အရင်းရှင်စီးပွားရေးစနစ်နှင့် စျေးကွက်စီးပွားရေးစနစ် (Capitalist Economics System and Market Economic System)

အရင်းရှင်စီးပွားရေးစနစ်နှင့် စျေးကွက်စီးပွားရေးစနစ် (Capitalist Economics System and Market Economic System)
Published 24 April 2022
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

၁၉၉၀ ပြည့်နှစ်ကျော်အချိန် ကာလ အတိအကျတင်ပြရပါလျှင် ၁၉၈၈ ခုနှစ် နောက်ပိုင်းအချိန် ကာလ မိမိတို့ တိုင်းပြည်နိုင်ငံတွင် သဘောတရားနှင့် လက်တွေ့အရ မည်သို့မျှ သဟဇာတမဖြစ် ကိုက်ညီ ခြင်းမရှိသည့် အုပ်ချုပ်ရေးစနစ်နှင့် စီးပွားရေးစနစ်ကို ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ကြပါသည်။

ဆရာကြီး ဦးမြတ်သိန်းက အဆိုပါအချိန်ကာလကို သူ၏စာအုပ်တွင် (Market-Oriented Period under Military Rule) (Reference: 1)  ခေါင်းစဉ်ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။ ထိုကဲ့သို့ ကျင့်သုံးဆောင်ရွက်ခဲ့ခြင်းများကြောင့် ယနေ့အချိန် မိမိတို့ တိုင်းပြည်နိုင်ငံတော်နှင့် ပြည်သူပြည်သားများအပေါ်တွင် မည်ကဲ့သို့ အကျိုးသက် ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသည် ကို စာဖတ်သူများကိုယ်တိုင် တွေ့ကြုံ ခံစားရလျက်ရှိမည်ဟု ယုံကြည်ပါသည်။

အာဏာအခြေပြု စစ်အုပ်ချုပ် ရေးစနစ်နှင့် စျေးကွက်အခြေပြု စီးပွားရေးစနစ်တို့ ပေါင်းစပ်ကျင့်သုံး အကောင် အထည်ဖော်ဆောင်ရွက် လိုက်သည့်အခါတွင် အာဏာ အခြေပြု စီးပွားရေးစနစ်မှာ အလိုအလျောက် ပေါ်ထွက်လာပါတော့သည်။ စစ်နှင့်ပတ်သက်သည့် အင်စတီကျူးရှင်းတို့၏ အခြေခံသဘောတရားမှာ ရန်သူနှင့် မိတ်ဆွေ ခွဲခြားနိုင်စေရန် ကြိုးစားအားထုတ်ရမည်။ ရန်သူမှန်သမျှ အမြစ်ပြတ်စေရန် တိုက်ခိုက်သတ်ဖြတ်ချေမှုန်းရ မည်ဆိုသည့် သဘောတရားအပေါ်တွင် အခြေခံပြီးတည်ဆောက်ထား ရှိခြင်းဖြစ်ရာ စျေးကွက်သဘော တရားနှင့် ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်ပြီး မည်သို့မျှ သဟဇာတ ရှိစွာ ပေါင်းစည်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် အခြေ အနေမဟုတ်ပါ။ ထိုစဉ်အချိန်က ပေါင်းစည်း ဆောင်ရွက်ခဲ့ခြင်း ကြောင့် ဖြစ်ပေါ်စေခဲ့သည့် အကျိုး သက်ရောက်မှုများ အခြေအနေဖြစ်ရပ်များကို စနစ်တကျဖော်ထုတ်ခဲ့သည့် ပညာရှင်များပင် မရှိသလောက် ရှားပါးခဲ့ပါသည်။ အကြောင်းရင်းမှာ ရန်သူအဖြစ်သတ်မှတ်ပြီး အပြစ်ပေးအရေးယူခံရမည်ကို စိုးရိမ်သောကြောင့် မိမိ၏ဂုဏ်သိက္ခာနှင့် အလုပ်အကိုင်ကို အလဟဿ အဆုံးရှုံးမခံနိုင်သည့်အတွက် ရှောင်ရှားကြခြင်းဖြစ်မည်ဟု ယူဆပါသည်။

