ညီညွတ်ရေးတပ်ပေါင်းစုများနှင့် မြန်မာတို့၏ အမျိုးသားအကျိုးစီးပွား

ညီညွတ်ရေးတပ်ပေါင်းစုများနှင့် မြန်မာတို့၏ အမျိုးသားအကျိုးစီးပွား
Published 24 April 2022
ရဲကျော်စွာ

ဗြိတိသျှအင်ပါယာ၏ ကိုလို နီဘဝမှ လွတ်မြောက်ရေးအတွက် အမျိုးသားရေး လှုပ်ရှားမှုများကို စတင်ဆင်နွှဲလာချိန်မှ စတင်ကာ မြန်မာ့နိုင်ငံရေးအင်အားစုများ အကြား၊ အယူသည်းမှုတစ်ခုသဖွယ်  စွဲလမ်းလာသော အရာတစ်ခုမှာ မည်ကဲ့သို့သော အရေးတော်ပုံ တစ်ခုအတွက်မဆို တစ်နိုင်ငံလုံးကိုကျယ် ပြန့်စွာကိုယ်စားပြုသော၊ “အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု”(National United Front) တစ်ခုကို အရင်တည်ဆောက်ရန် ကြိုးစားပြီးမှ   ယင်းအမျိုးသား ညီညွတ်ရေးတပ်ပေါင်းစုမှတစ်ဆင့် အမျိုးသားရေး အရေးတော်ပုံကို ဆက်လက်ဆင်နွှဲရန် ကြိုးစားအားထုတ်လာကြခြင်း ဖြစ်သည်။

 

ညီညွတ်ရေးတပ်ပေါင်းစု အယူအဆ၏ မူလဇာစ်မြစ်များ

ထိုကဲ့သို့သော အမျိုးသားညီ ညွတ်ရေး တပ်ပေါင်းစုတစ်ခုကို “နိုင်ငံတော်၏ အမျိုးသားအကျိုး စီးပွားအတွက်နှင့် အမျိုးသားရေး လှုပ်ရှားမှုများအတွက် ဖွဲ့စည်းတည်ဆောက်ရန် လိုအပ်သည်ဆိုသော အယူအဆမှာ မြန်မာနိုင်ငံအတွင်းသို့  အေဒီ ၂၀ ရာစု ခေတ်ဦးအတွင်း စတင်ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

ထို ညီညွတ်ရေးတပ်ပေါင်းစု အယူအဆ၏ မူလဇာစြ်မစ်အမှန်မှာ ၁၉၀၄ ခုနှစ်မှ ၁၉၃၉ ခုနှစ် အကြား ခေတ်ပြိုင် နိုင်ငံတကာသတင်းများ၊ ဥရောပတိုက်သားများက ရေးသား ပြုစုခဲ့သော ကမ္ဘာ့သမိုင်း စာအုပ်စာတမ်းများ၊ မာ့က်စ်ဝါဒ အပါအဝင် ကွန်မြူနစ်ဝါဒနှင့် လက်ဝဲဝါဒ သဘောတရားရေးရာ လှုပ်ရှားမှုများ နှင့် ဆက်နွှယ်နေသည်။

ကားလ်မာ့က်စ်ကိုယ်တိုင်က ကမ္ဘာ့အလုပ်သမားထု၏ ညီညွတ်မှုကို တည်ဆောက်ရန် ပထမအင်တာနေရှင်နယ်အဖွဲ့ချုပ်ကို ထူထောင်ခဲ့သည်။ ဖရက်ဒရစ်အိန် ဂျယ်လ်က ဒုတိယ အင်တာနေရှင်နယ်အဖွဲ့ချုပ်ကို ဆက်လက်၍ မျိုးဆက် လက်ဆင့်ကမ်းကာ ထူထောင်ခဲ့သည်။

လီနင်နှင့် စတာလင်က ကိုလိုနီ ပိုင်စားနယ်မြေဘဝ ရောက်ရှိနေသော နိုင်ငံများမှ တိုးတက်သော ပညာတတ် လူတန်းစားများ၊ အလုပ်သမားများ၊ လယ်သမားများနှင့် အလုပ်လုပ်သော ပြည်သူများ၊ အမျိုး သား ဓနရှင်ပေါက်စများ စုပေါင်း ပါဝင်သော အမျိုးသားရေးဝါဒီ ပြည်ချစ်အင်အားစုများက နယ်ချဲ့စနစ် ဖျက်သိမ်းရေးနှင့် အမျိုးသားလွတ် မြောက်ရေးအတွက် တိုက်ပွဲဝင်ကြရန် လမ်းညွှန်အကြံပြုနေခဲ့ကြသည်။

