နိုင်ငံ့သမိုင်းကြောင်းနှင့် ပထဝီအနေအထားအရ ကာကွယ်ရေးမဟာဗျူဟာမှာ တပ်မတော်ကိုမဏ္ဍိုင်ပြုပြီး ပြည်သူပါဝင်သည့် ပြည်သူ့စစ်ဗျူဟာဖြစ်၍ ပြည်သူနှင့်တစ်သားတည်းဖြစ်အောင် နေထိုင်ပြုမူရန် တပ်မတော်သားများကို နစကဒုတိယဥက္ကဋ္ဌ မှာကြား

နိုင်ငံ့သမိုင်းကြောင်းနှင့် ပထဝီအနေအထားအရ ကာကွယ်ရေးမဟာဗျူဟာမှာ တပ်မတော်ကိုမဏ္ဍိုင်ပြုပြီး ပြည်သူပါဝင်သည့် ပြည်သူ့စစ်ဗျူဟာဖြစ်၍ ပြည်သူနှင့်တစ်သားတည်းဖြစ်အောင် နေထိုင်ပြုမူရန် တပ်မတော်သားများကို နစကဒုတိယဥက္ကဋ္ဌ မှာကြား
Published 9 April 2022

နိုင်ငံ့သမိုင်းကြောင်းနှင့်ပထဝီအနေအထားအရ နိုင်ငံတော်ကာကွယ်ရေးမဟာဗျူဟာမှာ တပ်မတော်ကိုမဏ္ဍိုင်ပြု၍ ပြည်သူပါဝင်သည့် ပြည်သူ့စစ်မဟာဗျူဟာဖြစ်၍ ပြည်သူနှင့်တစ်သားတည်းဖြစ်အောင် နေထိုင်ပြုမူရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကပြောကြားသည်။

ဧပြီ ၇ ရက်က နောင်ဝိုး၊ ကျိုင်းခမ်း၊ မိုင်းပျဉ်းနှင့်တောင်ကြီးတပ်နယ်တို့ရှိ တပ်နယ်မြေခံတပ်များသို့သွားရောက်၍ အရာရှိ၊ စစ်သည်၊ မိသားစုများအား သီးခြားစီ တွေ့ဆုံခဲ့ပြီး အဆိုပါတွေ့ဆုံပွဲများတွင် အမှာစကား  ပြောကြားရာတွင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထိုသို့ပြောကြားခြင်းဖြစ်သည်။             

မိမိတို့နိုင်ငံသည် လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ကြောင်း၊ နိုင်ငံခြားရေးမူဝါဒအရလည်း လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို အစဉ်တစိုက်ရပ်တည်လက်ခံကျင့်သုံးခဲ့ ကြောင်း၊ မြန်မာနိုင်ငံ၏ပထဝီနိုင်ငံရေး အခြေအနေအရ ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို မြဲမြံစွာစွဲကိုင်ကျင့်သုံးခြင်းဖြစ်ကြောင်း၊ အဆိုပါအချက်အပေါ် နိုင်ငံရေး အရဘက်စုံဖိအားပေးမှုအသွင်ဆောင်မှု များ အပေါ်စိန်ခေါ်မှုတစ်ရပ်အနေဖြင့်အောင်မြင်စွာ ရင်ဆိုင်ဖြေရှင်းကျော်လွှားနေရကြောင်း၊ ထိုသို့အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားနိုင်ရန်မှာ တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးအတွက် အဓိကတာဝန်ရှိသည်ကို ယုံကြည်ချက်၊ ခံယူချက်ပြည့်ဝစွာဖြင့် ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် စွမ်းရည်ရှိပြီးလုံခြုံရေး အသိ၊ လုံခြုံရေးသတိဖြင့် အမြဲအသင့်ဖြစ်နေအောင်လိုအပ်သည်များ အမြဲတမ်းပြင်ဆင်နေကြရန်လိုကြောင်း၊ ကောင်းမွန်သော လေ့ကျင့်မှု၊ ကောင်းမွန်သော ပြင်ဆင်မှုဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများနှင့်ပူးပေါင်း၍ အခက်အခဲများကို ဆက်လက်ရင်ဆိုင်ကျော် ဖြတ်ရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများအနေဖြင့် နိုင်ငံတော်မှပေးအပ်သော လစာနှင့်ရိက္ခာကို ရရှိခံစားနေခြင်းဖြစ်၍ သစ္စာအဓိဋ္ဌာန်လေးချက်ပါအတိုင်း နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ သစ္စာအပေါ်အလေး ထားစောင့်ထိန်းရန်လိုကြောင်း၊ သစ္စာစောင့်သိမှုတွင် နှုတ်ဖြင့်သာစောင့်သိရန် မဟုတ်ဘဲ လက်တွေ့အမှန်တာဝန်သိမှုဖြင့် စောင့်ထိန်း ရန်လိုကြောင်း၊ ပေးအပ်သည့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခြင်းသည်လည်းကျေးဇူးတရားကိုသိရှိခြင်းပင်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။                  