သို့သော်လည်း ဆရာကြီး ဦးမြတ်သိန်းက သူ၏စာအုပ်ထဲတွင် ပြတ်ပြတ်သားသား ရှင်းလင်း တင်ပြထားသည်မှာ “A market-oriented economic system will not evolve automatically; the right environment is required for fair and efficient markets to work and flourish.” (Referen-ce:1, pp-244). ဖော်ပြထားချက်မှာ “စျေးကွက်အခြေပြု စီးပွားရေးစနစ် တစ်ရပ်သည် သူ့အလိုအလျောက် အဆင့်ဆင့် ပြောင်းလဲတိုးတက်ဖြစ် ထွန်းလာလိမ့်မည် မဟုတ်ပါ။ တရားမျှတပြီး ထိရောက်မှုရှိသည့် စျေးကွက်များ မှန်ကန်ချောမွေ့စွာ အလုပ်လုပ် လည်ပတ်နေစေပြီး အောင်မြင်ထမြောက် ကြီးပွားတိုးတက်ဖြစ်ထွန်းလာစေရန်မှာ မှန်ကန်ကောင်းမွန်သည့် ဝန်းကျင် ကောင်းတစ်ခု ဖြစ်ပေါ်နေစေရေး တည်ဆောက်ထားရှိရန် မဖြစ်မနေ လိုအပ်ပါသည်။”

စာရေးသူတို့၏ တိုင်းပြည် နိုင်ငံတွင် အရင်းရှင်စီးပွားရေးစနစ်၊ ဆိုရှယ်လစ် စီးပွားရေးစနစ်နှင့် စျေးကွက်စီးပွားရေး စနစ်တို့အတွက် စီးပွားရေးတက္ကသိုလ်တွင် အကဲဒမစ်အရ တည်ရှိနေသည့် အရင်းအမြစ် ကို တင်ပြပါမည်။ စာရေးသူတို့ ဘွဲ့ကြိုတန်း တက်ရောက်စဉ်အချိန်အခါက မိမိတို့ တိုင်းပြည်နိုင်ငံတွင် စီးပွားရေးတက္ကသိုလ်မှာ ရန်ကုန်မြို့ တွင်သာတည်ရှိပြီး အဓိကသင်ကြားရေးဌာနကြီးများအဖြစ် ၀ါဏိဇ္ဇဗေဒဌာန၊ ဘောဂဗေဒဌာနနှင့် စာရင်းအင်းပညာဌာနအဖြစ် ဖွဲ့ စည်းထားရှိပြီး မြန်မာစာဌာန၊ အင်္ဂလိပ်စာဌာန၊ သချင်္ာဌာန၊ ပထဝီဝင်ဌာန စသည်ဖြင့် သင်ကြားရေး အထောက်အကူပြုဌာနကြီးများ နှင့် ပေါင်းစပ်ကာ ၀ါဏိဇ္ဇဗေဒဘာသာရပ်ကို အခြေခံသည့် ဘွဲ့များ၊ ဘောဂဗေဒဘာသာရပ်ကို အခြေခံ သည့်ဘွဲ့များနှင့် စာရင်းအင်းပညာဘာသာရပ်ကို အခြေခံသည့်ဘွဲ့များအဖြစ် အပ်နှင်းနိုင်စေရန် သင်ကြားပို့ချခဲ့ကြပါသည်။

ယေဘုယျအားဖြင့် စီးပွားရေးပညာရပ် (Economics) နှင့် ပတ်သက်သည့် ဘာသာရပ်များကို ဘောဂဗေဒဌာနက တာဝန်ယူသင် ကြားပို့ချပေးပြီးလျှင် စီးပွားရေး လုပ်ငန်းပညာရပ် (Business) နှင့် ဆက်စပ်ပတ်သက်သည့် ဘာသာ ရပ်များကိုမူ ၀ါဏိဇ္ဇဗေဒဌာနက တာဝန်ယူသင်ကြားပို့ချပေးသည့် အခြေအနေဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းပညာရပ် (Business) နှင့် ပတ်သက်သည့် ဘာသာရပ်များ (Subject) အတွက် သီးခြားတာ ဝန်ယူ သင်ကြားပေးသည့် ဘာသာ ရပ်ဌာနအနေဖြင့် ဖွဲ့စည်းဆောင် ရွက်ခြင်းကို မတွေ့ရှိရပါ။ ထိုစဉ် အချိန်အခါက ကျင့်သုံးအကောင်အထည်ဖော်လျက်ရှိသည့် နိုင်ငံရေးစနစ်ကြောင့်လည်း ဖြစ်နိုင်ပါသည်။

