ငွေထုတ်ယူမှုဆိုင်ရာ ကန့်သတ်ချက်များ ဖြေလျှော့ပေးခဲ့သော်လည်း ပြည်သူများ၏ ကြီးမားနေဆဲ ငွေသားလိုအပ်ချက်

ငွေထုတ်ယူမှုဆိုင်ရာ ကန့်သတ်ချက်များ ဖြေလျှော့ပေးခဲ့သော်လည်း ပြည်သူများ၏ ကြီးမားနေဆဲ ငွေသားလိုအပ်ချက်
ATM စက်များမှ ငွေများထုတ်ယူရန် စောင့်ဆိုင်းနေသူများအား ၂၀၂၁ ခုနှစ် မေလခန့်က တွေ့ရစဉ်
ATM စက်များမှ ငွေများထုတ်ယူရန် စောင့်ဆိုင်းနေသူများအား ၂၀၂၁ ခုနှစ် မေလခန့်က တွေ့ရစဉ်
Published 1 May 2022
နီလာ

ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သက်ပြီး ငွေသားထုတ်ယူမှု အခက်အခဲများနှင့် ATM များမှ ငွေသားထုတ်ယူ၍ မရခြင်းမှာ  တစ်နှစ်ဝန်းကျင်ရှိလာပြီဖြစ်သည်။

ဘဏ်များတွင် လုပ်ငန်းလည် ပတ်ဆောင်ရွက်မှုမရှိခြင်း၊ ငွေသား ထုတ်ယူရန် ခက်ခဲခြင်း၊ ATM စက် များတွင်ပင် လိုအပ်ချက်အတိုင်း ထုတ်ယူရရှိနိုင်မှု မရှိခြင်း စသည့် အခြေအနေများ ၂၀၂၁ ခုနှစ် နှစ် ဆန်းပိုင်းက ဖြစ်ပေါ်ခဲ့သည်။

ယင်းနောက် ၂၀၂၁ ခုနှစ် ဧပြီ နောက်ဆုံးပတ်အတွင်း ပုဂ္ဂလိက ဘဏ်အများစု ဘဏ်လုပ်ငန်းများ လည်ပတ်ခဲ့ပြီး တိုကင်စနစ်ဖြင့် ငွေသားထုတ်ယူမှုများ ပြုလုပ်ပေးခဲ့သည်။ ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဘဏ် အချို့၏ ATM စက်များတွင်  ငွေထုတ်ယူသူ များပြားသဖြင့် တန်းစီ စောင့်ဆိုင်းရသည့်အထိ များပြားခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များအားလုံး စနစ်တကျ လုပ်ငန်းများ ဆောင်ရွက်ရန် အနီး ကပ်ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး ဘဏ်များအားလုံး သတ်မှတ်ချက်များနှင့်အညီ ခိုင်မာစွာ ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း၊ ပြည်သူများ အနေဖြင့်  စိုးရိမ်ပူပန်မှုမရှိဘဲ ဘဏ်များအပေါ် စိတ်ချယုံကြည်စွာ ဘဏ်ဝန်ဆောင်မှုများကို ပုံမှန်ရယူ သုံးစွဲနိုင်ကြောင်း ၂၀၂၁ ခုနှစ် ဧပြီ ၇ ရက်က ဗဟိုဘဏ်က သတင်းထုတ် ပြန်ခဲ့သည်။

ယင်းသို့ ထုတ်ပြန်ထားသော်လည်း ရန်ကုန်တိုင်းအတွင်းရှိ ပုဂ္ဂလိကဘဏ်များ၏ ATM များတွင် ငွေ လာထုတ်သူများ လျော့ကျသွားခဲ့ခြင်းမရှိဘဲ တန်းစီစောင့်ဆိုင်းကာ ငွေထုတ်ယူမှုများရှိခဲ့သည်။ ယင်း နောက်ပိုင်းကာလတွင် ATM စက်များမှ ငွေသားပင် ထုတ်ယူ၍ မရတော့ပေ။

