လက်ရှိကျင်းပနေသည့် မွန်အမျိုးသားရေးရာညီလာခံ (၂၀၂၂) တွင် ရာမညမွန်ပြည်(နယ်) ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ရေးဆွဲသွားမည်ဟု သိရ

လက်ရှိကျင်းပနေသည့် မွန်အမျိုးသားရေးရာညီလာခံ (၂၀၂၂) တွင် ရာမညမွန်ပြည်(နယ်) ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ရေးဆွဲသွားမည်ဟု သိရ
မွန်အမျိုးသားရေးရာညီလာခံ (၂၀၂၂) ကျင်းပနေစဉ်။ (ဓာတ်ပုံ-မွန်ပြည်သစ်ပါတီ)
မွန်အမျိုးသားရေးရာညီလာခံ (၂၀၂၂) ကျင်းပနေစဉ်။ (ဓာတ်ပုံ-မွန်ပြည်သစ်ပါတီ)
Published 3 May 2022
ဘိုဘိုမြင့်

မွန်ပြည်နယ် ရေးမြို့နယ် ရေးချောင်းဖျားဒေသရှိ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအတွင်းရှိ ညီစားစခန်း၌ မေ ၂ ရက်က စတင်ကျင်းပနေသည့် မွန်အမျိုးသားရေးရာညီလာခံ (၂၀၂၂)တွင် ရာမညမွန်ပြည်(နယ်) ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေကို  ပြန်လည်သုံးသပ်ပြင်ဆင်ရေးဆွဲသွားမည်ဟု သိရကြောင်း မွန်နိုင်ငံရေးလေ့လာစောင့်ကြည့်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“၂၀၁၉ ခုနှစ်တုန်းက မွန်တွေရေးဆွဲခဲ့ကြတဲ့ မွန်အမျိုးသားမဟာဗျူဟာစီမံကိန်းလို့ ပြောလို့ရတဲ့ မွန်အမျိုးသားစီမံကိန်းကို (၂၀၂၀-၂၀၃၀) ဆိုပြီးရေး ဆွဲထားတာရှိပါတယ်။ အဲ့ဒါကို အခုမွန်အမျိုးသားရေးရာ ညီလာခံ (၂၀၂၂) မှာ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။ အဲ့ဒီမှာလည်း ကဏ္ဍအတော်များများပါရှိတယ်ပေါ့ဗျာ။ ဥပမာ စီးပွားရေးဆိုရင် ဘယ်လိုသွားမလဲ။ ပညာရေးဆိုရင် ဘယ်လိုသွားမလဲ။ ကျန်းမာရေးဆိုရင် ဘယ်လိုလုပ်ဆောင်ကြမလဲဆိုတဲ့ မူဝါဒပိုင်းဆိုင်ရာတွေကို ရေးဆွဲထားတာရှိသလို တရားဝင်မွန်နိုင်ငံရေးပါတီအနေနဲ့က ဘယ်လိုကဏ္ဍက သွားမလဲ။ မွန် CSO တွေက ဘယ်လိုသွားမလဲ။ မွန်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့က ဘယ်လိုသွားမလဲဆိုတဲ့ သူ့နေရာနဲ့သူ ပါဝင်နိုင်ရေးစီမံချက် ရေးဆွဲထားတာရှိပါတယ်” ဟု အဆိုပါမွန်နိုင်ငံရေးလေ့လာစောင့်ကြည့်သူက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “အဲ့ဒီအပြင်ကို အရင်တုန်းက ရေးဆွဲထားကြတဲ့ ရာမညမွန်ပြည် (နယ်) ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုတာလည်း တစ်ခုရှိတယ်။ အဲ့ဒါကို ရေးဆွဲနေတာက တော်တော်ကြာနေပြီ။ အခုအဲ့ဒါကတတိယမူကြမ်းလောက်ကို ပြီးနေပြီလို့ သိရပါတယ်။ အဲ့ဒီတတိယမူကြမ်းကို ပြန်သုံးသပ်တော့ အဓိကမွန်ပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားအားလုံး လက်ခံနိုင်တဲ့ ဖွဲ့စည်းပုံဖြစ်အောင် ဘာတွေထည့်သွင်းဖို့လိုသလဲ။ ဘာတွေကို ပြန်ဖြုတ်ရမလဲ။ အဲ့ဒါတွေကို ခေတ်ကာလနဲ့ လိုက်လျောညီထွေမှုရှိအောင် ပြင်ဆင်သွားဖို့လည်းရှိတယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။

သို့သော်လည်း လေးရက်ကြာပြုလုပ်မည့် မွန်အမျိုးသားရေးရာညီလာခံ(၂၀၂၂) တွင် အချိန်အကန့်အသတ်ကြောင့် အသေးစိတ်ပြင်ဆင်သွားနိုင်မည်မဟုတ်ဘဲ ယင်းအတွက် အဖွဲ့တစ်ခုဖွဲ့စည်းပြီး လေ့လာသုံးသပ်ပြင်ဆင်မှုများ လုပ်ဆောင်သွားရန်ရှိသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

မွန်တစ်မျိုးသားလုံးညီညွတ်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုအခြေခံဥပဒေရေးဆွဲနိုင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုနှင့် ကိုက်ညီမည့် မွန်ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲနိုင်ရေးနှင့် မွန်အမျိုးသားရေးရာနှင့် ပတ်သက်ပြီး ကဏ္ဍအသီးသီး၏ မူဝါဒရေးရာများ ပြန်လည်းဆွေးနွေးသုံးသပ် အတည်ပြုနိုင်ရေးအတွက် ရည်ရွယ်ကျင်းပပြုလုပ်နေသည့်  မွန်အမျိုးသားရေးရာညီလာခံ (၂၀၂၂) သို့ မွန်သံဃာတော်များ၊ မွန်ပြည်သစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ မွန်လူမှုအဖွဲ့အစည်းများနှင့် အခြားဖိတ်ကြားသင့်သူများ၊ လေ့လာသူများအပါအဝင် စုစုပေါင်း ၂၂၀ ခန့် တက်ရောက်လျက်ရှိကြောင်း သိရသည်။