မန်ချူးအင်ပါယာအတွင်း ဒေါက်တာဆွန်ယက်ဆင် ဦးဆောင်သော ဘုရင်စနစ် ဖျက်သိမ်းရေးနှင့် အမျိုးသားရေးဝါဒီ သမ္မတနိုင်ငံစနစ် ထူထောင်ရေး အင်အားစုများက တစ်ခုတည်းသော တရုတ်အမျိုးသားရေးဝါဒီတပ်ပေါင်းစုကို တည်ဆောက်ကာ တရုတ်အမျိုးသား တော်လှန်ရေးကို ဆင်နွှဲခဲ့ကြသည်။

ပြင်သစ်အင်ပါယာလက် အောက်ခံ ပြင်သစ်အင်ဒိုချိုင်းနား ကိုလိုနီဒေသအတွင်း “ဗီယက်မင်း အမျိုးသား အဖွဲ့ချုပ်”က အမျိုးသား ရေးတပ်ပေါင်းစုအဖြစ်  နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ဆင်နွှဲနေကြသည်။

ဒတ်ခ်ျအင်ပါယာလက် အောက်ခံ အင်ဒိုနီးရှားကျွန်းစုများတွင် “အင်ဒိုနီးရှား အမျိုးသားအစည်းအရုံး”က အမျိုးသားရေးတပ်ပေါင်းစုအဖြစ် လွတ်လပ်ရေးလှုပ်ရှားမှုများကို ဆင်နွှဲကြသည်။

တရုတ်နိုင်ငံတွင်လည်း မော်စီတုန်းက နယ်ချဲ့ ဆန့်ကျင်ရေး အမျိုးသားခုခံရေးစစ်ပွဲကို တစ်စည်းတစ်လုံးတည်း စုစည်းညီညွတ်စွာ ဆင်နွှဲရေးအတွက် (၁) မာရှယ်ချန်ကေရှိတ် ဦးဆောင်သော ကူမင်တန်ပါတီ အစိုးရနှင့် တရုတ်ကွန်မြူနစ်ပါတီ အကြား ဖြစ်ပွားနေသော ပြည်တွင်းစစ်ကို အဆုံးသတ်ရန်၊ (၂) ငြိမ်းချမ်းရေး ညွန့်ပေါင်းအစိုးရလမ်းစဉ်ကို ကျင့်သုံးရန်နှင့် (၃) နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသား ခုခံရေးစစ်ပွဲကို တစ် စုတစ်စည်းတည်း ညီညွတ်စွာ ဆက်လက် ဆင်နွှဲရန် အဆိုပြုကမ်းလှမ်းခဲ့သည်။

ထိုအဆိုပြုကမ်းလှမ်းချက်များ နှင့်အတူ မော်စီတုန်းက”တရုတ်နီ လွတ်မြောက်နယ်မြေ” (Red China Liberated Area) ၏ တရားဝင် ရုံးသုံးအမည်ကို ယခင်အမည်ဟောင်း ဖြစ်သော “တရုတ် ဆိုဗီယက် ဆိုရှယ်လစ် သမ္မတနိုင်ငံတော်” (China Soviet Socialist Republic) ဟူသောအမည်အစား၊”တရုတ်အနောက်မြောက်ဒေသနယ်ခြားအစိုးရ” (Northwest China Frontier Government) ဟူသော အမည်သို့ ပြောင်းလဲပေးခဲ့သည်။ လက်နက်ကိုင်တပ်ဖွဲ့အပိုင်းတွင်လည်း မူလ အမည် “တရုတ်တပ်နီတော်” (Chinese Red Army) ကို တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်” (China People’s Liberation) ဟု အမည်ပြောင်းလဲပေးခဲ့သည်။