ဘဏ်မှ ငွေထုတ်ရန် အခက်အခဲနှင့် ATM များတွင် ငွေထုတ်မရတော့ခြင်း၏ အကျိုးဆက်က ရာခိုင်နှုန်းဖြင့် ငွေထုတ်ပေးသည့် စျေးကွက်တစ်ခုကို ဖြစ်ပေါ်စေရန် တွန်းပို့ခဲ့သည်။

လက်ရှိအချိန်အထိ ပြည်တွင်း ဘဏ်များမှ ငွေသားထုတ်ယူရန်အခက်အခဲများ ရှိနေဆဲဖြစ်ကာ  ရာခိုင်နှုန်းဖြင့် ငွေထုတ်နေရသည့် စျေးကွက်က  မင်းမူနေဆဲဖြစ်သည်။

“ကိုယ့်ပိုက်ဆံကိုယ်ထုတ်တာ ကို ရာခိုင်နှုန်းပေးပြီး ထုတ်နေရတာ ဘယ်လောက်ကြာနေပြီလဲ။အရင်က  ခြောက်ရာခိုင်နှုန်း၊ တချို့နေရာတွေ ခုနစ်ရာခိုင်နှုန်းလောက်အထိ ပေးပြီး ထုတ်ရတာ။ အခုတော့ အများစုက သုံးရာခိုင်နှုန်းဝန်းကျင်နဲ့ ထုတ်လို့ ရလာကြပြီ။ တချို့နေရာတွေလည်း နှစ်ရာခိုင်နှုန်းလောက်ပေါ့။  ရာခိုင်နှုန်းလေး သက်သာလာတာရယ်၊ ကိုယ့်ပိုက်ဆံကိုယ် ထုတ်ရနေသေးတာပဲ ကြံဖန်ကျေးဇူးတင် နေရ တယ်။ ကိုယ့်ပိုက်ဆံ ၁၀ သိန်း ထုတ်ရင် ကိုယ့်လက်ထဲ ကိုးသိန်း ခုနစ်သောင်းပဲရတော့တယ်”ဟု သာကေတမြို့နယ်တွင် နေထိုင်သူ တစ်ဦးက ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ် ဧပြီလဆန်းပိုင်း အတွင်း၌မူ ပုဂ္ဂလိကဘဏ်အချို့၌ တိုကင်ယူရန် မလိုဘဲ တစ်ပတ်လျှင် ကျပ်ငါးသိန်း၊ တစ်လအတွင်း အများဆုံး ကျပ်သိန်း ၂၀ အထိ ငွေသား ထုတ်ပေးမှုများ စတင်ပြီဖြစ်ကြောင်း   အဆိုပါဘဏ်များက ဧပြီလဆန်းပိုင်းက ထုတ်ပြန်ခဲ့သည်။

ဧပြီ ၄ ရက်မှစတင်၍ ရိုးမဘဏ်ခွဲများတွင် မိမိအကောင့်မှငွေသားထုတ်ယူရာတွင် ဖုန်းဆက် တို ကင်ယူရန်မလိုဘဲ တစ်ပတ်လျှင် ကျပ်ငါးသိန်းအထိ ငွေသားထုတ်ယူ နိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Account Transfer ပြုလုပ်ပြီး  ငွေထုတ်ယူလိုပါက ယခင်သတ်မှတ်ချက်အတိုင်း  တစ်လစောင့်ဆိုင်းပြီးမှ သာ  ထုတ်ယူ နိုင်မည်ဖြစ်ကြောင်း၊ Flexi Account မှ အကန့်အသတ် မရှိ ငွေသွင်းငွေထုတ်ပြုလုပ်နိုင် ကြောင်းလည်း ထုတ်ပြန်ထားသည်။

