ယူကရိန်း စစ်ဘေးဒုက္ခသည်များ၏ အကျပ်အတည်းများ

ယူကရိန်း စစ်ဘေးဒုက္ခသည်များ၏ အကျပ်အတည်းများ
Photo: AFP
Photo: AFP
Published 28 April 2022
မေသုတ

ယူကရိန်း၏ နယ်စပ်များတစ်လျောက် ရွှေ့ပြောင်းဒုက္ခသည်များ၏ ကြေကွဲဖွယ် ဇာတ်လမ်းများမှာ တစ်နေ့တစ်မျိုး မရိုးနိုင်အောင် ကြားသိနေရသည်။ နိုင်ငံအတွင်းမှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည့် ယူကရိန်း စစ်ဘေးရှောင် ဒုက္ခသည်များအနက် ယူကရိန်းနိုင်ငံထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့သူ များလည်းရှိသကဲ့သို့ ယင်းသို့ ပြည်တော်ပြန် ဝင်ရောက်လာသူများထဲမှ စစ်ဘေးကို ကြောက်ရွံ့ပြီး နောက်တစ်ကြိမ် နိုင်ငံအတွင်းမှ ထွက်ပြေးတိမ်းရှောင်သူများလည်း ရှိနေသည်။

စစ်ဘေးကြောင့် နိုင်ငံအတွင်းမှ ထွက်ပြေးတိမ်းရှောင်ပြီး နိုင်ငံအတွင်းသို့ ပြန်လည် ဝင်ရောက်လာခဲ့သည့် ယူကရိန်းနိုင်ငံသားများလည်းရှိနေသလို အခြေအနေမကောင်းသဖြင့် နိုင်ငံအတွင်းမှ ဒုတိယအကြိမ်မြောက် ထွက်ပြေးတိမ်းရှောင်ရသည့် ယူကရိန်းနိုင်ငံသားများလည်း ရှိနေသည်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပတွင် လူဦးရေအများဆုံး ရွှေ့ပြောင်းမှုဖြစ်သည့် ယူကရိန်းပဋိပက္ခတွင် ဒုက္ခသည် ငါးသန်းကျော်မှာ ဘေးလွတ်ရာနိုင်ငံများသို့ ရွှေ့ ပြောင်းခဲ့သည်ဟု ကုလသမဂ္ဂ၏ အဆိုအရ သိရသည်။

ယင်းဒုက္ခသည်များထဲတွင် အိုင်ရီနာ အက်စ်ယန်စကာ အမည်ရှိ အမျိုးသမီးနှင့် သူ၏ ကလေးနှစ်ဦးလည်း အပါအဝင်ဖြစ်သည်။ ၎င်းတို့ မိသားစုကို ရိုမေးနီးယားနိုင်ငံ ဆိုင်ဂီတူမာမာတီအီမြို့အတွင်းသို့ ဝင်ရောက်သည့် တံတားတစ်စင်းပေါ်တွင် အေအက်ဖ်ပီ သတင်းအဖွဲ့က တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

အိုင်ရီနာနှင့် သူ၏ကလေးနှစ်ယောက်သည် တစ်လအတွင်း ယူကရိန်းမှ ဒုတိယအကြိမ် ဒုက္ခသည်အဖြစ် ထွက်ပြေးတိမ်းရှောင်ခြင်းဖြစ်သည်။ သူတို့မိသားစုသည် ရုရှား၏ ကျူးကျော်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ယူကရိန်း၏ အိုဒက်ဆာမြို့မှ ရိုမေးနီးယား၏ ဘူခါရက်စ်မြို့သို့ ထွက်ပြေးတိမ်း ရှောင်ခဲ့သည်။ ထို့နောက် ယခုလအစောပိုင်းက ယူကရိန်းသို့ ပြန်လည်ဝင်ရောက်လာခဲ့သော်လည်း​ ရုရှား၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ယူကရိန်းတွင် နာရီပိုင်းသာနေထိုင်ခဲ့ရပြီး ရိုမေးနီးယားသို့ ပြန်လည်ထွက် ပြေးတိမ်းရှောင်ခဲ့ကြသည်။