အထက်တွင်ဖော်ပြခဲ့သည့် ပညာရပ်များအတွက် မြန်မာဘာသာ စကားလုံးစကားရပ်များနှင့် ပတ်သက်သည့် ဘာသာပြန်အသုံးအနှုန်းများသည် စီးပွားရေးတက္ကသိုလ်များတွင် တက်ရောက်လေ့လာ သင်ယူခဲ့သူများ၊ သင်ကြားလျက်ရှိသူများအကြားတွင် ကွဲပြားစွာ သိမြင်နားလည်နိုင်ပါသော် လည်း စီးပွားရေးတက္ကသိုလ်ဝန်းကျင်မဟုတ်သည့် ပြင်ပလောကရှိ လူပုဂ္ဂိုလ်များအတွက် လွန်စွာရှုပ် ထွေးစေခဲ့ပါသည်။ အင်္ဂလိပ်စကားလုံး (Economics) နှင့် (Business) မှာ လုံးဝကွဲပြားခြားနားလျက် တည်ရှိနေပါသော်လည်း မြန်မာဘာသာ သို့ ပြန်ဆိုသည့်အခါတွင် “စီးပွားရေးပညာ” နှင့် “စီးပွားရေးလုပ်ငန်း ပညာ” အဖြစ် အနီးစပ်ဆုံး ဘာသာ ပြန်ဆိုရသည့်အတွက် စကားလုံး အသုံးအနှုန်းမှာ နီးကပ်စေခဲ့ပြီး ရှုပ်ထွေးလျက်ရှိနေပါသည်။ ယခု ဆောင်းပါးကို ဖတ်ပြီးချိန်တွင်မူ လုံးဝရှင်းလင်းသွားမည်ဟု မျှော် လင့်မိပါသည်။

စာရေးသူသည် ပညာရပ်ဆိုင်ရာများနှင့် ပတ်သက်ပြီး စာဖတ်သူများ အလွယ်တကူ သိမြင်နားလည် နိုင်စေရေးအလို့ငှာ ရေးသားရှင်းလင်းတင်ပြရာတွင် တက္ကသိုလ်များ က ဖွဲ့စည်းထားရှိသည့် ဘာသာရပ် ဌာနကြီးများကို အခြေခံကာ ခွဲခြမ်း စိတ်ဖြာတင်ပြပါက ပိုမိုပြီး သိလွယ် မြင်လွယ် နားလည်လွယ်သည်ဟု ယူဆထင်မြင်သည့် အားလျော်စွာ ယခုဆောင်းပါး၏ ခေါင်းစဉ်ဖြစ်သည့် အရင်းရှင် စီးပွားရေးစနစ်နှင့် စျေးကွက်စီးပွားရေးစနစ် သဘောတရားများကိုလည်း စာရေးသူ သင်ယူလေ့လာခဲ့ရသည့် စီးပွားရေး တက္ကသိုလ်ကြီးက ဖွဲ့စည်းထားရှိသော ဘာသာရပ်ဌာနကြီးများက တာဝန်ယူ သင်ကြားပို့ချလျက်ရှိသည့် ဘာသာရပ်များအပေါ်တွင် အခြေခံကာ ရှင်းလင်းတင်ပြပါမည်။ စာရေးသူ အထူးပြုလေ့လာ သင်ယူခဲ့ရသည်မှာ စာရင်းအင်းပညာ ဖြစ်သည့်အတွက် ယခုတင်ပြချက်ကို ဘက်လိုက်မှုမရှိစေရန် ကြိုးစားတင်ပြပါမည်။

စီးပွားရေးတက္ကသိုလ်တွင် အရင်းရှင်စီးပွားရေးစနစ်နှင့် သက်ဆိုင်သည့် ဘာသာရပ်များနှင့် ဆိုရှယ်လစ်စီးပွားရေးစနစ်နှင့် သက်ဆိုင်သည့်ဘာသာရပ်များ၊ သဘောတရားများကို ဘောဂဗေဒဌာနက တာဝန်ယူသင်ကြားပေးလျက်ရှိပြီး အဆိုပါဘာသာရပ်များသည် စီး ပွားရေးပညာဘာသာရပ် ဘောဂဗေဒ (Economics) တွင်ရှိ ဘာသာရပ်များတွင် အများဆုံးအကျုံးဝင်လျက်ရှိနေပါသည်။ စျေးကွက်နှင့် ပတ်သက်သည့် ဘာသာရပ်များ (Subjects) ကိုမူ ၀ါဏိဇ္ဇဗေဒဌာနက တာဝန်ယူသင်ကြားပေးလေ့ရှိပြီး အဆိုပါဘာသာရပ်များသည် စီးပွားရေးလုပ်ငန်းပညာ (Business) နှင့် သက်ဆိုင်သည့် ဘာသာရပ်များ တွင် အကျုံးဝင်လျက် တည်ရှိနေပါသည်။