အလားတူ CB ဘဏ်မှလည်း တိုကင်မလိုဘဲ ငွေသားထုတ်နိုင်မည့် ဘဏ်ခွဲများ အပတ်စဉ်ဆက်လက် တိုးချဲ့နေကြောင်း၊ CB Bank Customer များအနေဖြင့် Individual Old Account များမှ ငွေသားထုတ် ယူ နိုင်ရန်အတွက် တိုကင်ကြိုတင်ရ ယူရန် မလိုအပ်ဘဲ ငွေသားထုတ်ယူနိုင်မည့် ဘဏ်များကို အပတ်စဉ်တိုး ချဲ့ဖွင့်လှစ်နေသဖြင့် Individual Account ဖွင့်လှစ်ထားသူများအနေဖြင့် တိုကင်ကြိုတင်ယူရန် မလိုဘဲ သတ်မှတ်ပမာဏအတိုင်း ငွေသား ထုတ်ယူနိုင်မည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့ပြင် UAB ဘဏ်ခွဲအားလုံးတွင် ငွေထုတ်ယူမှုပမာဏကို တိုးမြှင့်လိုက်ပြီ ဖြစ်ကြောင်း၊ တစ်ဦးချင်း အကောင့် (Individual Old Account ) ဖွင့်ထားသည့် Customer များအနေဖြင့် မိမိဖွင့်ထားသော ဘဏ်ခွဲ၌ တစ်ပတ်အတွင်း ကျပ်ငါးသိန်း၊ တစ်လအတွင်း အများဆုံး ကျပ် သိန်း ၂၀ အထိ တိုကင် ယူရန်မလိုဘဲ ငွေသားထုတ်ယူနိုင်ပြီ ဖြစ်ကြောင်း ဧပြီ  ၅ ရက်က အသိပေး ကြေညာခဲ့သည်။

ယင်းနောက် အထောက်အထားခိုင်လုံစွာတင်ပြပါက တစ်ပတ်လျှင်  အများဆုံး ကျပ်သိန်း ၁၀၀ အ ထိထုတ်ယူခွင့်ပြုမည့် ညွှန်ကြားချက်ကို ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။

“ဘဏ်လုပ်ငန်းဆိုတဲ့အဓိက အလုပ်က ငွေအပ်သူဆီကငွေကို အတိုးပေးလက်ခံတာ။ ငွေလိုသူဆီ က အတိုးယူပြီး ချေးငွေထုတ်ချေး ပေးတာဖြစ်ပါတယ်။ အဲဒါကိုမှ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်း ကမ်းတွေနဲ့လုပ်ရတာ ဖြစ်ပါတယ်။ ဘဏ်လုပ်ငန်းမှာလည်း မသေချာ မရေရာမှု ဆိုတာရှိတယ်။ အဲဒါကိုမှ ဘယ်လိုနည်းနဲ့ မရေရာ မသေချာမှုတွေ နည်းအောင်လုပ်မလဲဆိုတာ စီမံခန့်ခွဲရတယ်။ အဲဒါက ဘဏ်လုပ် ငန်းရဲ့ အရေးပါတဲ့ပညာဖြစ်ပါတယ်”ဟု ဘဏ်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှစ၍ ဘဏ်မှငွေသားထုတ်ယူရာတွင် စက်မှုဇုန်စက်ရုံများ၏ လုပ်ခလစာအတွက် ကန့်သတ်ချက်မရှိထုတ်ပေးခြင်းအပြင် ကုန်ကြမ်းဝယ်ယူခြင်း နှင့် အစိုးရဘတ်ဂျက်ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများအတွက် တစ်ပတ်လျှင် ကျပ် သိန်း ၁၀၀၀ အထိ ထုတ်ပေးရန် မြန်မာနိုင်ငံတော်ဗဟို ဘဏ်က ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက် နေ့စွဲဖြင့် ညွှန်ကြားချက်ထုတ်ပြန် လိုက်သည်။

