နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် Video Conferencing ဖြင့် တွေ့ဆုံခဲ့ပြီး အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများ ဆွေးနွေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် Video Conferencing ဖြင့် တွေ့ဆုံခဲ့ပြီး အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများ ဆွေးနွေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် Video Conferencing ဖြင့် မေ ၂ ရက်က တွေ့ဆုံဆွေးနွေးစဉ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် Video Conferencing ဖြင့် မေ ၂ ရက်က တွေ့ဆုံဆွေးနွေးစဉ်
Published 3 May 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်  Samdech Akka Moha Sena Padei Techo HUN SEN တို့ မေ ၂ ရက် Video Conferencing ဖြင့် တွေ့ဆုံခဲ့ပြီး အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ ဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံတွင် အကြမ်းဖက်လုပ်ရပ်များကြောင့် သံဃာတော်များနှင့် ဆရာ၊ ဆရာမများ၊ ဆရာဝန်များ၊ သူနာပြုများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ စသည့် ပြည်သူ့ဝန်ထမ်းများ၊ မိခင်နှင့် ကလေးငယ်များအပါအဝင် အပြစ်မဲ့ပြည်သူများ သေဆုံးခဲ့ရပြီး အများအပြားဒဏ်ရာရရှိခဲ့မှု၊ အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးခြင်းများကြောင့် အစိုးရပိုင်အဆောက်အအုံများ၊ ပုဂ္ဂလိကနှင့် ပြည်သူပိုင်အဆောက်အအုံများစွာ ပျက်စီးဆုံး ရှုံးခဲ့ရမှု၊ အကြမ်းဖက်လုပ်ရပ်များအပေါ် မိမိကိုယ်ကို ခုခံပိုင်ခွင့်အရ ကာကွယ်တုံ့ပြန်ရေး ဆောင်ရွက်ရာတွင် တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပေါ် လေးစားလိုက်နာဆောင်ရွက်လျက်ရှိမှု၊ တည်ဆဲဥပဒေ ချိုးဖောက်ထားသူများကို ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိသော်လည်း လူသားချင်းစာနာ ထောက်ထားမှုအရ လွတ်ငြိမ်းချမ်းသာခွင့်များ ပေးလျက်ရှိမှု၊ ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် အပစ်အခတ်ရပ်စဲရေး ကြေညာထားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ ဖိတ်ခေါ်၍ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိကြောင်းကိုလည်း ဆွေးနွေးခဲ့ကြောင်း  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ ဒေသအချို့တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုဖြစ်ရပ်များသည် NCA ကို ချိုးဖောက်လျက်ရှိပြီး ကျင့်ဝတ်များကို လိုက်နာမှုမရှိသည့် EAO များမှ အရင်းခံ၍ ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တိုင်းရင်းသားလက်နက်ကိုင်များ ပါဝင်လာရေး အစိုးရက တစ်စိုက်မတ်မတ် ကတိကဝတ် ထားရှိဆောင်ရွက်နေမှု၊ ပြည်သူအားလုံး လိုလားတောင့်တသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်ရေးကို ဆောင်ရွက်သွားမည့် အခြေအနေများ၊ ကိုဗစ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ အာဆီယံမှပေးအပ်မည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ဖြန့်ဝေဆောင်ရွက်ပေးသွားမည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 ထို့ပြင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ ထပ်မံလာရောက်နိုင်ရေး ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ ရွေးကောက်ပွဲဆိုင်ရာ ပြဿနာများကြောင့် ဖြစ်ပေါ်လာသည့် မြန်မာနိုင်ငံ၌ နိုင်ငံရေးအရ အရေးပေါ်အခြေအနေ ကြေညာ၍ တပ်မတော်က နိုင်ငံ့တာဝန် ထမ်းဆောင်ခဲ့ရမှုသည် ပြည်တွင်းရေးအခြေအနေဖြစ်သော်လည်း ဆက်စပ်နေသည့် ဒေသတွင်း အခြေအနေများကြောင့် အာဆီယံ၏ ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ၊ အာဆီယံဘုံသဘောတူညီချက် ငါးရပ်အား အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများနှင့် တိုးတက်မှုရှိစေရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ အာဆီယံနိုင်ငံများအတွင်း အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် ဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေများနှင့် မြန်မာနိုင်ငံအနေဖြင့် အကောင်းဆုံးဖြစ်အောင် ဆက်လက်ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည့် အခြေအနေများကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent