နည်းဗျူဟာပြောင်းလဲကာ ယူကရိန်းအရှေ့ပိုင်းနှင့် တောင်ပိုင်း၌ ထိုးစစ်ကို အရှိန်မြှင့်လာသည့် ရုရှား

နည်းဗျူဟာပြောင်းလဲကာ ယူကရိန်းအရှေ့ပိုင်းနှင့် တောင်ပိုင်း၌ ထိုးစစ်ကို အရှိန်မြှင့်လာသည့် ရုရှား
ဧပြီ ၂၈ ရက်က ယူကရိန်းနိုင်ငံအရှေ့ပိုင်းရှိ လီမန်မြို့တွင် လီမန်ဘူတာရုံအနီး အမြောက်ဆန် ကျရောက်ပြီးနောက် မီးလောင်မှု ဖြစ်ပွားနေစဉ် Photo: AFP
ဧပြီ ၂၈ ရက်က ယူကရိန်းနိုင်ငံအရှေ့ပိုင်းရှိ လီမန်မြို့တွင် လီမန်ဘူတာရုံအနီး အမြောက်ဆန် ကျရောက်ပြီးနောက် မီးလောင်မှု ဖြစ်ပွားနေစဉ် Photo: AFP
Published 29 April 2022
နရီမင်း

ရုရှားက တိုက်ခိုက်ရေးတပ်ဖွဲ့များ ဆင့်ကာဆင့်ကာ ဖြည့်တင်းလျက်ရှိရာ ယူကရိန်း အရှေ့ပိုင်းမှ စစ်ပွဲသည် အရေးကြီးသည့် အဆင့်အတွင်း ဝင်ရောက်လာပုံရပြီး ယူကရိန်းတပ်များက အမြောက်ဒဏ်၊ ဗုံးဒဏ်ကို သီတင်းပတ်များချီလျက်ခံနေရသည့် ရှေ့တန်း စစ်မျက်နှာများကို ထိန်းထားနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

ဗုဒ္ဓဟူးနေ့တွင် ရုရှားစစ်တပ်က ၎င်းတို့ ကာကွယ်နေသော ရှည်လျားသည့် ရှေ့တန်း စစ်မျက်နှာများမှ မတူညီသည့် နေရာနှစ်ခု၌ နယ်မြေများကို ဆုံးရှုံးနေကြောင်း သတိပြုမိကာ တုံ့ပြန်မှုအဖြစ် အလွန်များပြားသည့် ပမာဏရှိသော ရုရှားတပ်များ ချထားလိုက် ပုံရသကဲ့သို့ ရုရှားနည်းဗျူဟာသည်လည်း တိုးတက်လာပုံရသည်။

ယူကရိန်းတပ်များသည်လည်း အနောက်ဘက်မှ လာသည့် ၎င်းတို့၏ တစ်ခုတည်းသော ထောက်ပံ့ရေးလမ်းကြောင်းများ နှင့်အတူ အရှေ့ဘက်၌ ၎င်းတို့အတွက် တဖြည်းဖြည်း ကျုံ့ဝင်လာနေသည့် နေရာသုံးခုကို မဖြစ်မနေ ကာကွယ်နေရသည်။ အန္တရာယ်မှာ ရုရှားတို့ ရှေ့တိုးလာနိုင်ပါက ဝေဟင်မှအကာအကွယ် မဲ့နေသော ယူကရိန်း စစ်တပ်၏ အကောင်းဆုံးတပ်ဖွဲ့အချို့ ဖြတ်တောက်ခံရနိုင်ဖွယ်ရှိခြင်းပင်ဖြစ်၏။