သူ့ကလေးနှစ်ဦးမှာ ရှစ်နှစ်အရွယ် သမီးငယ်နှင့် ၁၅ နှစ်အရွယ် သားငယ်တို့ဖြစ်ပြီး ယူကရိန်းတွင် ကျန်ရှိနေသည့် ၎င်းင်းတို့၏ ဖခင်ကို နှုတ်ဆက်ပြီး ရိုမေးနီးယားသို့  ပြန်လည်ထွက်ခွာခဲ့ကြသည်။ ၎င်းတို့ မိသားစုကဲ့သို့ မည်သည့်အချိန်တွင် ပြန်လည်တွေ့ဆုံမည်ကို မခန့်မှန်းနိုင်သည့် ယူကရိန်းဒုက္ခသည် မိသားစုများ အများအပြားရှိနေသည်။

ယူကရိန်းတွင်​ ရုရှားတပ်ဖွဲ့များက အရပ်သားများကို သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် ဘူခါမြို့မှ စလိုဗက်ကီးယားသို့ ထွက် ပြေးတိမ်းရှောင်လာခဲ့သည့် အနုပညာ ကျောင်းဆရာမတစ်ဦးဖြစ်သည့် တက်ယာနာ ဒီဇီမစ်က သူကြုံတွေ့ခဲ့ရသည့် အခြေအနေများကို ပြန်ပြောင်းပြောပြခဲ့သည်။

“ဒါမျိုးတွေကို ဘယ်သူက လုပ်မှာတဲ့လဲ။ ဒါဟာလူတွေလုပ်တာမဟုတ်ဘဲ ငရဲက သတ္တဝါတွေကသာ လုပ်ဆောင်တာပါ” ဟု ဒီဇီမစ် က မျက်ရည်များကြားမှ ပြောကြားခဲ့သည်။

ရုရှားစစ်သားများသည် သူ့ကျေးရွာသို့ ဝင် ရောက်လာခဲ့ချိန်က ကျေးရွာရှိအိမ်တံခါးများကို ဆောင့်ကန် ရိုက်ချိုးပြီး ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

ဧပြီလအစောပိုင်းတွင် ရုရှားစစ်သားများ ပြန်လည်ထွက်ခွာသွားသည့်တိုင် ဒီဇီမစ်သည် သူ၏ သားငယ် အိုလက်ဌီနှင့် ၁၁ နှစ်အရွယ် အမွှာကလေးနှစ်ဦးကို ဘေးကင်းစေရန် နိုင်ငံအတွင်းမှ ထွက်ခွာလာခဲ့သည်ဟု ဆိုသည်။

“ တစ်ခါတစ်လေမှာ ဆူညံပေါက်ကွဲသံတွေထက် တိတ်ဆိတ်ငြိမ်သက်သွားတာက ပိုပြီး ကြောက်စရာကောင်းပါတယ်။ ပေါက်ကွဲသံတွေကြားနေရရင် တစ်ခုခုဖြစ်နေပြီဆိုတာသိရှိရမှာပါ။ ဒါပေမယ့် ဘာသံမှ မကြားဘဲ တိတ်ဆိတ်သွားမယ်ဆိုရင်တော့ လူတွေဘယ် ရောက်နေပြီး ဘာတွေဖြစ်နေလဲဆိုတာ မသိရတော့ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

ဟန်ဂေရီနိုင်ငံ တောင်ပိုင်းတွင်လည်း အသက် ၄၁ နှစ်အရွယ် အိုလက်စ်ယာ ဒီမီချန်ကိုသည် စပိန်-အမေရိကန်နွယ်ဖွား လူသိများထင်ရှားသည့် စားဖိုမှူးတစ်ဦးဖြစ်သူ ဟိုဆေးအန်ဒရီ တည်ထောင်ထားသည့် World Central Kitchen ပရဟိတအဖွဲ့ထံသို့ ဘေး ကင်းလုံခြုံစွာ ရောက်ရှိသွားပြီဖြစ်သည်။

သူတို့မိသားစုသည်လည်း ယူကရိန်းတောင်ပိုင်း မိုလိုချန့်စ်ခ် မြို့မှ ထွက်ပြေးတိမ်း ရှောင်လာခြင်းဖြစ်သည်ဟု ဆိုသည်။ သူ့ပြောကြားချက်အရ ရုရှားတပ်ဖွဲ့များသည် မာရီ ယူပိုးလ်မြို့တွင် ဖြန့်ကြက်ချထားခဲ့သည့် ချေချင်း ရုရှားလိုလားသည့် လက်နက်ကိုင်များ အတွက် လမ်းကြောင်းဖွင့်ပေးရန် နေအိမ်များကို ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။ ထို့နောက် သူသည် သူ့သားငယ်၊ သူ့မိတ်ဆွေအချို့နှင့်အတူ ဘူဒါပက်စ်မြို့ရှိ စက်ရုံတစ်ရုံတွင် အလုပ်လုပ်နေသည့် သူ့ခင်ပွန်းနှင့်တွေ့ဆုံရန် စီစဉ်ခဲ့သည်ဟု ဆိုသည်။