လက်ရှိတွင် ဘဏ်များ၏  ငွေသား စီမံခန့်ခွဲမှုအခြေအနေ ကောင်းမွန်လာသည့်အပေါ် ဗဟိုဘဏ်က ဖြေလျှော့ပေးနိုင်သည့်ကိစ္စရပ်များ အပေါ် စိစစ်ပြီး အများပြည်သူများ ငွေသားထုတ်ယူခြင်း ဆောင်ရွက်ရာတွင် အဆင်ပြေစေရန် ရည်ညွှန်း (၁) နှင့် ရည်ညွှန်း (၃) ပါ ကန့်သတ်ချက်ထက် ကျော်လွန်ခွင့်ပြုသည့် ကိစ္စရပ်များအပြင် အောက်ပါကိစ္စရပ်များအတွက် ယခင်သတ် မှတ်ပမာဏ ကျပ်သိန်း ၂၀ နှင့်ကျပ် သိန်း ၂၀၀ သတ်မှတ်ချက်ကို ကျော်လွန်၍ အောက်ပါသတ်မှတ်ချက် ပမာဏများအတိုင်း တိုးမြှင့်ထုတ်ယူခွင့်ပြုရန် ညွှန်ကြားခြင်းဖြစ်သည်။

ယင်းကဲ့သို့ တိုးမြှင့်ထုတ်ယူခွင့်ပြုရာတွင် အစိုးရဌာနများ၏ သင်တန်းကျောင်းစရိတ်များ၊ ဆုချီးမြှင့်ငွေများ၊ ဝတ်စုံကြေးများ ၊ နိုင်ငံဝန်ထမ်းကောင်းတံဆိပ်ချီးမြှင့်ငွေများ ၊ ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်ငွေများ၊ ဝန်ထမ်း ဆုချီးမြှင့်ငွေများနှင့် ဘာသာရေးဆိုင်ရာအခမ်းအနားများအတွက် ငွေသားထုတ်ယူခြင်းကို တစ်ပတ်လျှင် အများဆုံးကျပ် သိန်း ၁၀၀၀ ထုတ်ယူခွင့်ပြုရန် ဖော်ပြထားသည်။

အစိုးရဌာနအသီးသီး၏ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အသုံးစရိတ်များအတွက် ငွေသားထုတ်ယူမှုကို တစ်ပတ်လျှင် အများဆုံး ကျပ် သိန်း ၁၀၀၀ အထိ ထုတ်ပေးရန် ဖော်ပြထားသည်။

ပြည်နယ်၊တိုင်းဒေသကြီး  အစိုးရများ၏ အသုံးစရိတ်များ၊ ဘတ်ဂျက်ငွေဖြင့် ဆောင်ရွက်သည့် ဒေသဖွံ့ ဖြိုးရေးစီမံကိန်းများ၊ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းများ၊ ထောက်ပံ့ကြေး များ (ဥပမာ-လူမှုဖူလုံရေးဆိုင်ရာ ထောက်ပံ့မှုများ၊ လူထုဗဟိုစီမံကိန်း ထောက်ပံ့မှုများ)နှင့်  လျော်ကြေး ကိစ္စများအတွက် ငွေသားထုတ်ယူ ခြင်းကို တစ်ပတ်လျှင် အများဆုံး ကျပ်သိန်း ၁၀၀၀ အထိ ထုတ်ယူခွင့် ပြုရန် ဖော်ပြထားသည်။

စက်မှုဇုန်စက်ရုံများ၏  လုပ်ခ လုပ်စာကိစ္စရပ်များအတွက် ကန့်သတ်ချက်မရှိထုတ်ပေးခြင်းအပြင် ကုန်ကြမ်းဝယ်ယူခြင်းအတွက် ငွေသားထုတ်ယူမှုကို မိမိတို့၏ ငွေကြေး လွယ်ကူမှုအပေါ်မူတည်၍ တစ်ပတ် လျှင် အများဆုံး ကျပ်သိန်း ၁၀၀၀ ထုတ်ယူခွင့်ပြုရန် ဖော်ပြထားသည်။