ရုရှားသည် ရုရှားမြို့ကြီးဖြစ်သော ဘယ်ဂိုရော့ဒ်မှနေ၍ ယူကရိန်းအတွင်းရှိ အီဇီယမ် ဒေသအထိ အမှတ် ၇၆ လေကြောင်း တိုက်ခိုက်ရေးတပ်မအပြင် ခရုစ်ဒုံးကျည်တပ်ဖွဲ့ များဟူသည့် နောက်ထပ်နည်းဗျူဟာမြောက် တိုက်ခိုက်ရေးအဖွဲ့နှစ်ခုကို ရွှေ့ပြောင်းလိုက်ပြီဖြစ်ကြောင်း ယူကရိန်းစစ်တပ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ရုရှားပိုင်နက်ကို ယူကရိန်းကမ်းရိုးတန်း တစ်လျှောက် ခရိုင်းမီးယားနှင့် ဆက်သွယ်သည့် အမြဲတမ်းကုန်းမြေ စင်္ကြံလမ်းတစ်ခုအား ရုရှားစစ်တပ်က မျှော်မှန်းထားခြင်းနှင့် အတူ ရုရှား၏ ကြေညာထားပြီးသား ရည်ရွယ်ချက်မှာ လူဟန့်နှင့် ဒိုးနက်ဒေသတို့ရှိ နယ်မြေအားလုံးကို သိမ်းပိုက်ရန် ဖြစ်သည်။

ရုရှား၏ အထူးသီးသန့်စစ်ဆင်ရေး နည်းလမ်းသည် တည်နေရာနှင့်မဆိုင်ဘဲ အတူတူ ပင်ဖြစ်ပုံရသည်။ ရက်နှင့်ချီ၊ တစ်ခါတစ်ရံ သီတင်းပတ်နှင့်ချီလျက် မြို့ကြီးမြို့ငယ်များကို လက်နက်ကြီးများ၊ ဒုံးကျည်များ၊ လေကြောင်း တိုက်ခိုက်မှုများဖြင့် စိစိညက်ညက်ခြေပြီး ယင်းနောက်မှ သံချပ်ကာကားများဖြင့် ဖြည်းဖြည်းချင်း တက်လာခြင်းပင်ဖြစ်သည်။

ဒိုးနက်ဒေသတွင် ရုရှားတို့ အဓိကထားသည်မှာ ရုရှားက ကျောထောက်နောက်ခံပြု ပေးသည့် ခွဲထွက်ရေးဝါဒီများက ၂၀၁၄ ခုနှစ်တွင် ယာယီသိမ်းယူထားခဲ့ဖူးသည့် အရေးကြီး မြို့နှစ်မြို့ဖြစ်သော ဆလိုဗီယန်စကီနှင့် ခရာမေတာစကီတို့ကို သိမ်းယူရေး ဖြစ်သည်။

ရုရှားတပ်ဖွဲ့များသည် ယင်းအချက် အချာနေရာများသို့ လားရာသုံးခုမှနေ၍ ထိုးစစ်ဆင်ရန် ကြိုးပမ်းလျက်ရှိသည်။ ထိုးစစ်ဆင်သည့် တပ်ဖွဲ့များသည် ဆလိုဗီယန်စကီမြို့၏ ၁၀ မိုင်ပတ်လည်အတွင်း ရှိနေပုံရသည်။ (ဗျူဟာမြောက်ဆုတ်ခွာရေးတိုက်ပွဲကို ဆင်နွှဲနေသည့် ယူကရိန်းတပ်ဖွဲ့ဝင်များ၏ ခုခံရေးလှုပ်ရှားမှုတစ်ရပ်ဖြစ်ပုံရသည့်) မြို့၏ အရှေ့တောင်ဘက်ရှိ လမ်းကူးတံတားတစ်ခုအား ဖောက်ခွဲဖျက်ဆီးထားသည်ကို ရိုက်ကူးထားသော ဓာတ်ပုံများ ဗုဒ္ဓဟူးနေ့တွင် ထွက်ပေါ်လာသည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက လေကြောင်းထောက်ပံ့မှုဖြင့် ထိုးစစ်ကို အရှိန်မြှင့်နေကြောင်း သူ၏ မကြာသေးမီက ထုတ်ပြန်ချက်များတွင် အရိပ်အမြွက် ပြောကြားထားသည်။ လွန်ခဲ့သည့် ၂၄ နာရီအတွင်း သူ၏တိုက်လေယာဉ်များက ယူကရိန်းပစ်မှတ် ၅၀ ကို ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့သည် ဟု ဗုဒ္ဓဟူးနေ့တွင် အခိုင်အမာ ပြောကြားခဲ့သည်။

