သူရဦးအောင်ကိုအပေါ် ချမှတ်ထားသည့် ပြစ်ဒဏ်အား နစကဥက္ကဋ္ဌ ထက်ဝက်လျှော့ချ လွတ်ငြိမ်းချမ်းသာခွင့်ပြုပေး

သူရဦးအောင်ကိုအပေါ် ချမှတ်ထားသည့် ပြစ်ဒဏ်အား နစကဥက္ကဋ္ဌ ထက်ဝက်လျှော့ချ လွတ်ငြိမ်းချမ်းသာခွင့်ပြုပေး
Published 25 April 2022

သူရဦးအောင်ကိုအပေါ် ချမှတ်ထားသည့် ပြစ်ဒဏ်အား နစကဥက္ကဋ္ဌ ထက်ဝက်လျှော့ချ လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

သူရဦးအောင်ကိုအပေါ် တရားလွှတ်တော်က ချမှတ်ထားသည့် ပြစ်ဒဏ်အား ထက်ဝက်လျှော့ချ လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးလိုက်ကြောင်း ယခုရက်ထဲထုတ်ပြန်လိုက်သော မြန်မာနိုင်ငံတော်ပြန်တမ်းအရ သိရသည်။

ပြစ်ဒဏ်အား ထက်ဝက်လျော့ချ လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးလိုက်သည့်ရက်သည် မတ် ၁၄ ရက်ကဖြစ်ပြီး ထိုရက်သည် သူရဦးအောင်ကို ပြစ်ဒဏ်ကျခံပြီးနောက် ထုတ်ပြန်လိုက်သည့် လွတ်ငြိမ်းချမ်းသာခွင့်ဖြစ်ကြောင်း ထုတ်ပြန်ထားချက်အရ သိရသည်။

နစက ဥက္ကဋ္ဌသည် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ ကျခံနေသည့် ပြစ်ဒဏ်၏ထက်ဝက်အား လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ထို့ကြောင့် သူရဦးအောင်ကိုအနေဖြင့် ချမှတ်ထားသည့်ပြစ်ဒဏ်အား ထက်ဝက်လျော့ချ လွတ်ငြိမ်းချမ်းသာခွင့် ပြုပေးသည့်အတွက် အလုပ်နှင့် ထောင်ဒဏ် ခြောက်နှစ်သာ ကျခံရတော့မည်ဟု သိရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း သူရဦးအောင်ကို အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ် အမိန့်ချမှတ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းကြေညာထားခြင်းဖြစ်သည်။

အဆိုပါသတင်းထုတ်ပြန်ချက်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း သူရဦးအောင်ကို၏ လုပ်ငန်းဆောင်ရွက်ရာတွင် ငွေကြေးနှင့်ပစ္စည်းများ တောင်းခံရယူမှုများအပေါ် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ကြောင်း၊ ထိုသို့စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ ပြည်ထောင်စုဝန်ကြီးဟောင်း သူရဦးအောင်ကိုသည် နိုင်ငံတော်မှ လူပုဂ္ဂိုလ်များသို့ သာသနာ့နုဂ္ဂဟဘွဲ့တံဆိပ် ရှစ်မျိုးအား နှစ်စဉ်ချီးမြှင့်ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာပုဂ္ဂိုလ်များထံမှ ငွေသားကျပ်သိန်း ၁၀၀ နှင့် ငွေကျပ်သိန်း ၃၀၀ တန် Blank Cheque တစ်စောင် လက်ခံရယူခဲ့ခြင်း၊ လုပ်ငန်းရှင်တစ်ဦးမှ လုပ်ငန်းများ ရေရှည်အဆင်ပြေစေရန်အတွက် ပေးအပ်သည့် ‌ငွေကျပ် ၁၀၀၅ သိန်းတန်ဖိုးရှိ Ford Everest Titanium မော်တော်ယာဉ် တစ်စီးကို လက်ခံရယူခဲ့ခြင်း၊ အလေးချိန် ၂၀ ကျပ်သားခန့်ရှိသော ရွှေပန်းကန်တစ်ချပ်ကို ကျသင့်တန်ဖိုးပေးချေခြင်းမရှိဘဲ လက်ခံရယူခဲ့ခြင်းတို့ကြောင့် ပြည်ထောင်စုဝန်ကြီးဟောင်း သူရဦးအောင်ကိုအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် ၂၀၂၁ ခုနှစ်၊ မတ် ၁၉ ရက်၌ တရားစွဲဆိုတင်ပို့ခဲ့ရာ ရာဇဝတ်ကြီးမှုအမှတ် ၅/၂၀၂၁၊ ၆/၂၀၂၁၊ ၇/၂၀၂၁ နှင့် ၃၂/၂၀၂၁ တို့ဖြင့် စစ်ဆေးခဲ့ကြောင်း ဖော်ပြပါရှိသည်။

ထို့ကြောင့်ယင်းအမှုများအပေါ် ပြစ်မှုထင်ရှားသဖြင့် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်က ၂၀၂၂ ခုနှစ်၊ မတ် ၁၄ ရက်တွင် ပြည်ထောင်စုဝန်ကြီးဟောင်း သူရဦးအောင်ကိုအား ရာဇဝတ်ကြီးမှုအမှတ် ၅/၂၀၂၁၊ ၆/၂၀၂၁၊ ၇/၂၀၂၁ နှင့် ၃၂/၂၀၂၁ တို့အတွက် အလုပ်နှင့် ထောင်ဒဏ် သုံးနှစ်စီဖြင့် စုစုပေါင်းအလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ် ကျခံစေရန်နှင့် Ford Everest Titanium မော်တော်ယာဉ် တစ်စီး၊ ငွေကျပ် သိန်း ၁၀၀ နှင့် ရွှေပန်းကန်ပြားတို့ကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းကြေညာချက်တွင် ဖော်ပြပါရှိသည်။