သီရိလင်္ကာ၏ စီးပွားရေးအကျပ်အတည်းနှင့် ပြည်ပကြွေးမြီပြဿနာ

သီရိလင်္ကာ၏ စီးပွားရေးအကျပ်အတည်းနှင့် ပြည်ပကြွေးမြီပြဿနာ
Photo:AFP
Photo:AFP
Published 21 April 2022
Ref: CNA

သီရိလင်္ကာကျွန်းနိုင်ငံသည် ၎င်း၏ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းများထဲမှ တစ်ခုနှင့် ရင်ဆိုင်နေရသည်။ လွတ်လပ်ရေးရရှိခဲ့ပြီးချိန်ကတည်းက ပထမဆုံးအကြိမ်အဖြစ် ပြည်ပကြွေးမြီများ ကို မဆပ်နိုင်ခဲ့ဘဲ အစားအစာ၊ လောင်စာနှင့် ဆေးဝါးကဲ့သို့ မရှိမဖြစ် အခြေခံလူသုံးကုန် ပစ္စည်းများ ဆိုးရွားစွာပြတ်လပ်နေသည့်အရေးနှင့် ရင်ဆိုင်နေရသည်။

လောင်စာဆီများပြတ်လပ်မှုကြောင့် လောင်စာများကို ခွဲတမ်းဖြင့် ရောင်းချနေရချိန်တွင် မော်တော်ယာဉ်အသုံးပြုသူများသည် ဆီဆိုင်များတွင် ဆီဖြည့်ရန် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းခဲ့ရသည်။ ထို့ပြင် နိုင်ငံလူဦးရေ ၂၂ သန်းမှာလည်း တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား ၁၂ နာရီသာ ရရှိခဲ့သည်။

ဆန်စျေးမှာ ယခင်က တစ်ကီလိုဂရမ်လျှင်  ၀.၂၅ ဒေါ်လာသာ ပုံမှန်ရှိခဲ့ရာမှ ယခုတွင် ၁.၅၆ ဒေါ်လာအထိ မြင့်တက်နေမှုနှင့် အတူ ငွေကြေးဖောင်းပွမှုနှုန်းမှာလည်း ၁၇.၅ ရာခိုင်နှုန်းအထိ စံချိန်တင် မြင့်တက်နေသည်။ နို့မှုန့်စျေးနှုန်းမှာလည်း ယခင်က ၄၀၀ ဂရမ် တစ်ထုတ်ကို ၀.၁၉ ဒေါ်လာရှိခဲ့ရာမှ ယခုတွင် ၀.၇၈ ဒေါ်လာအထိ မြင့်တက်နေသည်။

ယင်းကဲ့သို့ လောင်စာ၊ အစားအစာနှင့် အခြေခံလူသုံးကုန်ပစ္စည်းများ ပြတ်လပ်မှုများကြောင့် လူထုအကြား မကျေနပ်ချက်များ မြင့်တက်ခဲ့ကာ မတ်လကုန်ပိုင်းတွင် သမ္မတ ဂိုတာဘာယာရာဂျာပက်ဆာအား ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုသည့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် သမ္မတ ရာဂျာပက်ဆာသည် ဧပြီ ၁ ရက်တွင် အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။

သီရိလင်္ကာနိုင်ငံသည် လောင်စာ၊ အစားအစာနှင့် ဆေးဝါးများကဲ့သို့ မရှိမဖြစ် ကုန်ပစ္စည်းအများစုကို ပြည်ပနိုင်ငံများမှ ဝယ်ယူတင်သွင်းနေရသည့် နိုင်ငံဖြစ်သည်။

အခြားနိုင်ငံအများစုမှာလည်း ယင်းကုန် ပစ္စည်းများ ဝယ်ယူတင်သွင်းမှုအတွက် နိုင်ငံ ခြားငွေများပေးချေနိုင်သော်လည်း သီရိလင်္ကာတွင်မူ နိုင်ငံခြားငွေပြတ်လပ်မှုကြောင့် ပစ္စည်းများ ဝယ်ယူတင်သွင်းနိုင်ခြင်းမရှိတော့ဘဲ နိုင်ငံအတွင်း ကုန်စျေးနှုန်းများ မြင့်တက်ခဲ့ ခြင်းဖြစ်သည်။