ဟန်ဂေရီနိုင်ငံသည မကြာသေးမီနှစ်များအတွင်းက ရွှေ့ပြောင်းနေထိုင်သူများကို ကြိုဆိုလက်ခံခဲ့သည့် နိုင်ငံတစ်ခုမဟုတ်ပေ။ ၂၀၁၅ ခုနှစ် ရွှေ့ပြောင်းဒုက္ခသည် အရေးအခင်းကာလက ဟန်ဂေရီသည် အီရတ်၊ ဆီးရီးယားနှင့် အာဖဂန်ရွှေ့ပြောင်းနေထိုင်သူများကို ၎င်းင်းနိုင်ငံအတွင်းဝင်ရောက်မှုကို တားဆီးရန် သံဆူးကြိုးခြံစည်းရိုးများ ကာရံခဲ့သည်။

မကြာသေးမီက ဟန်ဂရီတွင် ပြန်လည်ရွေးကောက်တင်မြှောက်ခံခဲ့ရသည့် အမျိုး သားရေးခေါင်းဆောင် ဗစ်တာအော်ဘန်သည် ဥရောပသမဂ္ဂထဲတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ အနီးစပ်ဆုံး မဟာမိတ်ဖြစ်သည်။

“အော်ဘန်ဟာ ရုရှားဘက်ယိမ်းတဲ့သူဖြစ်တာကြောင့် ကျွန်မတို့လည်း အရမ်းမပျော်နိုင်ပါဘူး။ ဒါပေမယ့် ကျွန်မတို့အတွက် ဘေးကင်းလုံခြုံဖို့က အရေးအကြီးဆုံးပါပဲ”ဟု ဒီမီချန်ကိုက ပြောကြားခဲ့သည်။

ယူကရိန်း ဒုက္ခသည် သုံးသန်းနီးပါးကို လက်ခံထားရှိသည့် ပိုလန်နိုင်ငံမှလွဲ၍ အခြားနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ယူကရိန်းဒုက္ခသည်များသည် လက်ရှိတွင် ၎င်းတို့ရောက်ရှိနေသည့် နိုင်ငံများတွင်သာ နေထိုင်ရန် ဆုံးဖြတ်ထားကြသည်။

ယူကရိန်းမှ နယ်စပ်ဖြတ်ကျော်ထွက် ပြေးတိမ်းရှောင်ကြရသည့်အခြေအနေများမှာ တူညီမှုရှိနေသည်တော့ မဟုတ်ပေ။ ပိုလန်နယ်စပ် မက်ဒီကာမြို့ရှိ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးတဲများကို ပထမဆုံးအကြိမ် တွေ့မြင်မည်ဆိုပါက လေဟာပြင်စျေးတစ်ခုသဖွယ် ထင်မြင်မိမည်ဖြစ်သည်။  သို့သော်လည်း ယင်းနေရာ ဒေသတွင် အီဂျစ်လခြမ်းနီ အကူအညီပေးရေး လုပ်သားများနှင့်အတူ အစ္စရေးအဖွဲ့အစည်းများက စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေသည်။  ၎င်းတို့အဖွဲ့အစည်းများနှင့်အတူ အခြား ပရဟိတအဖွဲ့များသည်လည်း ယူကရိန်း ဒုက္ခသည်များအတွက် တတ်နိုင်သည့်ဘက် က ကူညီထောက်ပံ့ပေးနေသည်။

ပြီးခဲ့သည့်သီတင်းပတ်များတွင်မူ ယူကရိန်းနယ်စပ်ဒေသအားလုံးမှ ဒုက္ခသည်များ စီးဆင်းမှုမှာ နှေးကွေးသွားခဲ့သည်။ ယူကရိန်း အာဏာပိုင်များက တိုက်ခိုက်နိုင်စွမ်းရှိသည့် အသက် ၁၈ နှစ်မှ ၆၀ အကြား အမျိုးသားများကို နိုင်ငံအတွင်းမှ ထွက်ခွာခွင့်မပြုခဲ့သဖြင့် ယူကရိန်းမှထွက်ခွာသည့် ဒုက္ခသည်စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်သည်။