စျေးကွက်စီးပွားရေးစနစ်၏ သဘောသဘာဝအခြေခံမှာ စီးပွားရေးပညာ ဘောဂဗေဒ (Economics) နှင့် စီးပွားရေးလုပ်ငန်းပညာ (Business) တို့ကို ပေါင်းစပ်လေ့လာရသည့် ဘာသာရပ်များဖြစ်သည့်အတွက် ယနေ့အချိန် မိမိတို့ တိုင်းပြည်နိုင်ငံ၏ အခြေအနေမှာ စျေးကွက်စီးပွားရေးစနစ်နှင့် သက်ဆိုင်သည့် ဘာသာရပ်များ (Subjects) ကို သီးခြားတာဝန်ယူသင် ကြားပို့ချပေးမည့် တာဝန်ခံဌာန မရှိ ဖြစ်စေခဲ့ပါသည်။ ထို့ကြောင့် စီးပွားရေးပညာ ဘောဂဗေဒ (Economics) နှင့် စီးပွားရေးလုပ်ငန်းပညာ (Business) တို့နှင့် သက်ဆိုင်သည့် ဘာသာရပ်များကို ပေါင်းစည်း သင်ကြားရမည်ဖြစ်သောကြောင့် ဘောဂဗေဒဌာနနှင့် ၀ါဏိဇ္ဇဗေဒဌာနတို့က ပူးပေါင်းတာဝန်ယူရမည့် အခြေအနေဖြစ်ပါသည်။

စာရေးသူတို့ အမေရိကန်ပြည်ထောင်စု၊ ဆန်ဟိုဆေးစတိတ် တက္ကသိုလ်၊ နိုင်ငံတကာ ကွန်ဖရင့် တက်ရောက်နေစဉ် ဆန်ဟိုဆေး စတိတ်တက္ကသိုလ် အကြီးအကဲက လာရောက်ပြီး မိတ်ဆက်စကားအတွင်း ရှင်းလင်းတင်ပြချက်မှာ  “ယနေ့အချိန်အခါတွင် တည်ရှိဖြစ်ပေါ်လျက်ရှိသည့် အချို့သော အကြောင်းအရာ အခြေအနေများသည် ဘာသာရပ်ဌာနတစ်ခုတည်းက တာဝန်ယူဆောင်ရွက်ရန်မှာ မဖြစ်နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ အကျုံးဝင်သည့် ဘာသာရပ်ဌာနများအားလုံး အတူတကွ ပူးပေါင်းပြီး အကောင်အထည် ဖော်ဆောင်ရွက်နိုင်မှသာလျှင် ထူးခြား ကောင်းမွန်သည့် ရလဒ် အဖြေများ ထွက်ပေါ်လာမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်ကို ပြန်လည် ကြားယောင်မိပါသည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ မိမိတို့ တိုင်းပြည်နိုင်ငံသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ “နိုင်ငံတော်၏စီးပွားရေး စနစ်သည် စျေးကွက်စီးပွားရေး စနစ် ဖြစ်သည်”ဟု အတိအလင်းပြဋ္ဌာန်းထားရှိပြီး စျေးကွက်စီးပွားရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ပါမည်ဟု ဆုံးဖြတ်ချက်များ ချမှတ်ထားရှိပြီးဖြစ်သည့်အတွက် မိမိတို့ တိုင်းပြည် နိုင်ငံတွင် ပကတိ တည်ရှိနေသည့် သဘာဝ အရင်းအမြစ်များ အခြေအနေနှင့် လိုက်လျောညီထွေ ကိုက်ညီမည့် စျေးကွက်များကို လက်တွေ့အခြေအနေနှင့် သဘောတရားများအရ အကောင်အထည် ဖော်ဆောင်ရွက်နိုင်စေမည့် ပညာရပ်ဆိုင်ရာ အရင်းအမြစ်များ ဖြစ်ထွန်း ပေါ်ပေါက်လာစေရေးကို ရည်ရွယ်ပါသည်။