 

သီရိလင်္ကာအကျပ်အတည်းနှင့် တရုတ်အကြား ဆက်စပ်မှု ရှိ၊ မရှိ

ယင်းစီးပွားရေးအကျပ်အတည်း၏ အဓိက မောင်းနှင်အားသည် သီရိလင်္ကာနှင့် တရုတ်၏စီးပွားရေး ဆက်ဆံမှုကြောင့် ဖြစ်နိုင်သည်ဟု အများစုက ယူဆနေကြသည်။ အမေရိကန်ကမူ ယင်းဖြစ်စဉ်ကို ကြွေးမြီထောင် ချောက်ဆင်သည့် သံတမန်ပရိယာယ်အဖြစ် ပြောကြားခဲ့သည်။

အထူးသဖြင့် ငွေကြေးထုတ်ချေးပေးသည့်နိုင်ငံ သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုသည် ၎င်းတို့ထံမှ ငွေကြေးချေးငှားသည့်နိုင်ငံကို နိုင်ငံရေးအရ သြဇာလွှမ်းမိုးမှုကို ပိုမိုမြှင့်တင်ရန် နောက်ထပ်ချေးငွေများ ထပ်ထုတ် ပေးနေပြီး ချေးငွေရယူသည့်နိုင်ငံကလည်း အကြွေးများကို ပြန်မဆပ်နိုင်တော့သည့်အ ခြေအနေမျိုးတွင် ချေးငွေရယူသည့်နိုင်ငံသည် ချေးငွေထုတ်ချေးသည့် နိုင်ငံ၏ ပြုသမျှ နုရ မည့်အခြေအနေသို့ ရောက်ရှိသွားမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေ ၂၀၂၀ ပြည့်နှစ်အတွင်း တရုတ်ထံမှရယူသည့် ချေးငွေပမာဏသည် သီရိလင်္ကာ၏ ပြည်ပချေးငွေစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းခန့်သာ ရှိခဲ့သည်။ အကြီးမားဆုံး ချေးငွေပမာဏဖြစ်သည့် ၃၀ ရာခိုင်နှုန်းမှာ ပြည်ပနိုင်ငံများထံမှ ရယူခဲ့ခြင်းဖြစ်သည်။ အမှန်စင်စစ် ဂျပန်ထံမှ ရယူသည့် ချေးငွေပမာဏသည် သီရိလင်္ကာ၏ ပြည်ပချေးငွေ စုစုပေါင်း၏ ၁၁ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ် နေသည်။

တရုတ်ထံမှ ရယူထားသည့် အခြေခံအဆောက်အအုံနှင့်ဆက်နွှယ်သည့် ချေးငွေများသည် သီရိလင်္ကာ၏ အကျပ်အတည်းကို ဖြစ်စေသည့် အဓိကအချက်များထဲတွင်  ပါဝင်နေသည်ဟုလည်း ကျွမ်းကျင်သူများက သုံးသပ် ကြပြန်သည်။ သို့သော်လည်း ယင်းသုံးသပ်ချက်မှာ အလုံးစုံမှန်ကန်ခြင်းမရှိသည်ကို တွေ့ရပြန်သည်။

သီရိလင်္ကာ၏ ဟမ်ဘန်တိုတာဆိပ်ကမ်း တည်ဆောက်ရေးကို တရုတ်၏ Exim Bank က ငွေကြေးထောက်ပံ့ခဲ့ခြင်းဖြစ်သည်။ ယင်းဆိပ်ကမ်းမှာ အရှုံးပေါ်ခဲ့သဖြင့်  သီရိလင်္ကာ အစိုးရက ဆိပ်ကမ်းကို ဒေါ်လာ ၁.၁၂ ဘီလျံဖြင့် တရုတ်၏ Marchant’s Group ကို ၉၉ နှစ်စာချုပ်ဖြင့် ငှားရမ်းခဲ့သည်။

ထို့ကြောင့် ယင်းဆိပ်ကမ်းဆောက်လုပ်ရေးသည် သီရိလင်္ကာ၏ ငွေကြေးဟန်ချက်ညီမှုကို ထိခိုက်စေခြင်းမရှိသည့်အပြင် သီရိလင်္ကာ၏ နိုင်ငံခြားငွေကြေး အရံထားရှိမှုကိုလည်း ဒေါ်လာ ၁.၁၂ ဘီချံအထိ မြင့်တက်စေ ခဲ့သည်။