ဗြိတိသျှအင်ပါယာ၏ လက်အောက်ခံဒေသများဖြစ်သော “ဗြိတိသျှ အိန္ဒိယအင်ပါယာ”(British India Empire) နှင့် “ဗြိတိသျှ တောင်အာဖရိက အင်ပါယာ”(British South Africa Empire) များအတွင်း “အိန္ဒိယအမျိုးသားကွန်ဂရက်” (India National Congress) နှင့် “တောင်အာဖရိကအမျိုးသားကွန်ဂရက်” (South Africa National Congress) က ဒေသအလိုက် တစ်ခုတည်းသော အမျိုးသားညီညွတ်ရေး တပ်ပေါင်းစုများအဖြစ် ဗြိတိသျှ အင်ပါယာဆန့်ကျင်ရေးနှင့် အမျိုးသား လွတ်လပ်ရေး လှုပ်ရှားမှုများကို ဆင်နွှဲနေကြသည်။

ထိုကဲ့သို့သော ခေတ်ပြိုင် နိုင်ငံတကာနှင့်ဒေသဆိုင်ရာ အခြေအနေများနှင့် နိုင်ငံရေး သဘောတရားများမှနေ၍ “အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစု”သဘောတရားများနှင့် မူဝါဒများက မြန်မာတို့ထံသို့ စတင် စီးဆင်း ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

 

ဒုတိယကမ္ဘာစစ် အကြိုကာလ အမျိုးသားရေး တပ်ပေါင်းစုများ

ကိုလိုနီခေတ် နယ်ချဲ့ ဆန့်ကျင်ရေး နှင့် အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု သမိုင်းတွင်လည်း ဗြောင် ကျကျသော်လည်းကောင်း၊ လျှို့ဝှက်၍သော်လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက် ၍သော်လည်းကောင်း၊ အမျိုးသားညီညွတ်ရေး တပ်ပေါင်းစုများကို မြန်မာတို့က သက်ဆိုင်ရာ သမိုင်း ခေတ်ခွဲများအလိုက် တည်ဆောက်ခဲ့ကြသည်။

(၁)  ၀ိုင်အမ်ဘီအေအသင်းချုပ် ခေါ် ဗုဒ္ဓကလျာဏယုဝအသင်းချုပ် (Young Men Buddhist Association, YMBA)၊ (၂) ဂျီစီဘီအေ မြန်မာ့အသင်းချုပ် (General Council of Burmese Associations, GCBA)၊  (၃) ဝံသာနုအသင်းချုပ်၊ (၄) ဒိုင်အာခီ ညွန့်ပေါင်းအဖွဲ့ (Diarchy Coalition)- (ပူးတွဲအုပ် ချုပ်ရေး ညွန့်ပေါင်းအဖွဲ့) နှင့် (၅) ဟုမ္မရူး ညွန့်ပေါင်းအဖွဲ့ (Home Rule Coalition)-  (ကိုယ်ပိုင်အုပ်ချုပ်ရေး ညွန့်ပေါင်းအဖွဲ့) ဟူသော မြေပေါ်အမျိုးသားညီညွတ်ရေးတပ်ပေါင်းစုများကို သမိုင်းခေတ်ခွဲ များအလိုက် မြန်မာတို့က ဗြောင်ကျ ကျ ဖွဲ့စည်းတည်ထောင်ခဲ့ကြခြင်းများ ရှိခဲ့သကဲ့သို့  (၁) ကိုယ့်မင်းကိုယ့်ချင်း နိုင်ငံတော်ညီညွတ်ရေးအဖွဲ့ (overeign Nation United Front)၊  (၂) ဆင်းရဲသားမင်း ဆင်းရဲသားချင်း နိုင်ငံတော် ညီညွတ်ရေးအဖွဲ့ (Proletariat Nation United Front) နှင့် (၃) ဗမာ့ထွက်ရပ်ဂိုဏ်း (Burma Freedom Bloc) ဟူသော အမည်များဖြင့် ဗြိတိသျှ အာဏာပိုင်များ မရိပ်မိ၊ မသိရှိစေရန် လျှို့ဝှက်စွာ ဖွဲ့စည်းထူထောင်ခဲ့ကြသော “လျှို့ဝှက်မြေအောက် အမျိုးသားညီညွတ်ရေး တပ်ပေါင်းစု” (Secret Underground National United Front) များလည်း ပေါ်ပေါက်လာခဲ့ကြ သည်။