၀ါရှင်တန်မြို့မှ  စစ်ပွဲဆိုင်ရာလေ့လာရေး အင်စတီကျု (ISW) က ရုရှားတို့၏ နည်းဗျူဟာမှာ တိုးတက်လာပုံရသည်ဟု ဆိုသည်။ “ရုရှားတပ်ဖွဲ့ဝင်တွေဟာ သူတို့ရဲ့ အရင်ကျင့် သုံးမှုကို အထောက်အကူပြုဖို့ထက်စာရင် တိုက်ခိုက်ရေးပါ၀ါ ပိုတက်လာအောင် တစ်ဖွဲ့နဲ့ တစ်ဖွဲ့က အထောက်အပံ့ပြုနိုင်တဲ့ အကွာအဝေးအတွင်း အကြမ်းအားဖြင့် အပြိုင်ဖြစ်နေတဲ့ လမ်းအမျိုးမျိုးကနေ ဆင်းချလာတာပါပဲ”ဟု  ISW က သူ၏ နောက်ဆုံးသုံးသပ်ချက်၌ ပြောကြားထားသည်။

အီဇီယမ်တောင်ဘက်သို့ ရုရှားတပ်များသည် လမ်းကြောင်းသုံးခုတစ်လျှောက် ချဉ်းကပ်၍ လာနေသည်။ မြို့တော်မြောက်ဘက်၌ ရုရှားစစ်ကြောင်းတစ်ခုတည်း သီတင်းပတ်နှင့် ချီ ထိုင်နေရသည့်အခါ ယင်းကိဗ်မြို့သင်ခန်းစာများကို ရုရှားစစ်ဆင်ရေးမှူးများ ရရှိသွားပုံပေါ်၏။

ရုရှားတို့ ချဉ်းကပ်ပုံနှင့်ပတ်သက်၍ အခြား အခြေခံအကြောင်းတရားတစ်ရပ်မှာ ၂၀၁၄ ခုနစ်ကတည်းက (ထိတွေ့မှုလမ်းကြောင်းတစ်လျှောက် ဒိုးနက်နှင့် လူဟန့်၌ ၎င်းတို့ ယူထားသကဲ့သို့) ယူကရိန်းတို့အနေဖြင့် ခုခံကာကွယ်ရေးနေရာများကို အသေထိုင်မထားနိုင်သော ဒွန်ဘတ်ဒေသမြောက်ပိုင်းသို့ တမင်ချီတက်ခြင်း ဖြစ်နိုင်သည်ဟု ISW က ဆိုသည်။ ဒိုးနက်အနီးရှိ အက်ဒီယက် ကာကဲ့သို့သော နေရာမျိုးတို့ကို သိမ်းပိုက်ရန် ဒုံးကျည်များ၊ အမြောက်များဖြင့် သီတင်းပတ်နှင့်ချီလျက် ကြာအောင် တိုက်ခိုက်သော်လည်း ရုရှားတို့အနေဖြင့် ရုန်းကန်နေရဆဲဖြစ်နေ သည်မှာ ယင်းခုခံကာကွယ်ရေးတို့ကြောင့်ပင် ဖြစ်သည်။