ပထမဦးစွာ စျေးကွက်စီးပွားရေးစနစ် (အချို့ကလည်း စျေးကွက် အရင်းရှင်စီးပွားရေးစနစ်ဟု ခေါ်ဆိုကြပါသည်။) ဖြစ်ထွန်းပေါ်ပေါက်လာပုံ သမိုင်းအကျဉ်းနှင့် အဓိပ္ပာယ်သတ်မှတ်ချက် သဘော တရားများကို ရှင်းလင်းတင်ပြပါမည်။ ယခုအကြောင်းအရာများကို ဆရာကြီး ဂျွန်ကေး (John Kay) ၏ ရေးသားတင်ပြထားချက် (Reference : 2) အပေါ်တွင် အခြေခံကာ တင်ပြပါမည်။ ဆရာကြီးသည် စီးပွားရေးပညာ ဘောဂဗေဒ (Economics) နှင့် စီးပွားရေးလုပ်ငန်းပညာ (Business) တို့အကြား ဆက်သွယ်ချက်ကို ရှာဖွေဖော်ထုတ်နေသူ တစ်ဦးဖြစ်သည်ဟု လေ့လာသိရှိရပါသည်။ စျေးကွက်စီးပွားရေး စနစ်နှင့် ပတ်သက်သည့် အကြောင်းအရာသည် ကျယ်ပြန့်လွန်းသည့်အတွက် ယခုဆောင်းပါးအ ဆင့်နှင့် ပြည့်စုံစွာတင်ပြရန်မဖြစ်နိုင်ပါ။ အချို့သောအကြောင်းအရာများကိုသာ ကောက်နုတ်တင်ပြပါမည်။

ကမ္ဘာပေါ်တွင် ဖြစ်ထွန်းပေါ် ပေါက်စေခဲ့သည့် နိုင်ငံရေးစနစ်များနှင့် စီးပွားရေးစနစ်များမှာ စိတ်ဝင်စားဖွယ်ကောင်းလှပါသည်။ စာရေးသူသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့တွင်ထုတ် ဝေသည့် Weekly Eleven News တွင် “နိုင်ငံရေးစနစ်နှင့် စီးပွားရေးစနစ်တို့၏ အဆက်အစပ်” ခေါင်းစဉ်နှင့် ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါသည်။ ယခုတင်ပြမည့် အကြောင်းအရာများကို အထက်ဖော်ပြပါ ဆောင်းပါးတွင် ပါဝင်သည့် သတင်းအချက်အလက်များနှင့် တွဲဖက်လေ့လာပါကပိုမိုပြီး အလွယ်တကူ သိမြင်နားလည်နိုင်မည်ဖြစ်ပါသည်။ အကျဉ်းတင်ပြရပါလျှင် နိုင်ငံရေးစနစ်နှင့် စီးပွားရေးစနစ်ကို လုံးဝ ခွဲခြားကျင့်သုံးသည့် လေဆယ်ဖဲယား(စ်) မူဝါဒ (Policy of Laissez-faire) တွင် “အရင်းရှင် စီးပွားရေးစနစ်” အဖြစ် ပီပြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြပါသည်။ နိုင်ငံရေးစနစ်နှင့် စီးပွားရေးစနစ်ကို ပေါင်းစပ်ကျင့် သုံးခဲကြရာတွင်လည်း နိုင်ငံရေးစနစ်ကို အခြေခံကာ စီးပွားရေးစနစ်များကို လိုက်လျောညီထွေရှိစေရန် ကျင့်သုံးခဲ့ကြပါသည်။

ဥပမာအားဖြင့် ဆိုရှယ်လစ် နိုင်ငံရေးစနစ်ကို ကျင့်သုံးပါက ဆိုရှယ်လစ်စီးပွားရေးစနစ်ကို အကောင်အထည် ဖော်ဆောင်ရွက်ခြင်းမျိုး ဖြစ်ပါသည်။

သို့သော်လည်း ယနေ့ကျင့်သုံး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် “စျေးကွက်စီးပွားရေးစနစ်”မှာမူ ထူးခြားလှပါသည်။ ဒီမိုကရေစီစနစ်ကို အခြေခံသည့် နိုင်ငံရေးစနစ်များတွင် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်သကဲ့သို့ ဗဟိုတင်းကျပ်သည့် နိုင်ငံရေးစနစ်ဖြစ်သည့် ကွန်မြူနစ် နိုင်ငံရေးစနစ်အောက်တွင်လည်း အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြပါသည်။ အချို့သော ပညာရှင်ကြီးများ၏ အဆိုအရ စျေးကွက်စီးပွားရေးစနစ် အောင်မြင်ဖြစ်ထွန်းလာခဲ့သည်မှာ ၁၉၈၉ ခုနှစ် ဘာလင်တံတိုင်းပြို ပျက်ခဲ့သည်မှ စတင်ခဲ့သည်ဟု မှတ်ချက်ပြုခဲ့ကြပါသည်။