တရုတ်၊ အိန္ဒိယ၊ တောင်အာဖရိက၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မလေးယားကျွန်းဆွယ်နှင့် အင်ဒိုနီးရှား ကျွန်းစုများတွင် ဒုတိယကမ္ဘာ စစ်အကြိုကာလက ပေါ်ပေါက်လာခဲ့သော အမျိုးသားညီညွတ်ရေးတပ် ပေါင်းစုများမှာ မြန်မာတို့ကဲ့သို့ တပ်ပေါင်းစုအရေအတွက်နှင့် တပ်ပေါင်းစု အမျိုးအမည်များပြားရှုပ်ထွေးနေခြင်းမျိုး မရှိခဲ့ဘဲ အေဒီ ၂၀ ရာစု၏ ပထမဆုံး အနှစ် ၅၀ အတွက် တစ်ခု တည်းသော အမျိုးသားရေး တပ်ပေါင်းစုတစ်ခုစီသာ ထွန်းကားခဲ့ပြီး မြန်မာတို့ထက် အမျိုးသား ညီညွတ်ရေးစိတ်ဓာတ် ပိုမိုအားကောင်းခဲ့ကြသော နိုင်ငံများဖြစ်ကြောင်း တွေ့ ရှိရသည်။      

ထို့ပြင် ယင်းကိုလိုနီနှင့် ကိုလိုနီ တစ်ပိုင်း နိုင်ငံများမှ အမျိုးသားညီညွတ်ရေး တပ်ပေါင်းစုများသည် သက်ဆိုင်ရာ နိုင်ငံများအလိုက် ခိုင်မာ၊ တည်ငြိမ်၊ အားကောင်းသော “နိုင်ငံရေးအင်စတီကျူးရှင်းများ” (Political Institutions) ဖြစ်ခဲ့ကြသည်။

ဒုတိယကမ္ဘာစစ် အကြိုကာလ မြန်မာနိုင်ငံတွင်မူ အမျိုးသားညီညွတ်ရေး တပ်ပေါင်းစုများမှာ ဆယ်နှစ် တစ်ကြိမ်၊ ငါးနှစ် တစ်ကြိမ်၊ နှစ် နှစ်တစ်ကြိမ်၊ ခြောက်လတစ်ကြိမ် စသဖြင့် မကြာခဏ အမည်များ၊စုဖွဲ့ မှုများနှင့် ခေါင်းဆောင်များ ပြောင်းလဲကာ အကြိမ်ကြိမ် ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့ကြပြီး “တစ်ခုတည်းသော အမျိုးသား ညီညွတ်ရေးတပ်ပေါင်းစု၏ ခိုင်မာတည်ငြိမ်သော နိုင်ငံရေး အင်စတီကျူးရှင်း”( Solid and Stable Political Institution of Unique National United Front) ဟူ၍ ကိုလိုနီခေတ် မြန်မာ နိုင်ငံအတွင်း မပေါ်ပေါက်ခဲ့ပါ။

ဒုတိယကမ္ဘာစစ်ကာလ တပ်ပေါင်းစုများ

၁၉၄၃ ခုနှစ် သြဂုတ် ၁ ရက် တွင် နိပွန်အင်ပါယာက ဗမာနိုင်ငံတော်ကို လွတ်လပ်ရေးပေးအပ်ကြောင်း ကြေညာပြီး ]]ပထမ မြန်မာ သမ္မတနိုင်ငံ}}(First Myanmar Republic) ကို “ဗမာနိုင်ငံတော်”ဟူ သောအမည်ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သည်။

ဗမာနိုင်ငံတော် အဓိပတိ (ဝန်ကြီးချုပ်) အဖြစ် ယခင် ဆင်းရဲသားပါတီ ဥက္ကဋ္ဌ ဒေါက်တာ ဗမော်၊ ဒုတိယအဓိပတိ (ဒုတိယဝန်ကြီးချုပ်) အဖြစ် ယခင် ဒို့ဗမာအစည်းအရုံး ခေါင်းဆောင် သခင်မြ၊ စစ်ဝန်ကြီး (Minister For War) အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၊ စိုက်ပျိုးရေးဝန်ကြီး အဖြစ် သခင်သန်းထွန်းတို့ကတာဝန် ယူခဲ့ကြသည်။

စစ်ကာလ “ဗမာနိုင်ငံတော် အစိုးရ” (Government Of Burma) ၏ တစ်ခုတည်းသော ဦးဆောင် နိုင်ငံရေးပါတီ အဖြစ် ယခင်က ဗမာ့ထွက်ရပ်ဂိုဏ်းအတွင်း အတူတကွ ပါဝင်ခဲ့ကြသော ဒို့ဗမာအစည်းအရုံးနှင့် ဆင်းရဲသားပါတီနှစ်ခုကို တစ်ခု တည်းသော ပါတီအသစ်အဖြစ် စုစည်းထားသော “ဒို့ဗမာ ဆင်းရဲသား ပါတီ” (Our Burma Poor Men Party) ကို ဖွဲ့စည်းထားရှိခဲ့သည်။