ထို့ပြင် ပြည်ပနိုင်ငံကြီးအချို့နှင့်ပြည်တွင်းအကြမ်းဖက်အဖွဲ့များအနေဖြင့် နည်းမျိုးစုံသုံးကာ အစိုးရယန္တရားရပ်တန့်စေရန် ကြိုးပမ်းခဲ့သော်လည်း ထင်တိုင်းမပေါက်သဖြင့် နိုင်ငံတော်၏အခိုင်မာဆုံးအင်အားစုဖြစ်သည့် တပ်မတော်ကို ဖြိုခွဲရန် အစိုးရအဆက် ဆက်ကြိုးပမ်းနေခြင်းဖြစ်ကြောင်း၊ ဆက်လက်၍လည်း သွေးခွဲမှုမျိုးစုံပြုလုပ်လာနိုင်သဖြင့် တပ်မတော်သားမိသားစုဝင်များအနေဖြင့် အထက်အောက်အပြန်အလှန် လေးစားယုံကြည်မှုဖြင့် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ၊ အေးအတူပူအမျှ စိတ်ဓာတ်ဖြင့်စည်းလုံးညီညွတ်စွာနေထိုင်ကြရန်လိုကြောင်း၊ တာဝန်ရှိသူများအနေဖြင့်စစ်သည်၊ မိသားစုဝင်များ၏ စားဝတ်နေရေးမှစ၍ ကျန်းမာရေး၊ ပညာရေးအထိ အရေးအရာများကို အလေးနက်ထား ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုကြောင်း၊ သို့မှသာ တပ်မတော်သားများအနေဖြင့် မိသားစုများအတွက် နောက်ဆံတင်းမှုမရှိဘဲ လုံခြုံရေးတာဝန်၊ စစ်ဆင်ရေးတာဝန်များကို အပြည့်အဝ တာဝန်ထမ်းဆောင်နိုင်ကြမည်ဖြစ်ကြောင်း၊ နိုင်ငံ့သမိုင်းကြောင်းနှင့် ပထဝီအနေအထားတို့အရ နိုင်ငံတော် ကာကွယ်ရေးမဟာဗျူဟာမှာ တပ်မတော်ကို မဏ္ဍိုင်ပြု၍ ပြည်သူတစ်ရပ်လုံးပါဝင်သော ပြည်သူ့စစ်မဟာဗျူဟာဖြစ်၍ ပြည်သူနှင့် တစ်သားတည်းဖြစ်အောင် နေထိုင်ပြုမူကာ ပြည်သူလူထုနှင့်ဆက်ဆံရာတွင်လည်း ချမှတ်ပေးထားသည့် ဆောင်ရန်/ရှောင်ရန်များကို လိုက်နာရန်လိုကြောင်း၊ တစ်ဖက်မှာလည်း နယ်မြေအလိုက် ပြည်သူလူထု၏ လူမှုစီးပွား မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များတွင် တတ်နိုင်သည့်ဘက်မှ ကူညီပံ့ပိုးပေးရန်လိုကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကဆိုသည်။

ထို့အတူ ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲတွင် နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲပေးမှုများ၊ တစ်ကြိမ်ထက်ပိုသော မဲပေးမှုများစသော မဲမသမာမှုများ ဖြစ်ပေါ်ခဲ့ပြီး အာဏာကို အဓမ္မနည်းရယူရန် ကြိုးစားလာခဲ့သောကြောင့် တပ်မတော်အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်တာဝန်ကိုထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း၊ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲတွင်လွတ်လပ်၍ တရားမျှတပြီးမှန်ကန်သော ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုဝင်စာရင်းမှန်ကန်ရေးနှင့်နိုင်ငံသားစိစစ်ရေးကတ်ရခွင့်ရှိသူများအားလုံးကို ပြုလုပ်ပေးလျက်ရှိရာ နယ်မြေအလိုက်ပူးပေါင်းပါဝင်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရန်လိုကြောင်း၊ ပေးအပ်သည့်တာဝန်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်နိုင်ရန်အတွက် စစ်သည်၊ မိသားစုအားလုံးသည် ကျန်းမာကြံ့ခိုင်နေရန်အရေးကြီးသဖြင့် နိစ္စဓူဝ ကျန်းမာစေသော နေထိုင်စားသောက် မှုပုံစံများနှင့်အညီဆောင်ရန်/ရှောင်ရန်များကိုလိုက်နာကြရန်လိုကြောင်း ၎င်းက ပြောကြားသည်။

Most Read

Most Recent