သို့သော်လည်း လက်ရှိတွင် ယူကရိန်းမှ ထွက်ပြေးတိမ်းရှောင်နေရသည့် ကလေးသူငယ်များရှိသည့် အမျိုးသမီးငယ်များသည် လိင်ပိုင်းဆိုင်ရာခွဲခြားဆက်ဆံမှုများနှင့် ရင်ဆိုင်နေရသည်ဟု မော်ဒိုဗာနိုင်ငံ၏ ကုလသမဂ္ဂ အမျိုးသမီးရေးရာ ကိုယ်စားလှယ် ဒိုမီနီကာ စတိုဂန်နိုစကာက ပြောကြားခဲ့သည်။

ထို့ပြင် ဒုက္ခသည်အချို့သည် လူမှောင်ခိုကူးသည့် အန္တရာယ်နှင့်လည်း ရင်ဆိုင်နေ ရသည်ဟု နိုင်ငံတကာရွှေ့ပြောင်းနေထိုင် သူများဆိုင်ရာအဖွဲ့ (IOM) က သတိပေးခဲ့ ကြောင်း ၎င်းက ဆိုသည်။ လူမှောင်ခိုသမားများသည် လူကြီးမိဘများမပါဘဲ ထွက်ပြေး တိမ်းရှောင်လာခဲ့သည့် ကလေးငယ်များကို အဓိကပစ်မှတ်ထားနေသည်ဟု စတိုဂန်နိုစ ကာက ပြောကြားခဲ့သည်။

လက်ရှိတွင် ယူကရိန်းမှ ထွက်ပြေးတိမ်း ရှောင်ခဲ့ကြသူများအနက် တစ်သန်းကျော်မှာ ယူကရိန်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ကြ သည်။ အများစုမှာ ၎င်းတို့၏ နေအိမ်မှ ကြာရှည်ခွဲခွာနိုင်ခြင်းမရှိခြင်း သို့မဟုတ် တိုက်ပွဲများသည် ၎င်းတို့နေထိုင်သည့် အရပ်ဒေသ နှင့် အလှမ်းကွာဝေးသည့်နေရာများတွင် ဖြစ် ပွားနေမှုတို့ကြောင့် ဖြစ်သည်။

“ကျွန်မ ခင်ပွန်းကို လွမ်းပါတယ်။ ကျွန်မနိုင်ငံ (ယူကရိန်း) ဟာ အရမ်းလှပတဲ့နိုင်ငံ ဖြစ်ပြီး အရမ်းချောမောတဲ့လူတွေရှိတဲ့နိုင်ငံ ဖြစ်ပါတယ်” ဟု ဂျာမနီနိုင်ငံတွင် သီတင်းငါး ပတ်ကြာထွက်ပြေးတိမ်းရှောင်ခဲ့ပြီးနောက် ယူကရိန်းနိုင်ငံ အိုဒက်ဆာမြို့ကို ပြန်လည် ရောက်ရှိလာသည့် အသက် ၃၆ နှစ်အရွယ် အမျိုးသမီးရှေ့နေတစ်ဦးက ပြောကြားခဲ့သည်။

၎င်းကဲ့သို့ အမိမြေကို ပြန်ချင်နေသည့် ယူကရိန်းပြည်သူများလည်း အများအပြားရှိနေသည်။ ရိုမေးနီးယားနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်ခဲ့သည့် အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက်လူငယ် ဂျာရိုဆလော့ဗ်မာ ရူနိုကမူ မြစ်တစ်ဖက်ကမ်းတွင်ရှိသည့် ယူကရိန်းနိုင်ငံသို့ မည်သည့်အချိန်တွင် ပြန်ရမည် ကို မသိရသေးကြောင်း ပြောကြားခဲ့သည်။

“ နောက်ထပ် တစ်လလောက်ကြာရင် ယူကရိန်းကို ပြန်နိုင်လိမ့်မယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ဟာ ယူကရိန်းစစ်တပ်ကို ယုံကြည်ပါတယ်” ဟု ဂျာရိုဆလော့ဗ်က ပြောကြားခဲ့သည်။                         

Ref: AP

 

Most Read

Most Recent