စစ်ကာလ ဗမာနိုင်ငံတော် အစိုးရ (၁၉၄၃ - ၁၉၄၅) နှင့် ဗမာ နိုင်ငံတော် လွတ်လပ်ရေးကြေညာချက်ကို နာဇီဖက်ဆစ် ဝင်ရိုးတန်း နိုင်ငံများသာမကဘဲ ကြားနေနိုင်ငံများ ဖြစ်သော ပေါ်တူဂီ၊ စပိန်၊ တူရကီ၊ အလယ် အမေရိကနှင့် တောင်အမေရိကနိုင်ငံများကပါ အသိအမှတ်ပြုခဲ့ကြသည်။

သခင်သိန်းဖေ (ဦးသိန်းဖေမြင့်) နှင့် သခင်စိုး ဦးဆောင်သော ပြည်တွင်း၊ ပြည်ပမှ ဗမာကွန်မြူနစ် မြေအောက်အဖွဲ့ဝင်များ၏ ပြန်လည် ဆက်သွယ်၊ စည်းရုံး၊ သိမ်းသွင်းမှုများကြောင့် “ဗမာပြည် ကွန်မြူနစ်ပါတီ” (Communist Party of Burma, CPB) ၏ ပထမဆုံး အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် အောင်ဆန်းနှင့် ဗဟိုနိုင်ငံရေး ဦးဆောင် အဖွဲ့ဝင် ဗိုလ်လက်ျာတို့က နာဇီ ဖက်ဆစ် ဝင်ရိုးတန်းအင်အားစုများကို ပြန်လည်တော်လှန်ရန် သဘောတူညီ လက်ခံလိုက်ကြပြီး “ဖက်ဆစ် ဆန့်ကျင်ရေး အဖွဲ့” (Anti-Fascist Organization, AFO) ကို ညီညွတ်ရေး တပ်ပေါင်းစုအဖြစ် စတင်ဖွဲ့ စည်းလိုက်သည်။

၁၉၄၄ ခုနှစ် မြေအောက် လှုပ် ရှားမှု ကာလအတွင်းမှာပင် ဖက်ဆစ် ဆန့်ကျင်ရေးအဖွဲ့ (AFO) အား “ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့ချုပ် - ဖတပလ”ဟု အမည် ပြောင်းလဲခဲ့သည်။

စစ်ပြီးခေတ် ဗြိတိသျှ စစ်အုပ်ချုပ်ရေး ပြန်လည် ထူထောင်ချိန်တွင်  ဖတပလ - ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ချုပ်ကို “ဖဆပလ - ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်” (Anti-Fascist People’s Freedom League-AFPFL) ဟု အမည် ပြောင်းလဲခဲ့သည်။

ဗြိတိသျှ အလုပ်သမားပါတီ အစိုးရလက်ထက်တွင် သခင် အောင်ဆန်း ဦးဆောင်သော ဖဆပလအဖွဲ့ချုပ်ကို မြန်မာပြည်ဘုရင်ခံ၏ အမှုဆောင်အဖွဲ့တွင် တာဝန်ပေးအပ်ကာ ဗြိတိသျှ မြန်မာပြည်နယ် အစိုးရအဖွဲ့ကို တာဝန်ယူ စီမံ ခန့်ခွဲခဲ့ရသည်။

ကွန်မြူနစ် ဆန့်ကျင်ရေးသမားများ၏ လုပ်ကြံခြေထိုးမှုများနှင့် မြန်မာ လက်ဝဲနိုင်ငံရေးခေါင်းဆောင်များ၏ နုနယ်မရင့်ကျက်မှုများကြောင့်  သခင်အောင်ဆန်းနှင့် ဗမာကွန်မြူနစ်များအကြား ပြင်းထန်စွာ သဘောထားကွဲလွဲပြီး ဗမာပြည် ကွန်မြူနစ်ပါတီ (CPB) ကို ဖဆပလ အဖွဲ့ချုပ်မှ ထုတ်ပယ်ပစ်ခဲ့သည်။