 

စိန်ခေါ်မှုရှိသည့် သတ်မှတ်ချက်များနှင့်IMF ၏ ချေးငွေများ

ဗြိတိန်လက်အောက်မှ လွတ်လပ်ရေးရခဲ့သည့် ၁၉၄၈ ခုနှစ်ကတည်းက သီရိလင်္ကာနိုင်ငံသည် လက်ဖက်၊ ကော်ဖီ၊ ရော်ဘာနှင့် ဟင်းခတ်အမွှေးအကြိုင်ကဲ့သို့ ကောက်ပဲသီးနှံများကို ပြည်ပသို့တင်ပို့ပြီး စိုက်ပျိုးရေး ကဏ္ဍ ဖြင့် နိုင်ငံ့စီးပွားရေးကို အထောက်အကူပြုခဲ့သည်။ နိုင်ငံ့ ဂျီဒီပီ၏ အများဆုံးပမာဏကို ယင်းကောက်ပဲသီးနှံများ တင်ပို့ရောင်းချရာမှရရှိသည့် နိုင်ငံခြားငွေကြေးများမှ ရရှိခဲ့ခြင်းဖြစ်သည်။

ယင်းနိုင်ငံခြားငွေကြေးများကို နိုင်ငံအတွင်း အခြေခံစားသောက်ကုန်များ ဝယ်ယူ တင်သွင်းရာတွင် ပြန်လည်အသုံးပြုခဲ့သည်။ ပြီးခဲ့သည့် နှစ်များအတွင်း သီရိလင်္ကာသည် အထည်အလိပ်များကိုပါ စတင် တင်ပို့ရောင်း ချခဲ့ပြီး ခရီးသွားလုပ်ငန်းနှင့် ငွေပို့၊ ငွေလွှဲလုပ် ငန်းများမှတစ်ဆင့် နိုင်ငံခြားငွေကြေးများ ရှာဖွေနိုင်ခဲ့သည်။ ပို့ကုန်ကဏ္ဍတွင် မည်သည့် ကျဆင်းမှုမဆိုသည် စီးပွားရေးကို ဂယက်ရိုက်စေမည်ဖြစ်ပြီး နိုင်ငံခြား အရံငွေကြေးကိုလည်း ဝန်ပိစေမည်ဖြစ်သည်။

ယင်းအချက်ကြောင့် သီရိလင်္ကာသည် ငွေကြေးပေးချေမှုဆိုင်ရာ ဟန်ချက်ညီမှု၏ အကျပ်အတည်းကို မကြာခဏ ကြုံတွေ့ခဲ့ရသည်။ ၁၉၆၅ ခုနှစ်မှစတင်ပြီး နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံမှ ချေးငွေ ၁၆ ကြိမ် ယူခဲ့ရသည်။ ယင်းချေးငွေများကို ရယူသည့်အကြိမ်တိုင်းတွင် သတ်မှတ်ချက်များနှင့် ရယူခဲ့ရခြင်းဖြစ်သည်။

ယင်းသတ်မှတ်ချက်များအနက် ချေးငွေကို ရယူပြီးသည့်အချိန်တွင် နိုင်ငံ၏ အသုံးစရိတ်လိုငွေပြမှုကို လျှော့ချရန်၊ တင်းကျပ်သည့် ငွေကြေး မူဝါဒကို ထိန်းသိမ်းလုပ်ဆောင်ရန်၊ ပြည်သူများအတွက် အစိုးရ၏ အစားအစာ ထောက်ပံ့ပေးမှုများကို လျှော့ချဖြတ်တောက်ရန်နှင့် ပို့ကုန်များအတွက် အလားအလာပို ကောင်းစေရန်အတွက် ငွေတန်ဖိုးလျှော့ချရန် အစရှိသည့်အချက်တို့ ပါဝင်ခဲ့သည်။

