ကမ္ဘာ့နိုင်ငံကြီးအချို့က ခြိမ်းခြောက်မှု၊ ဝင်ရောက်စွက်ဖက်မှု၊ လူမျိုးသုဉ်းသတ်ဖြတ်သူများအဖြစ် စွပ်စွဲမှုများဖြင့် ဖိအားပေးနှောင့်ယှက်နေသော်လည်း တပ်မတော်အနေဖြင့် အဘက်ဘက်မှ အောင်မြင်စွာကျော်ဖြတ်သွားမည်ဟု  ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

ကမ္ဘာ့နိုင်ငံကြီးအချို့က ခြိမ်းခြောက်မှု၊ ဝင်ရောက်စွက်ဖက်မှု၊ လူမျိုးသုဉ်းသတ်ဖြတ်သူများအဖြစ် စွပ်စွဲမှုများဖြင့် ဖိအားပေးနှောင့်ယှက်နေသော်လည်း တပ်မတော်အနေဖြင့် အဘက်ဘက်မှ အောင်မြင်စွာကျော်ဖြတ်သွားမည်ဟု  ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
Published 6 April 2022

ကမ္ဘာ့နိုင်ငံကြီးအချို့က ခြိမ်းခြောက်မှု၊ ဝင်ရောက်စွက်ဖက်မှု၊ လူမျိုးသုဉ်းသတ်ဖြတ်သူများအဖြစ် စွပ်စွဲမှုများဖြင့် ဖိအားပေးနှောင့်ယှက်နေသော်လည်း တပ်မတော်အနေဖြင့် အဘက်ဘက်မှ အောင်မြင်စွာကျော်ဖြတ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။

ဧပြီ ၄ ရက်က  ဗထူးတပ်နယ်ရှိ တပ်မတော်(ကြည်း)အရာခံနှင့် အကြပ်ကြီးသင်ကျောင်းသို့ သွားရောက်စစ်ဆေးပြီး သင်တန်းသားများနှင့် တွေ့ဆုံအမှာစကားပြောကြားရာတွင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုများမှတစ်ဆင့် နိုင်ငံတော်အာဏာအရပ်ရပ်ကို အဓမ္မနည်းဖြင့်ရယူရန် ကြိုးပမ်းလာမှုအပေါ် ဒီမိုကရေစီလမ်းကြောင်းပေါ်မှ သွေဖည်တိမ်းစောင်းမှု မဖြစ်ပေါ်စေရေး တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်နှင့်အညီ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်ပါအတိုင်း တာဝန်ယူထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ အရေးပေါ်ကာလ ၁ နှစ်ကျော်ကာလအတွင်း အခက်အခဲအမျိုးမျိုး၊ စိန်ခေါ်မှုအမျိုးမျိုးတို့ကို သစ္စာရှိဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တိုင်းရင်းသားပြည်သူများ၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် ဖြတ်သန်းကျော်လွှားခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် ၂၀၂၂ ခုနှစ်တွင်လည်း အထက်ပါလုပ်ရပ်များအပြင် တပ်မတော်၏ စည်းလုံးညီညွတ်မှုစွမ်းအားကို ဖြိုခွဲရန် ဦးတည်ကြိုးပမ်းလာခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် လွတ်လပ်ရေးရယူကာ စတင်တည်ထောင်ချိန်မှ စတင်၍ ယနေ့အထိ နိုင်ငံ့အရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဦးလည်မသုန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံတော်အပေါ် ဘေးအန္တရာယ်အမျိုးမျိုး မကျရောက်စေရန် တားဆီးကာကွယ်ခဲ့ကြောင်း၊ အကြမ်းဖက်အဖွဲ့အစည်းအသီးသီးအနေဖြင့် ပြည်ပနိုင်ငံကြီးအချို့၏ နယ်ရုပ်များသဖွယ် ခိုင်းစေသည့်အတိုင်း အခိုင်မာဆုံး Institution တစ်ခုဖြစ်သည့် တပ်မတော်ကို ဖြိုခွဲရန် ကြိုးပမ်းလာခြင်းသာဖြစ်ကြောင်း၊ တပ်မတော်အပေါ်တွင်လည်း နိုင်ငံကြီးအချို့၏ ခြိမ်းခြောက်မှု၊ ဝင်ရောက်စွက်ဖက်မှု၊ လူမျိုးသုဉ်းသတ်ဖြတ်သူများအဖြစ် စွပ်စွဲမှုများဖြင့် ဖိအားပေးနှောင့်ယှက်နေသော်လည်း တပ်မတော်အနေဖြင့် စုပေါင်းညီညွတ်မှု စွမ်းအားဖြင့် အဘက်ဘက်မှ အောင်မြင်စွာကျော်ဖြတ်သွားမည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။