စစ်ပြီးခေတ် ရွေးကောက်ပွဲအသစ်တွင် အနိုင်ရရှိလာခဲ့သော ဗြိတိသျှ အလုပ်သမားပါတီ အစိုးရသစ်၏ အိန္ဒိယနှင့် မြန်မာနိုင်ငံများ ကို လွတ်လပ်ရေးပေးရန် အစီအစဉ်အား မကျေမနပ် ဖြစ်နေခဲ့ကြသော ဗြိတိသျှကိုလိုနီ ဗျူရိုကရေစီ စက်ယန္တရားအတွင်းမှ စစ်ဘက်၊ နယ်ဘက် ဗျူရိုကရက်အရာရှိကြီးများ၏ နောက်ကွယ်မှ ပူးပေါင်းကြံစည်၊ လေ့ကျင့် ထောက်ပံ့မှုများဖြင့် ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် သခင် အောင်ဆန်းနှင့် သခင်မြတို့ လုပ်ကြံ သတ်ဖြတ်ခံရပြီးနောက် ယင်း ဖဆပလအဖွဲ့ချုပ်သည် ဦးနု၊ ဦးကျော်ငြိမ်းနှင့် ဦးဘဆွေ တို့၏ ခေါင်းဆောင်မှုအောက်သို့ ပြောင်းလဲ ရောက်ရှိသွားခဲ့သည်။

       

ဒုတိယမြန်မာသမ္မတနိုင်ငံခေတ် တပ်ပေါင်းစုများ

၁၉၄၈ ခုနှစ်တွင် ဗြိတိသျှ အင်ပါယာ လက်အောက်မှ ငြိမ်းချမ်းစွာ လွတ်လပ်ရေးရပြီးနောက် “ဒုတိယ မြန်မာ သမ္မတနိုင်ငံ” (Second Myanmar Republic) ကို “ပြည်ထောင်စု မြန်မာနိုင်ငံတော်” (Union of Burma) အမည်ဖြင့် ဖွဲ့စည်း တည်ထောင်ခဲ့သည်။

ဗြိတိသျှကိုလိုနီ ဗျူရိုကရက်များ၏ လျှို့ဝှက်ထောက်ပံ့မှုများဖြင့် လူမျိုးစု ခွဲထွက်ရေးစစ်ပွဲများနှင့်အတူ ဗမာ ဗမာချင်း ဖြစ်ပွားသော နိုင်ငံရေးဝါဒ စစ်ပွဲများပါ တစ်ပြိုင် တည်း ဖြစ်ပွားခြင်းဖြင့် ဒုတိယလွတ်လပ်ရေးခေတ် မြန်မာနိုင်ငံသစ်ကို ပြည်တွင်းစစ်ဖြင့် ၀ိုင်းဝန်းကြိုဆိုခဲ့ ကြသည်။

ဖဆပလအဖွဲ့ချုပ်၏ တစ်ခုတည်းသော အင်အားအကြီးမားဆုံး နိုင်ငံရေးပါတီဖြစ်သည့် ဗမာပြည် ဆိုရှယ်လစ်ပါတီ (BSP) သည် ယင်း ပြည်တွင်းစစ်အပေါ် သဘောထားများအပေါ် မူတည်၍ ပါတီ နှစ်ခြမ်း ကွဲခြင်း မဖြစ်ခဲ့ပါ။

သို့သော်လည်း ၁၉၅၃ ခုနှစ်တွင် နိုင်ငံခြားရေးမူဝါဒအပိုင်း၌ ကိုရီးယားစစ်ပွဲအရေးတွင် ဗမာ ပြည်ဆိုရှယ်လစ်ပါတီ ခေါင်းဆောင်များဖြစ်သော ဦးကျော်ငြိမ်းနှင့် ဦးဘဆွေတို့က အမေရိကန် ပြည်ထောင်စု ဦးဆောင်သော အနောက်အုပ်စုဘက်ကို ထောက်ခံခြင်းကို မကျေနပ်သော ပါတီတွင်း “လက်ဝဲ ဆိုရှယ်လစ်များ”( Left Wing Socialists) က ပါတီမှ ခွဲထွက်ကာ “ဗမာပြည် အလုပ်သမား လယ်သမား ပါတီ”ကို သီးခြားပါတီအဖြစ် ခွဲထွက် တည်ထောင်ခဲ့သည်။