ကျန်းမာရေးနှင့်ဘာသာရေးဆိုင်ရာ ကိစ္စရပ်များအတွက် အထောက်အထားများ ပြည့်စုံခိုင်လုံ ပါက လူပုဂ္ဂိုလ်တစ်ဦးချင်း၏ ဘဏ်စာရင်းအသီးသီးမှ ငွေသား ထုတ်ယူခြင်းကို  တစ်ပတ်လျှင် အများဆုံး ကျပ် သိန်း ၁၀၀ အထိ ထုတ်ယူခွင့်ပြုရန် ဖော်ပြထားသည်။

အဆိုပါညွှန်ကြားချက်သည်  ထုတ်ပြန်သည့်နေ့မှစ၍ အကျိုး သက်ရောက်စေရမည်ဟု ဖော်ပြထားသည်။

ဘဏ်စာရင်း အကောင့်အဟောင်းတွင် အပ်နှံထားသူများသာ ငွေထုတ်ရခက်ခဲခြင်းဖြစ်ပြီး ငွေစာ ရင်းအကောင့်အသစ်ဖွင့်လှစ်ပါက အပ်နှံထားသည့် ပမာဏအတိုင်း ကန့်သတ်ချက်မရှိဘဲ (ရက်ချိန်းယူ စရာမလိုဘဲ) လွယ်ကူစွာ ငွေထုတ်ယူနိုင်ကြောင်း ပုဂ္ဂလိကဘဏ်များတွင် ငွေစာရင်းအကောင့်သစ် ဖွင့် လှစ်သူများထံမှ သိရသည်။

“New Account ဖွင့်ပြီး ငွေသားထည့်သွင်းထားရင် အပ်ရင်ပေါ့ဗျာ၊ ငွေသားအတိုင်း ပြန်ထုတ်ပေးတယ်၊ သိန်း ၁၀၀ လောက်အထိ ချက်ချင်းထုတ်ပေးတယ်။ သိန်း ၁၀၀ ကျော်ရင်တော့ ငွေထုတ်မယ့် ရက်ကို ကြိုဖုန်းဆက်ဖို့ပြောတယ်ဗျ။ အများစုကတော့ Old Account ကနေ ငွေသား လွယ်လွယ်ပြန်ထုတ် ချင်တာပေါ့ဗျာ” ဟု ငွေစာရင်းအကောင့် အသစ်ဖွင့်လှစ်ခဲ့သူတစ်ဦး က ပြောကြားခဲ့သည်။

ပြည်သူများအကြားတွင်မူ ငွေထုတ်ယူရန်ခက်ခဲနေခြင်းကြောင့်  ဘဏ်များအပေါ် စိုးရိမ်မှုများရှိနေ ဆဲဖြစ်သည်။

“ရုံးကလစာတွေလျှော့ခံနေရတာ ကိုဗစ်စဖြစ်ကတည်းက။ အဲဒီတုန်းက လျှော့လိုက်တဲ့ လစာရာခိုင်နှုန်းတစ်ခုပဲ လျော့သေးတာ။ နောက်ပိုင်းမှာ ဘဏ်တွေက ပိုက်ဆံ ထုတ်မရတော့ အပြင်ကနေ ရာခိုင်နှုန်းပေးပြီး ကိုယ့်လစာပြန်ထုတ်နေရတာ။ ဆိုတော့ လျှော့လို့လျော့တာရယ် ရာခိုင်နှုန်းပေးထုတ်ရလို့ လျော့တာရယ်။ ဆိုတော့ အမြီးနှုတ်၊ ခေါင်းနှုတ်နဲ့ လစာက ကျန်ကောင်းတယ် ကျန်တော့တယ်။ အရင်ကဆို ခြောက်ရာခိုင်နှုန်း၊ ငါးရာခိုင်နှုန်းအထိ ပေးရတယ်။ အခု ဘဏ်တွေက တပတ်ငါးသိန်းလောက် ထုတ်လို့ရ ပြီဆိုတော့ အပြင်က ရာခိုင်နှုန်းစျေးကွက်မှာ နှစ်ရာခိုင်နှုန်းတို့၊ ၁.၅ ရာ ခိုင်နှုန်းတို့ ဖြစ်သွားပြီ။ ဒါလည်း အလျှော့ခံထားရတဲ့ ကိုယ့်လစာလေးကို ရာခိုင်နှုန်း ပေးထုတ်နေရတုန်းပဲ။ ဘဏ်တွေကလည်း ကိုယ်လိုချင်တဲ့ပမာဏအတိုင်း ထုတ်မပေးနိုင်ဘူး။ အလျှော့ခံရတဲ့ကိုယ့် လစာကို ရာခိုင်နှုန်းကြောင့် ထပ်မလျော့ချင် တော့ဘူး၊အပြည့်အဝလို ချင်တယ်” ဟု တာမွေမြို့နယ်တွင် နေထိုင်သူ ရုံးဝန်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။