စျေးကွက်စီးပွားရေးစနစ် အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် အရေးကြီးသည့် အချက်ကို တင်ပြရပါလျှင် “Not only are markets good, but more markets are better than fewer markets. The emergence of new markets for financial products, for example, is presumptively beneficial.” (Reference: 2, pp-8) ဖော်ပြထားချက်အရ “မှန်ကန်ကောင်းမွန်သည့် စျေးကွက်များ တည်ရှိ ဖြစ်ပေါ်နေခြင်းသာမက စျေးကွက်အများအပြားတည်ရှိ ဖြစ်ပေါ်လာစေခြင်းသည် စျေးကွက်အနည်းငယ်သာ တည်ရှိနေခြင်းထက် ပိုမိုကောင်း မွန်ပါသည်။ ဘဏ္ဍာရေးနှင့် သက်ဆိုင်သည့် လုပ်ငန်းများအတွက် စျေးကွက်အသစ်များ ဖြစ်ထွန်း ပေါ်ပေါက်လာစေခြင်းသည် သေချာပေါက် အကျိုးဖြစ်ထွန်းလာတော့မည်ဟု မှတ်ယူနိုင်ပါသည်။”

စျေးကွက်စီးပွားရေးစနစ် ကျင့်သုံးအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းနှင့် တိုင်းပြည်နိုင်ငံများ ဆင်းရဲခြင်း ချမ်းသာခြင်းကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းကို ဖော်ပြရာတွင် “ … why some countries are poor and others rich, it would be that the politics and economics of poor countries are dominated by rent-seeking and the politics and economics of rich countries are not.” (Reference: 2, pp-11) ဖော်ပြထားချက်အရ “အချို့သော တိုင်းပြည်နိုင်ငံများသည် ချမ်းသာ ကြွယ်ဝလာကြပြီး အချို့မှာ ဆင်းရဲလျက်တည်ရှိဖြစ်ပေါ်နေသည်မှာ ဘာကြောင့်ပါလဲဟု မေးခွန်းဖြစ် ပေါ်လာစေပါသည်။ မေးခွန်း၏ အဖြေမှာ ရှင်းပါသည်။ နိုင်ငံရေးနှင့် စီးပွားရေးအရ ဆင်းရဲသည့် တိုင်းပြည်နိုင်ငံများတွင် အလွဲသုံးစားပြု ကိုယ်ကျိုးရှာခြင်း (Rent- Seeking) များ တည်ရှိဖြစ်ပေါ်လျက်ရှိပြီး နိုင်ငံရေးနှင့် စီးပွားရေးအရ ချမ်းသာသည့် နိုင်ငံများတွင် အလွဲသုံးစားပြု ကိုယ်ကျိုးရှာခြင်း မရှိသည့်အတွက် ဖြစ်ပါသည်။ “စာရေးသူ သည် ၂၀၂၂ ခုနှစ် မတ်လ ၇-ရက် နေ့တွင်ထုတ်ဝေသည့် Weekly Eleven News တွင် ‘အလွဲသုံးစားပြု ကိုယ်ကျိုးရှာ လူ့အဖွဲ့အစည်း (Rent-Seeking Society)’ ခေါင်းစဉ်နှင့် ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါသည်။ စာဖတ်သူများအနေဖြင့် ဆက်စပ်လေ့လာရန် အကြံပြုပါသည်။

ဒုတိယအနေဖြင့် စျေးကွက် စီးပွားရေးစနစ်ကို ကျင့်သုံး အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ထူးခြားစွာ အောင်မြင်မှု ရရှိခဲ့သည့် အခြေအနေအချို့ကို တင်ပြပါမည်။ နိုင်ငံရေးစနစ်သည် ဗဟိုဦး စီးချုပ်ကိုင်မှု တင်းကျပ်သည့် ကွန်မြူနစ်စနစ်ကို ကျင့်သုံးအကောင် အထည်ဖော်ဆောင်ရွက်နေခြင်း ဖြစ်ပါသော်လည်း စျေးကွက်စီးပွားရေးစနစ်ကို အောင်မြင်စွာအ ကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည့် နိုင်ငံများမှာ မိမိတို့ အိမ်နီးချင်းနိုင်ငံကြီးဖြစ်သည့် တရုတ်နိုင်ငံနှင့် မိမိတို့နှင့်အတူ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့် ဗီယက်နမ် နိုင်ငံတို့ကို စာဖတ်သူများအား ဥပမာအနေနှင့် တင်ပြပါသည်။

