထောက်များကို ရုရှားက ခြိမ်းခြောက်ရန် ကြိုးစားနေသည်ဟု အမေရိကန်နို်င်ငံခြားရေးဝန်ကြီးဌာန စွပ်စွဲ

မော်စကိုရှိ အမေရိကန်သတင်းထောက်များကို ရုရှားက ခြိမ်းခြောက်ရန် ကြိုးစားနေသည်ဟု အမေရိကန်နို်င်ငံခြားရေးဝန်ကြီးဌာန စွပ်စွဲ
၀ါရှင်တန်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ရှင်းလင်းပြောကြားနေသည့် နက်ပရိုက်ကို  ဖေဖော်ဝါရီ ၂ ရက်က တွေ့ရစဉ်(Phto-AP)
၀ါရှင်တန်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ရှင်းလင်းပြောကြားနေသည့် နက်ပရိုက်ကို  ဖေဖော်ဝါရီ ၂ ရက်က တွေ့ရစဉ်(Phto-AP)
Published 7 June 2022
      Ref:AFP

ရုရှားသည် မော်စကိုမြို့ရှိ အမေရိကန်သတင်းထောက်များကို ခြိမ်းခြောက်ရန် ကြိုးစားနေသည်ဟု ဇွန်လ ၆ ရက်တွင် အမေရိကန်ပြည်ထောင်စုက စွပ်စွဲပြောကြားလိုက်ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါသတင်းထောက်များကို ဆင့်ခေါ်ခဲ့ကာ အမေရိကန်ပိတ်ဆို့မှုများကြောင့် လက်တုံ့ပြန်ခြင်းခံရမည်ဟု ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။

“ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနဟာ ခင်ဗျားတို့ရဲ့လုပ်ဖော်ကိုင်ဖက်သတင်းထောက်တွေကို ဆင့်ခေါ်ခဲ့ပါတယ်။ သတင်းမီဒီယာနယ်ပယ်မှာ သူတို့အစိုးရအဖွဲ့ (အမေရိကန်)ရဲ့ ရန်လိုတဲ့ ရေးသားမှုတွေရဲ့ အကျိုးဆက်တွေကို သူတို့ကို ရှင်းလင်းပြောကြားခဲ့တာဖြစ်ပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်က ၀ါရှင်တန်မြို့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

“ရှင်းရှင်းလင်းလင်းပဲ ပြောပါရစေ။ ရုရှားအစိုးရဟာ သတင်းမီဒီယာလွတ်လပ်ခွင့်၊  သတင်းအချက်အလက်ရယူမှုနဲ့ သတင်းမှန်ရအောင်လုပ်မှုတို့နဲ့ပတ်သက်လို့ အပြည့်အဝ  စော်ကားလိုက်တာဖြစ်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့ပြီး ဤလုပ်ရပ်များသည် လွတ်လပ်သော သတင်းထောက်များကို ခြိမ်းခြောက်ရန် ပွင့်လင်းမြင်သာစွာ ကြိုးပမ်းခြင်းဖြစ်သည်ဟု ဆိုသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ အပတ်စဉ်သတင်းတင်ဆက်မှုအစီအစဉ်များကို Youtube က ဆက်လက်ပိတ်ပင်နေမည်ဆိုပါက အနောက်မီဒီယာကို နှင်ထုတ်မည်ဟု မေလကုန်တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ခြိမ်းခြောက်ပြောကြားခဲ့သည်။

အမေရိကန်သည် ၎င်း၏နိုင်ငံအတွင်းရှိ ရုရှားမီဒီယာကို ဖိနှိပ်ရန် ပစ်မှတ်ထားနေသည်ဟု ဇွန်လ ၃ ရက်တွင် ဇာခါရိုဗာက ထပ်မံစွပ်စွဲခဲ့သည်။

“ရုရှားမီဒီယာ အလုပ်မလုပ်နိုင်အောင် သူတို့က အရာရာလုပ်ဆောင်နေတာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံထဲမှာ ရုရှားမီဒီယာ ပုံမှန်အလုပ် လုပ်လို့မရအောင် သူတို့က လုပ်မယ်ဆိုရင် အကျိုးဆက်အနေနဲ့ အင်နဲ့အားနဲ့ အစီအမံတွေရှိလာမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဇွန်လ ၆ ရက်တွင် အမေရိကန်မီဒီယာ ကိုယ်စားလှယ်များကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဖိတ်ကြားခဲ့သည်ဟု ဇာခါရိုဗာက ပြောကြားခဲ့သည်။

ယူကရိန်းကို ရုရှား၏ကျူးကျော်မှုအား တုံ့ပြန်ရာတွင် နိုင်ငံတကာအရေးယူပိတ်ဆို့မှုများ၏ အစိတ်အပိုင်းအဖြစ် လွန်ခဲ့သော တစ်လကျော်တွင် ရုရှားရုပ်သံလိုင်းများဖြစ်သော Pervy Kanal၊ Rossiia-1နှင့် NTV တို့ကို နာမည်ပျက်စာရင်းသွင်းခဲ့သည့်အပေါ် ရုရှားက တုံ့ပြန်ခြင်းဖြစ်သည်ဟု ပရိုက်ပြောကြားခဲ့သည်။

လွတ်လပ်သော အမေရိကန်သတင်းသမားများကို ခွင့်ပြုမိန့်ဖြင့်လုပ်ကိုင်ရသည့် ရုရှားမီဒီယာနှင့် နှိုင်းယှဉ်ခြင်းမှာ နှိုင်းယှဉ်မှုလွဲမှားနေသည်ဟု နက်ပရိုက်က ရုရှားကို စွပ်စွဲပြောကြားခဲ့ကာ ရုရှားမီဒီယာသည် ရုရှားအစိုးရ၏ ၀ါဒဖြန့်ချိရေးလက်တံများဖြစ်သည်ဟု ၎င်းက ဆိုခဲ့သည်။

“အမေရိကန်ပြည်ထောင်စုဟာ အရည်အချင်းပြည့်မီတဲ့ ရုရှားဂျာနယ်လစ်တွေကို ဗီဇာတွေ ဆက်လက်ထုတ်ပေးနေပါတယ်။  အမေရိကန်ပြည်ထောင်စုမှ အလုပ်လုပ်နေတဲ့ ရုရှားဂျာနယ်လစ်မှန်သမျှရဲ့ ပြည်ပသတင်းဌာန အသိအမှတ်ပြုအထောက်အထားတွေကို ကျွန်တော်တို့ ရုပ်သိမ်းတာမျိုး မလုပ်ပါဘူး” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်က သတင်းထောက်များကို ရှင်းလင်းပြောကြားခဲ့သည်။                             

Most Read

Most Recent