ဘဏ်စနစ်တစ်ခုလုံး လုံခြုံခိုင်မာမှုရှိစေရန် ဘဏ်များက နိုင်ငံတော်ဗဟိုဘဏ်၏ ဘဏ်လုပ်ငန်း ကြီးကြပ်စစ်ဆေးရေးဌာနသို့ အစီရင်ခံစာများ ပေးပို့ရကြောင်း သိရသည်။ နေ့စဉ်ပေးပို့ရသည့် အစီရင် ခံစာများမှာ မတည်ရင်းနှီးငွေ၊ အပ်ငွေ၊ ချေးငွေ၊ ငွေလွှဲဆောင်ရွက်မှု၊ ဝင်ငွေ နှင့် အသုံးစရိတ်၊ အစိုးရငွေ ချေးသက်သေခံလက်မှတ်များ ပိုင်ဆိုင်မှု၊  ငွေဝင်/ငွေထွက်စာရင်း၊ အစမ်းရှင်းတမ်းအခြေအနေနှင့် နေ့စဉ် ထိန်းသိမ်းရမည့် နိုင်ငံခြားငွေကြေး အခြေအနေတို့ဖြစ်သည်။ အပတ်စဉ် ပေးပို့ရမည့်အစီရင်ခံစာမှာ ငွေကြေး လွယ်ကူမှုအချိုးဖြစ်သည်။ လစဉ် ပေးပို့ရမည့်အစီရင်ခံစာများမှာ ဝင်ငွေနှင့် အသုံးစရိတ်အခြေအနေ၊ လက်ကျန်ရှင်းတမ်း၊ မတည်ငွေ ရင်းလုံလောက်မှုအချိုးနှင့် ရရန် ပိုင်ခွင့်အမျိုးအစားခွဲခြားခြင်းနှင့် လျာ ထားခြင်းစာရင်း၊ သုံးလတစ်ကြိမ် ပေးပို့ရမည့်အစီရင်ခံစာများမှာ ပမာဏကြီးမားသော ကြွေးမြီများစာရင်း၊ ကဏ္ဍအလိုက်ထုတ်ချေးထားသော ငွေစာရင်းနှင့် အာမခံအမျိုးအစားအလိုက် ချေးငွေစာရင်း၊ နှစ်စဉ် ပေးပို့ရသော အစီရင်ခံစာများမှာ ဘဏ်၏ နှစ်ချုပ်အစီရင်ခံစာနှင့် ပြင်ပစာရင်းစစ် အစီရင်ခံစာတို့ဖြစ်သည်။