အလားတူစွာပင်၊ အမြောက်များဖြင့် အပြင်းအထန် တိုက်ခိုက်နေသော်လည်း ယူကရိန်းတပ်များက လူဟန့်ဒေသရှိ ဆီဗာရိုဒိုးနက်မြို့အား ထိန်းထားခဲ့ခြင်းဖြစ်သည်။ သို့ သော် ဆီဗာရိုဒိုးနက်နှင့် ရူဗစ်ဇနီအနီးတစ်ဝိုက်ကဲ့သို့သော နေရာများမှာ လုံးဝနီးပါး ပျက်စီးသွားပြီဖြစ်ပြီး ယူကရိန်းတပ်ဖွဲ့ဝင်များအတွက် ရှည်လျားကာ မခိုင်မာသည့် ထောက်ပံ့ရေးလမ်းကြောင်းများ အဆုံးသတ်သွားပြီ ဖြစ်သည်။

တစ်ဘက်မှ ကြည့်လျှင် ယူကရိန်းတို့က ရုရှား၏ ရှည်လျားသော ထောက်ပံ့ရေးလမ်း ကြောင်းများကို ရည်ရွယ်ချက်ထားရှိသည့် လက္ခဏာများ ကြီးထွားလာနေသည်။ ၎င်းတို့ ၏ ရှေ့တန်းစစ်မျက်နှာများ၏အနောက်များ စွာဝေးကွာသော နေရာများ၌ ရှင်းမပြနိုင်သည့် ‘ဖြစ်ရပ်များ’ကလည်း ရှိနေပြန်သည်။ ရုရှားအနောက်ပိုင်းရှိ လောင်စာဆီနှင့် လက်နက်ခဲယမ်း သိုလှောင်ရုံများသည် ညသန်းခေါင်ယံ၌ ရုတ်တရက် ပေါက်ကွဲသွားခဲ့သည်။ ယူကရိန်းနိုင်ငံနယ်စပ်အနီးရှိ လောင်စာဆီ သိုလှောင်ရုံသည် ဗုဒ္ဓဟူးနေ့ အစောပိုင်းနာရီများ၌ မီးလောင်သွားခဲ့ပြီး ယင်းမတိုင်မီ ၂၄ နာရီအလိုက ဘယ်ဂိုရော့အနီးရှိ အခြားသို လှောင်ရုံမှာ မီးလောင်သွားနှင့်ခဲ့ပြီးဖြစ်သည်။

ယင်းဖြစ်ရပ်များကို ၎င်းတို့၏ လက်ချက်ဟု ယူကရိန်းတို့က တိုက်ရိုက်ဝန်ခံခြင်းမပြုခဲ့ ပေ။ သို့သော် ဗုဒ္ဓဟူးနေ့က သမ္မတ၏ အကြံပေးပုဂ္ဂိုလ် မီဟေးလိုပိုဒိုလီယက်က အသိရခက်လှစွာ “အဲဒီရုရှားနယ်မြေတွေမှာ ရုရှားစစ်တပ်ရဲ့ သံချပ်ကာကားတွေကို လောင်စာ ထောက်ပံ့နေတဲ့ လောင်စာဆီသိုလှောင်ရုံကြီးတွေ အချိန်ခြားပြီး မီးလောင်သွားသလို လက်နက်ခဲယမ်း သိုလှောင်ရုံတွေလည်း ပေါက်ကွဲသွားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပါပဲ”ဟု ပြောကြားသွားခဲ့သည်။

ယူကရိန်းတို့အနေဖြင့် ရုရှား၏ ရည် မှန်းချက်ကြီးသော ထိုးစစ်ကို ထိန်းထားနိုင်စွမ်းကို ပြဿနာဖြစ်စေရန် ကြိုးပမ်းရေးအတွက် ယင်းနောက်တန်းနေရာများက သိသာထင်ရှားပြီး လိုအပ်သည့် ပစ်မှတ်များ ဖြစ်နေသည်။ ၎င်းတို့သည် ရုရှား၏ စစ်နံများကို နှောင့်ယှက်တားဆီးသည့် တန်ပြန်တိုက်ခိုက်မှုများကို စီစဉ်ကာ အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ကြောင်း ယူကရိန်း တို့က ပြသလိုက်ခြင်းလည်းဖြစ်ပြီး ၎င်းတို့ အနေဖြင့် ရုရှားတို့ ရှေ့အတင်းတက်ရန် ကြိုး ပမ်းချိန်၌ နောက်ထပ် အခွင့်အရေးများကို ရှာဖွေနေဦးမည်သာ ဖြစ်သည်။