သို့သော်လည်း ပုံမှန်အားဖြင့် စီးပွားရေးကျဆင်းသည့်အချိန်ကာလများအတွင်း ကောင်းမွန်သည့် ဘဏ္ဍာရေးမူဝါဒများက အစိုးရအနေဖြင့် စီးပွားရေးကို လှုံ့ဆော်ရန် အတွက် ငွေကြေးပိုမိုသုံးစွဲသင့်ကြောင်း ညွှန် ပြနေသည်။ ယင်းအချက်မှာ IMF ၏ သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိတော့ပေ။ ယင်းအခြေအနေမျိုးကြုံတွေ့နေရသည့်တိုင် IMF ၏ ချေးငွေများမှာ ထပ်မံရောက်ရှိလာပြီး သောကပတ်လည်ဝိုင်းနေသည့် သီရိလင်္ကာ ကို အကြွေးများ ထပ်ကာထပ်ကာ တင်စေခဲ့သည်။

သီရိလင်္ကာအတွက် IMF ၏ နောက်ဆုံး အကြိမ်ချေးငွေမှာ ၂၀၁၆ ခုနှစ်ကဖြစ်သည်။ ယင်းချေးငွေမှာ ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ် အတွင်း ဒေါ်လာ ၁.၅ ဘီလျံ ထုတ်ချေးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယင်းကာလများ အတွင်း သီရိလင်္ကာ၏ စီးပွားရေးမှာ တိုးတက် မလာခဲ့ဘဲ ရင်းနှီးမြှုပ်နှံမှု၊ စုဆောင်းငွေများ နှင့် ဖွံ့ဖြိုးတိုးတက်မှုများ ကျဆင်းခဲ့ကာ အ ကြွေးများသာ ပိုများလာခဲ့သည်။

 

သီရိလင်္ကာအစိုးရ ကြီးမားသောအမှားများ လုပ်မိခဲ့သလော

၂၀၁၉ ခုနှစ်က သီရိလင်္ကာ၏ စီးပွားရေးကို အဆိုးရွားဆုံးအခြေအနေအထိ ရောက်ရှိစေခဲ့သည့်ဖြစ်စဉ် နှစ်ခုရှိခဲ့သည်။ ပထမတစ် ခုမှာ ၂၀၁၉ ခုနှစ် ဧပြီလက ကိုလံဘိုမြို့တော်ရှိ ဇိမ်ခံဟိုတယ်များနှင့် ဘုရားကျောင်းများတွင် ဗုံးများ ဆက်တိုက်ပေါက်ကွဲခဲ့ ခြင်းဖြစ်သည်။ ယင်းပေါက်ကွဲမှုများကြောင့် သီရိ လင်္ကာသို့ ကမ္ဘာလှည့်ခရီးသွားများ ဝင်ရောက်မှုကျဆင်းခဲ့ကာ သတင်းအချို့အရ ယင်းအချိန်က ခရီးသွားဝင်ရောက်မှု ၈၀ ရာခိုင်နှုန်း အထိ ကျဆင်းခဲ့သည်ဟု ဖော်ပြခဲ့မှုနှင့်အတူ နိုင်ငံခြားငွေကြေးရရှိမှုလည်း လျော့ကျခဲ့သည်။

ဒုတိယအချက်မှာ သမ္မတ ရာဂျာပက် ဆာ အစိုးရအဖွဲ့လက်အောက်တွင် အခွန်များကို အလွန်အကျွံလျှော့ချဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။ အချို့နိုင်ငံများ၏ ကုန်ပစ္စည်းများ နှင့် ဝန်ဆောင်မှုအခွန်များနှုန်းထားများကို ၁၅ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းလျှော့ချခဲ့သည်။ သွယ်ဝိုက်ခွန်များနှင့် စီးပွားရေးဝန်ဆောင်မှုများအတွက် ငွေကြေးကောက်ခံမှုများကို ဖျက်သိမ်းခဲ့သည်။ အမြတ်ခွန်ကောက်ခံမှုနှုန်း ထားများကိုလည်း ၂၈ ရာခိုင်နှုန်းမှာ ၂၄ ရာ ခိုင်နှုန်းအထိ လျှော့ချခဲ့သည်။ ယင်းကဲ့သို့ အခွန်များလျှော့ချမှုကြောင့် နိုင်ငံ့ဝင်ငွေတွင် ဂျီဒီပီ ၂ ရာခိုင်နှုန်း လျော့ကျခဲ့သည်။