ပြည်တွင်းဘဏ်များ လုံခြုံခိုင်မာမှုရှိစေရန်အတွက် နိုင်ငံတော်ဗဟိုဘဏ်သည် ကြီးကြပ်စစ်ဆေးရေး လုပ်ငန်းစဉ်များ လုပ်ဆောင်လျက်ရှိပြီး စောင့်ကြည့်ကြီးကြပ်စစ်ဆေးခြင်းနှင့် ကွင်းဆင်းကြီးကြပ်စစ်ဆေး ခြင်းတို့ကို အခြေခံဆောင်ရွက်လျက်ရှိသည်။ ကြီးကြပ်စစ်ဆေးခြင်း လုပ်ဆောင်ရာတွင် ဘဏ်များ၏ငွေရေး ကြေးရေးအခြေအနေနှင့် လုပ်ငန်းဆောင်ရွက်မှုအပေါ် ပုံမှန်သတင်း အချက်အလက်ရယူ ဆောင်ရွက်၍ ကြီးကြပ် စစ်ဆေးခြင်း၊ ဘဏ်များ၏ အဓိကလုပ်ငန်းဆောင်ရွက်မှုညွှန်းကိန်းများကို လေ့လာဆန်းစစ်ခြင်း၊ ကြိုတင်သတိပေးစနစ်ကို ပံ့ပိုးကူညီဆောင်ရွက်ခြင်းတို့ဖြင့် ဘဏ်များ ခိုင်မာလုံခြုံမှုရှိစေရန် ဆောင်ရွက်နေခြင်း ဖြစ်သည်။ ကွင်းဆင်းကြီး ကြပ်စစ်ဆေးခြင်း လုပ်ဆောင်ရခြင်း ၏ အဓိကရည်ရွယ်ချက်များမှာ ဘဏ်လုပ်ငန်းကဏ္ဍတောင့်တင်းခိုင် မာစေရန်၊ ဘဏ်များ၏ လုပ်ငန်း ဆောင်ရွက်မှုများနှင့် ၎င်းတို့၏ငွေ ရေးကြေးရေးအခြေအနေကို ကြီးကြပ်ရန်၊ ဆုံးရှုံးနိုင်ခြေများကို ဖော်ထုတ်သတ်မှတ်ရန်၊ ဆုံးရှုံးနိုင်ခြေများကို အနည်းဆုံးဖြစ်စေရန်တို့ဖြစ်သည်။

နိုင်ငံတော်ဗဟိုဘဏ်၏ အဓိက တာဝန်မှာ ငွေကြေးတည်ငြိမ်ရေး၊ ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေး၊ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှု စနစ်များ ဖွံ့ဖြိုးတိုးတက်စေရေး ဖြစ်သည်။ ယုံကြည်စိတ်ချစွာဖြင့် ဘဏ်တွင် လာရောက်အပ်နှံထားသည့် အများပြည်သူ၏ ငွေကြေးများ ဆုံးရှုံးမှုမရှိအောင် ကာကွယ်ရန်မှာ ဘဏ်များ၏တာဝန်ဖြစ်သည်။

လက်ရှိအချိန်တွင် ပုဂ္ဂလိက ဘဏ်အချို့က ငွေသားထုတ်ယူမှု ဆိုင်ရာ ကန့်သတ်ချက်များ ဖြေ လျှော့ပေးခဲ့သော်လည်း ပြည်သူများ အကြား ငွေသားလိုအပ်ချက်မှာ ကြီးမားနေဆဲဖြစ်သည်။

ဘဏ်တွင် ငွေအပ်နှံထားသော အများပြည်သူသည် အကြောင်းကြောင်းကြောင့် မိမိတို့စုဆောင်းထားသော ငွေကြေးများ ဆုံးရှုံးသွားမည်ကို စိုးရိမ်ပူပန်ခြင်းဖြစ်သည်။

အများပြည်သူ ငွေကြေးများကို ယုံကြည် စိတ်ချရသည့်၊ ခိုင်မာလုံခြုံသည့် ဘဏ်များတွင် အပ်နှံနိုင်ရေး၊ ငွေရေးကြေးရေးကဏ္ဍတည်ငြိမ်ရေး နှင့်  အများပြည်သူ၏ ဗဟိုဘဏ်နှင့် ပြည်တွင်းဘဏ်များအပေါ် ထားရှိ သည့် ယုံကြည်ကိုးစားမှု တိုးမြင့်လာစေရေးအတွက် နိုင်ငံတော်ဗဟိုဘဏ်နှင့် ပြည်တွင်းဘဏ်များ ဆက် လက်ကြိုးပမ်းရဦးမည်ဖြစ်သည်။