ဗမာပြည် အလုပ်သမား လယ်သမားပါတီနှင့် အခြားလက်ဝဲလက်ျာ အတိုက်အခံပါတီများ စုပေါင်းထားသော “ပမညတ - ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစု”ကို အတိုက်အခံ ညွန့်ပေါင်းအဖွဲ့အဖြစ် ထူထောင်ခဲ့သည်။ ယင်း ပမညတ တပ်ပေါင်းစုသည် မြန်မာ့သမိုင်းတွင် တစ်ခါမှ အာဏာ အပြည့်အဝ မရရှိခဲ့သော နိုင်ငံရေး အင်အားစုတစ်ခု ဖြစ်သွားခဲ့သည်။

၁၉၅၆ ခုနှစ်တွင် အဂတိလိုက်စားမှုများ ဆန့်ကျင်တိုက်ဖျက်ရေး နှင့် ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စရပ်များအပေါ် မူတည်ကာ (၁) ဦးနု ဦးဆောင်သော “အလယ်အလတ် ဗဟိုဝါဒီ ဗုဒ္ဓဘာသာ အမျိုးသားရေး ၀ါဒီများ” (Moderate Center Wing Buddhist Nationalists) ၏ “သန့် ရှင်း ဖဆပလ”နှင့် (၂) ဦးကျော်ငြိမ်း နှင့် ဦးဘဆွေတို့ ဦးဆောင်သော “သဘောထား တင်းမာသော လက်ယာ ဆိုရှယ်လစ်များ” (Hardliner Right Wing Socialists) ၏ “တည်မြဲ ဖဆပလ”ဟူ၍ သမိုင်းဝင် ဖဆပလအဖွဲ့ချုပ် နှစ်ခြမ်းကွဲသွား ခဲ့သည်။

ထိုအချိန်အတွင်း လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များအနက် ဗမာပြည် ကွန်မြူနစ်ပါတီ (CPB)၊ အလံနီ ကွန်မြူနစ် ပါတီ (RFCPB) နှင့် ပြည်သူ့ရဲဘော်အဖွဲ့ချုပ် (PVO)။ ရဲဘော်ဖြူအဖွဲ့ - (White Comrades) တို့ ပါဝင်သော သုံးပါတီ လက်ဝဲ တပ်ပေါင်းစုကို လက်နက်ကိုင် ပဋိပက္ခ နယ်မြေအတွင်း စတင် ဖွဲ့စည်းခဲ့ကြသည်။

ထို့နောက် ဗမာပြည် ကွန်မြူနစ် ပါတီ၊ အလံနီ ကွန်မြူနစ်ပါတီ၊ ကရင် အမျိုးသားအစည်းအရုံးပါတီ (KNUP) များ ပါဝင်သော မဒညတ အမျိုးသား ဒီမိုကရေစီ ညီညွတ်ရေး တပ်ပေါင်းစုကို ဖွဲ့စည်းခဲ့သည်။

 

တတိယသမ္မတနိုင်ငံခေတ် တပ်ပေါင်းစုများ

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ မှ စတင်ကာ ယခင်အမည် - ဗမာ့ တပ်မတော်၊ (ယခုအမည် - မြန်မာ့ တပ်မတော်) ခေါင်းဆောင်များသည် မည်သည့်နိုင်ငံရေး တပ်ပေါင်းစု အသစ် တစ်ခုခု၊ သို့မဟုတ် ညွန့် ပေါင်း အဖွဲ့သစ် တစ်ခုခုကို ထပ်မံ ဖွဲ့စည်းခြင်း မပြုတော့ဘဲ နိုင်ငံ၏ အခြေအနေကို ၂၀၁၀ ပြည့်နှစ်အထိ အားကောင်းခိုင်မာစွာ ထိန်းချုပ်ထားနိုင်ခဲ့သည်။

ထိုအချိန်ကာလအတွင်း မြန်မာ-ထိုင်းနယ်စပ်ဒေသများနှင့် မြန်မာ-တရုတ်နယ်စပ်ဒေသများ အပါအဝင် ပြည်တွင်း၊ ပြည်ပ နယ်မြေအမျိုးမျိုးတွင် နှစ်ကာလများအလိုက် အမျိုးမျိုးသော တပ်ပေါင်းစုများ ဖွဲ့စည်းထူထောင်ခဲ့ကြသည်။