 

တောင်ပိုင်းစစ်မျက်နှာ

ရုရှားတို့သည် တောင်ပိုင်းတွင်လည်း စစ်ဆင်ရေးခြေလှမ်းများကို မြှင့်တင်လိုက်ပြီ  ဖြစ်သည်။ လွန်ခဲ့သည့် သီတင်းပတ်အတွင်း ဇာပိုရီဇာဇီယာဒေသရှိ ရွာများကို အမြောက်များဖြင့် အပြင်းအထန် ပစ်ခတ်သည်ကို မြင်ရပြီး ယခုအခါ ခရိုင်ဗီရီမြို့သည် ရုရှားရေဒါအ တွင်း ရောက်ရှိနေပြီဟု ယူဆရသည်။ ယင်းသည် အနည်းဆုံး ယူကရိန်းအရာရှိများ တွက်ချက်ထားသည့် ယူဆချက်ဖြစ်သည်။

ရုရှားတပ်ဖွဲ့ဝင်များသည် ၎င်းတို့၏ နည်းဗျူဟာမြောက် နေရာယူမှုများကို တိုးတက်ရန် ကြိုးပမ်းခဲ့ချိန်၌ ပြန်လည်အုပ်ဖွဲ့ခြင်းနှင့် ပြန်လည်ကင်းထောက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း ယူကရိန်းစစ်တပ်၏ တောင် ပိုင်းတိုင်းဌာနချုပ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ မီကိုလက်ဗ်မြောက်ပိုင်း ကျယ် ပြောသောနေရာတစ်ခု၌ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပုံကို တွေ့မြင်ရရာ ယူကရိန်း စစ်သားတစ်ဦးက အလွန်တရာများပြားလှသည့် ရုရှားသံချပ်ကာကားအရေအတွက်ကို မြင်နေရကြောင်း ဗီဒီယို၌ မှတ်ချက်ပေးထားသည်။

ယင်းအား အိုဒက်ဆာနှင့် နိုင်ငံ၏ ကျန်အစိတ်အပိုင်းကို ဆက်သွယ်ထားသော တစ်ခုတည်းသော တံတားသည် ဒုံးကျည်နှစ်စင်းဖြင့် တိုက်ခိုက်ခံခဲ့ရပြီးနောက် ယခင်က ကွက်ကျန်ကာ တည်ငြိမ်အေးချမ်းနေခဲ့သည့် ယူကရိန်း အနောက်တောင်ပိုင်းသည်လည်း လွန်ခဲ့သည့် နှစ်ရက်အတွင်း စစ်ပွဲထဲသို့ ဆွဲသွင်းခံလိုက် ရပြီဖြစ်သည်။ အထူးသဖြင့် အိမ်နီးချင်း မော်ဒို ဗာနိုင်ငံ၏ ခွဲထွက်ဒေသဖြစ်သော ထရန်စ်နစ္စတြီးယား၌ ရုရှားတပ်ဖွဲ့ဝင်အင်အား ၁,၅၀၀ ခန့် ရှိနေခြင်းကြောင့် ယင်းဒေသသည် ပျော့ကွက်ဟာကွက် ဖြစ်နေသည်။