၂၀၂၀ ပြည့်နှစ်မတ်လတွင် သီရိလင်္ကာ ၌ COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့သည်။ ယင်းနှစ် ဧပြီလတွင် ရာဂျာပက်ဆာ အစိုးရသည် ဆိုးရွားသည့် အမှားတစ်ခုကို ထပ်မံလုပ်ဆောင်ခဲ့ပြန်သည်။ ယင်းအမှားမှာ နိုင်ငံခြားငွေကုန်ခန်းမည့်အရေးကို တားဆီးရန်အတွက် မြေသြဇာတင်သွင်းဝယ်ယူမှု အားလုံးကို အလုံးစုံ တားမြစ်ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။

သီရိလင်္ကာသည် ၁၀၀ ရာခိုင်နှုန်း သဘာဝမြေသြဇာအသုံးပြုသည့် စိုက်ပျိုးရေးဖြင့် ရပ်တည်နေသည့်နိုင်ငံအဖြစ် ကြေညာခဲ့သည့် နိုင်ငံဖြစ်သည်။ ယင်းမူဝါဒကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ပြန်လည်ရုပ်သိမ်းခဲ့ကာ စိုက်ပျိုးရေးကဏ္ဍမှ ထုတ်လုပ်မှုများ သိသာစွာကျဆင်းခဲ့ပြီး စိုက်ပျိုးရေးအတွက် မရှိမဖြစ် လိုအပ်သည့် အရာများကို ဝယ်ယူတင်သွင်းရမည့်အခြေအနေသို့ ရောက်ရှိစေခဲ့သည်။

သို့သော်လည်း နိုင်ငံခြားငွေကြေးကို ထိန်းထားနိုင်ရေးတွင် ဖိအားများ ဆက်ရှိနေဆဲဖြစ်သည်။ မြေသြဇာတင်သွင်းမှု တားမြစ်ခဲ့သည့်အတွက် လက်ဖက်နှင့် ရော်ဘာထုတ်လုပ်နိုင်စွမ်းကျဆင်းခဲ့ကာ ပို့ကုန်များမှ ရရှိသည့် နိုင်ငံခြားငွေကြေးမှာလည်း လျော့ကျခဲ့ သည်။ ယင်းကဲ့သို့ ပို့ကုန်မှရရှိသည့် ငွေကြေး လျော့ကျမှုကြောင့် အစားအစာတင်သွင်းဝယ်ယူရန် နိုင်ငံခြားငွေကြေးနည်းပါးခဲ့ပြီး အစားအစာပြတ်လပ်မှုမှာ ပိုမိုဆိုးရွားခဲ့သည်။

အစားအစာနှင့် အခြားလူသုံးကုန် ပစ္စည်းများ ပြတ်လပ်နေချိန်တွင် ဝယ်လိုအားမှာ ကျဆင်းမသွားဘဲ မြင့်တက်နေသဖြင့် ကုန်စျေးနှုန်း မြင့်တက်လာသည့်အခြေအနေကို  ဖြစ်ပေါ်စေခဲ့သည်။ ထို့ပြင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း ငွေကြေးဖောင်းပွမှု နှုန်းမှာ ၁၇.၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။

ဖြစ်နိုင်ခြေအားလုံးကို ခြုံငုံသုံးသပ်ကြည့် ရမည်ဆိုပါက သီရိလင်္ကာသည် လက်ရှိဖြစ် ပွားနေသည့် စီးပွားရေးအကျပ်အတည်းကို ကျော်လွှားရန် IMF မှ ၁၇ ကြိမ်မြောက် ချေးငွေကို ရယူမည်ဖြစ်သည်။ သို့သော်လည်း IMF ထံမှ ချေးငွေရယူပြီးချိန်တွင် မူဝါဒအသစ်များကို ဖော်ဆောင်ခြင်းမရှိဘဲ မူဝါဒအ ဟောင်းအတိုင်း  ဆက်လက်လုပ်ဆောင်နေဦးမည်ဆိုလျှင် စီးပွားရေး နာလန်ထူမှုကို ကန့် သတ်ရာရောက်မည်ဖြစ်ပြီး သီရိလင်္ကာပြည်သူများ၏ ဘဝကို ပိုမိုထိခိုက်နာကျင်စေမည် ဖြစ်သည်။

 

Most Read

Most Recent