တတိယအနေဖြင့် မိမိတို့ တိုင်းပြည်နိုင်ငံတွင် စျေးကွက်စီးပွားရေးစနစ်ကျင့်သုံးခဲ့သည့် အခြေအနေကို တင်ပြပါမည်။ မိမိတို့ တိုင်းပြည် နိုင်ငံ၏ နိုင်ငံရေးစနစ်နှင့် စျေးကွက်စီးပွားရေးစနစ်အကြောင်းကို တင်ပြရပါလျှင် “စက တည်းက ယဉ်သကို” ဆိုသကဲ့သို့ ကောင်းမွန်သော တာထွက်ခြင်း စတင်ဖွင့်လှစ်နိုင်ခဲ့ခြင်းမဟုတ်ပါ။ အထက်တွင် ဖော်ပြသကဲ့သို့ အာဏာအခြေပြု စစ်အုပ်ချုပ်ရေးစနစ်နှင့် စျေးကွက်အခြေပြု စီးပွားရေးစနစ်တို့ ပေါင်းစပ် ကျင့်သုံးအကောင်အထည်ဖော်ခြင်းဖြစ်သဖြင့် အာဏာအခြေပြု စီးပွားရေးစနစ် အဖြစ်သာ ပေါ်ပေါက်စေခဲ့ပါသည်။ စာရေးသူ၏ အမြင်သက်သက်ဖြင့် ကောက်ချက်ချရပါလျှင်စျေးကွက်စီးပွားရေးစနစ်သည့် ဗဟိုဦးစီးချုပ်ကိုင်မှု တင်းကျပ်သည့် ကွန်မြူနစ်နိုင်ငံရေးစနစ်အောက်တွင် အောင်မြင်ဖြစ်ထွန်းနိုင်ပါသော်လည်း စစ်အုပ်ချုပ်ရေး လက်အောက်တွင်မူ အောင်မြင် ဖြစ်ထွန်းနိုင်ခြင်းမရှိနိုင်ပါ။

စာရေးသူ တွေ့မြင်သိရှိရသည့် အခြေအနေတစ်ရပ်ကိုတင်ပြပါမည်။ အာဏာအခြေပြု စစ်အုပ်ချုပ်ရေးနှင့် စျေးကွက်အခြေပြု စီးပွားရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်မည် ဖြစ်သည့်အတွက် စျေးကွက်ကြီးများ ဖွံ့ဖြိုးတိုး တက်လာမည်ဆိုပါက ကိုယ်တိုင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူ ထုတ်လုပ်ရောင်းချကြသည့် ကိုယ်ပိုင်လုပ်ငန်းငယ်ကလေးများမှာ ချက်ချင်းလက်ငင်း ရှင်သန်ရပ်တည် နိုင်စေရန် လွန်စွာခက်ခဲမည်ဖြစ်သည့်အတွက် ကိုယ်တိုင် ထုတ်လုပ် ရောင်းချကြသည့် လုပ်ငန်းငယ်ကလေးများအတွက် အခွန်လွတ်စျေးများကို တည်ထောင် ဖွင့်လှစ်စေခဲ့ပါသည်။ နောင်တွင် ကိုယ်ပိုင်လုပ်ငန်းငယ်ကလေးများသည်လည်း စျေးကွက်အတွင်း တဖြည်းဖြည်းနှင့် ပေါင်းစည်း ဝင်ရောက်သွားမည်ဖြစ်ပါသည်။

သို့သော်လည်း တစ်နိုင်ငံလုံး ကို လွှမ်းခြုံသည့် စျေးကွက်ကြီးများ ဥပမာအားဖြင့် ရန်ကုန်မြို့နှင့် မြစ်ကြီးနားမြို့သည် အကွာအဝေးအရ ကွာခြားလျက်တည်ရှိနေပါသော်လည်း ကုန်ပစ္စည်း အရည်အသွေးတူညီပါက စျေးနှုန်းတူညီစွာ ရောင်းချနိုင်ရန် တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်မည့် ကုမ္ပဏီအဖွဲ့အစည်းကြီးများအဖြစ် ယနေ့ထက်တိုင် ဖြစ်ထွန်း ပေါ်ပေါက်လာခြင်းမရှိဘဲ အမြီးကျက် အမြီးစား ခေါင်းကျက် ခေါင်းစားမည့်သူများ ခရိုနီကြီးများ ဦးဆောင်လျက်ရှိသည့် ကုမ္ပဏီ အဖွဲ့အစည်းကြီးများသာ ဖြစ်ထွန်းပေါ် ပေါက်စေခဲ့ပါသည်။ နှစ်ပေါင်း ၃၀ ကျော်အကြာ ယနေ့ထက်တိုင် အခွန်လွတ်စျေးများကို တွေ့မြင်ရ လျက်ရှိနေပါသည်။ ပုံတွင် အာဏာအခြေပြု စစ်အုပ်ချုပ်ရေးနှင့် စျေးကွက်အခြေပြု စီးပွားရေးစနစ် ကာလ နိုင်ငံတော်အလံကို တင်ပြထားပြီး ယနေ့အချိန်တွေ့မြင်ရ သည့် အခွန်လွတ်စျေးကို တင်ပြ ထားပါသည်။