တံတားဖျက်ဆီးခံရခြင်းက ထရန်စ်နစ္စတြီးယား၌ ရှင်းမပြနိုင်သော ဖျက်လိုဖျက် ဆီးတိုက်ခိုက်မှုနှစ်ရပ်နောက် ကပ်လျက် ဖြစ်ပွားခြင်းဖြစ်သည်။ ယူကရိန်းတို့က ယင်းဖြစ် ရပ်များကို ကြိုတင်စီစဉ်ထားသည့် ရုရှားတို့၏ ရန်စမှုများဟု ရှုမြင်ကြသည်။ ရိုမေးနီးယား နိုင်ငံနှင့် နယ်စပ်ကို ဖြစ်စေသည့် ဒီနီယက် စတာမြစ်၏ အနောက်ဘက်ဒေသသို့ ရွှေ့ရန် အတွက် တမင်အကြောင်းရှာခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။ လွန်ခဲ့သည့်သီတင်းပတ်တွင် ရုရှားထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးက ရုရှားသည် ၎င်းတို့၏ ဝင်ရောက်တိုက်ခိုက်မှု ဒုတိယအဆင့်အတွင်း ယူကရိန်းတောင်ပိုင်း ကို အပြည့်အဝ ထိန်းချုပ်နိုင်မှုကို ထူထောင်ရန် ရည်ရွယ်ထားသည်ဟု ပြောကြားခဲ့သည်။ ၎င်းအပြင် ယင်းကဲ့သို့ ပြုလုပ်ခြင်းက ၎င်းတို့ တပ်များအား ထရန်စ်နစ္စတြီးယားသို့ ဝင် ထွက်နိုင်စေလိမ့်မည်ဟုလည်း ဆိုသည်။

ခြုံကြည့်လျှင် ကိဗ်မြို့ကို သိမ်းပိုက်ရန် အစီအစဉ်ကို စွန့်လွှတ်ခဲ့ပြီးနောက် ရုရှားတပ်များက ယူကရိန်းအရှေ့ပိုင်းမှ တောင်ဘက်အတွင်းပိုင်းအထိ - ယခုအခါ မိုင်ပေါင်း ရာနှင့်ချီသည့် ရှေ့တန်းစစ်မျက်နှာများတစ်လျှောက် သူတို့၏ပြိုင်ဘက်များကို တိုက်ထုတ် ရန် အစွမ်းကုန်ကြိုးပမ်းနေပုံရကြောင်း တွေ့ရှိရသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် ယင်းရှေ့တန်းစစ်မျက်နှာများ၏နောက်ပိုင်း များစွာဝေးကွာသော နေရာများမှ အခြေခံအ ဆောက်အအုံများ (ယူကရိန်းအနောက်ပိုင်းရှိ ရထားလမ်း ပါ၀ါကွန်ရက်များမှသည် နိုင်ငံတစ်လွှားရှိ လောင်စာနှင့် လက်နက်သိုလှောင်ရုံများအထိ) ကို ထိုးနှက်တိုက်ခိုက်လျက်ရှိသည်။

ရေတိုကာလ၌ ရုရှားစစ်တိုင်းကွပ်ကဲရေးဌာနသည် ရုရှားအစိုးရထံသို့ လက်ဆုပ်လက်ကိုင်ပြနိုင်သော ရလဒ်များကို မေ ၉ ရက် အောင်ပွဲနေ့ စစ်ရေးပြပွဲအမီ ဖြန့်ဝေပေးရန် လိုလားပုံရသည်။ ရေရှည်ကာလ၌မူ ယူကရိန်းနိုင်ငံတွင် သမ္မတဗလာဒီမာပူတင်၏ အဆုံးစွန်ဆုံး ရည်မှန်းချက်များကား အဘယ်နည်းဟူသည့် မေးခွန်းများမှာ ကျန်ရစ်နေဆဲ ဖြစ်သည်။

ယူကရိန်းတို့အနေဖြင့် ယခုအခါ ပြင်း ထန်နေပြီဖြစ်သည့် စစ်ပွဲအား ကြံ့ကြံ့ခံနိုင်ရေး အတွက် အနောက်တိုင်းက ကတိပြုထားသော လက်နက်အစိတ်အပိုင်းအလုံးစုံကိုသာမက သူ၏ တပ်များ ၀ိုင်းရံပိတ်ဆို့ခြင်း မခံရစေရေး သေချာစေရန် ပေါ့ပါးမြန်ဆန်သည့် နည်းဗျူဟာများလည်း လိုအပ်မည်ဖြစ်သည်။

Ref: CNN