 (၁) ဦးနု ဦးဆောင်သော ပါလီမန် ဒီမိုကရေစီ တပ်ပေါင်းစု (မြန်မာ -ထိုင်းနယ်စပ်)၊ (၂)  ဗမာပြည် ကွန်မြူနစ်ပါတီ ဦးဆောင်သော ဗမာ ပြည်သူ့ လွတ်မြောက်ရေး တပ်ပေါင်း စု၊ (၃)တိုင်းရင်းသား လူနည်းစု လက်နက်ကိုင်အဖွဲ့များ၏ အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု - မဒတ၊ (၄) ဗမာပြည် ကွန်မြူနစ်ပါတီ ဦးဆောင်သော လပဒတ - လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး ဒီမိုကရေစီ တပ်ပေါင်းစု၊ (၅) တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ ရှစ်လေးလုံးမျိုးဆက် လက်နက်ကိုင် အင်အားစုများနှင့် အဝေးရောက် အတိုက်အခံအင်အားစုများ စုပေါင်း ပါဝင်သော “မြန်မာနိုင်ငံ ဒီမိုကရေစီ မဟာမိတ်များ အဖွဲ့ချုပ်” (Demo-cratic Alliance of Burma)၊ (၆) ဒေါက်တာစိန်ဝင်း ဦးဆောင်သော NCGUB အဝေးရောက် အစိုးရ ပါဝင်သော “ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ” (NCUB-National Council of Union of Burma)

နှင့်  (၇) ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ခဲ့သော “ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ” (Committee Representing People’s Parliament - CRPP)  အစရှိသော အမျိုးအစားမျိုး စုံရှိသော တက်ပေါင်းစုများက မြန်မာတို့၏ နိုင်ငံရေး၊ စစ်ရေး ဖြစ်စဉ်များအတွင်း ပေါ်ပေါက်လာခဲ့ကြသည်။

ယခု အချိန်ကာလအထိ လူမျိုးပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံ မြန်မာတို့၏ အရိုးစွဲနေသော၊ တရားသေကျနေသော ယုံကြည်ချက် တစ်ခုမှာ မိမိတို့ ယုံကြည်စွဲကိုင်သော ၀ါဒလမ်းစဉ် တစ်ရပ်ရပ်အတွက် အောင်မြင်အထမြောက်အောင် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်အတွက် ဘုံ တူညီသော အင်အားစုများ၏ ညီညွတ်ရေး တပ်ပေါင်းစုတစ်ရပ်ကို တည်ဆောက်ဖွဲ့စည်းရန် မဖြစ်မနေ လိုအပ်သည်ဟူသော အယူအဆ ဖြစ်သည်။

ထိုအယူအဆသည် ကိုလိုနီခေတ် နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသား လွတ်လပ်ရေးလှုပ်ရှားမှုများ၏ လက်တွေ့အောင်မြင်မှုအတွေ့အကြုံများအပေါ်တွင် အလွန်အကျွံ တရားသေပြုကာ မြန်မာတို့က အခိုင်အမာ တရားသေစွဲလမ်းနေခဲ့ကြသည်။

စစ်ပြီးခေတ် အင်္ဂလန်ရွေးကောက်ပွဲတွင် ဗြိတိသျှအလုပ်သမားပါတီ ရွေးကောက်ပွဲတွင် အနိုင်ရလာခြင်းကြောင့် အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းစွာ လွတ်လပ်ရေးရရှိလာခဲ့ခြင်း ဖြစ်ကြောင်းကို မြန်မာတို့က မေ့လျော့ နေတတ်ကြသည်။

ယခု ၂၁ ရာစု ရောက်သည် အထိ မြန်မာတို့သည် “အရေးကိစ္စ အမျိုးမျိုးအတွက် တစ်ခုတည်းသော ညီညွတ်ရေး တပ်ပေါင်းစု တစ်ရပ် လိုအပ်သည်”ဟူသော တရားသေ ခံယူချက်တစ်ရပ်ကို မြန်မာနိုင်ငံ၏ အမျိုးမျိုးသော လက်ဝဲ၊ လက်ယာ၊ လစ်ဘရယ်၊ ကွန်ဆာဗေးတစ်၊ ဖက်ဒရယ်ဝါဒီ၊ ကွန်ဖက်ဒရေးရှင်းဝါဒီ နှင့် ခွဲထွက်ရေးဝါဒီတိုင်းက အခိုင်အမာ တရားသေ ခံယူ၊ ဆုပ်ကိုင် ထားနေကြဆဲဖြစ်နေသည်။

Most Read

Most Recent