အထက်ပါကဲ့သို့ ဖြစ်စေသည့် အခြေခံအကြောင်းရင်းမှာ အာဏာအခြေပြု စစ်အုပ်ချုပ်ရေးနှင့် စျေးကွက် အခြေပြု စီးပွားရေးစနစ်ကို နှစ်ပေါင်း ၂၀ ကျော် ကျင့်သုံးအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်အတွက် အလွဲသုံးစားပြု ကိုယ်ကျိုးရှာသူများ (Rent- Seeking) အမြောက်အမြားကို မွေးထုတ်ပေးခဲ့ပါသည်။

လူတစ်ဦးသည် အလွဲသုံးစားပြု ကိုယ်ကျိုးရှာသည့် အတွေ့အကြုံ ရှိခဲ့ပါလျှင် မည်မျှပညာတတ်သည် ဖြစ်စေ၊ ယခင် ဂုဏ်သိက္ခာရှိပြီး မည်မျှ စိတ်ထားကောင်းမွန်သူဖြစ်စေ၊ ဂုဏ်သိက္ခာရှိသည့် သာမန် ပြည်သူပြည်သားအဖြစ် ရပ်တည် ရှင်သန်ခြင်း မပြုနိုင်ကြတော့ပါ။ ကြီးနိုင်ငယ်ညှဉ်းစိတ်ဓာတ်၊ သူတစ်ပါး ပစ္စည်းဥစ္စာများကို မတရားရယူလိုသည့်စိတ်ဓာတ်၊ ကိုယ်ကျိုး ရှာသူအချင်းချင်း ဂိုဏ်းဂဏထူထောင်လိုသည့် စိတ်ဓာတ်များ ကိန်းအောင်းလျက် ရှိနေပါတော့ သည်။ ယခင်ကြားသိခဲ့ရသည့် စကားအရဆိုပါလျှင် “လူတစ်ဦး နစ်လျှင် တစ်မိသားစုလုံး နစ်၊ တစ်ခါ နစ်ဖူးလျှင် တစ်သက်လုံး နစ်” ဆိုသည့်အတိုင်း “တစ်ခါ အလွဲသုံး စားပြု ကိုယ်ကျိုးရှာခဲ့ဖူးလျှင် တစ်သက်လုံးရှာရန် ကြိုးပမ်းအားထုတ်နေမည်”သာ ဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ မိမိတို့ တိုင်းပြည်နိုင်ငံသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ “နိုင်ငံတော်၏စီးပွားရေးစနစ်သည် စျေးကွက် စီးပွားရေးစနစ် ဖြစ်သည်” ဟု အတိအလင်းပြဋ္ဌာန်းထားရှိပြီး စျေးကွက် စီးပွားရေးစနစ်ကို အကောင်အ ထည်ဖော်ဆောင်ရွက်ပါမည်ဟု ဆုံးဖြတ်ချက်များချမှတ်ထားရှိပြီး ဖြစ်သည့်အတွက် မိမိတို့တိုင်းပြည်နိုင်ငံတွင် ပကတိတည်ရှိနေသည့် သဘာဝအရင်းအမြစ်များ အခြေအနေနှင့် လိုက်လျောညီထွေ ကိုက်ညီမည့် စျေးကွက်များကို လက်တွေ့ အခြေအနေနှင့် သဘောတရားများအရ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေမည့် ပညာရပ်ဆိုင်ရာ အရင်းအမြစ်များ ဖြစ်ထွန်း ပေါ်ပေါက်လာစေပြီးလျှင် စျေးကွက် စီးပွားရေးစနစ် အဆင့်ဆင့် ပြောင်းလဲတိုးတက်လာစေပြီး တိုင်းပြည်နိုင်ငံတော်ကြီးနှင့် ပြည်သူပြည်သားများအတွက် ကြီးပွားတိုးတက် ချမ်းသာစေသည်အထိ အောင်မြင်ထမြောက်စေရန် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ကြပါစေကြောင်း ရေးသား တင်ပြအပ်ပါသည်။■ Reference:

 

Reference :

1. Myat Thein (2004), “Economic Development of Myanmar”, Institute of Southeast Asian Studies (ISEAS), Singapore.

2. John Kay (2010), “The Market Economy; Twenty-one years after the fall of the Berlin Wall”, The Social Market Foundation, July 2010.

 

Most Read

Most Recent