မြန်မာ့နိုင်ငံရေးပြဿနာများကိုဖြေရှင်းရန် ပါဝင်သင့် ပါဝင်ထိုက်သည့် နိုင်ငံရေးအင်အားစုများ မပါဝင်ပါက ဖြေရှင်းနိုင်မည်မဟုတ်ဟု PPST ပြောရေးဆိုခွင့်ရှိသူ ပြောကြား

မြန်မာ့နိုင်ငံရေးပြဿနာများကိုဖြေရှင်းရန် ပါဝင်သင့် ပါဝင်ထိုက်သည့် နိုင်ငံရေးအင်အားစုများ မပါဝင်ပါက ဖြေရှင်းနိုင်မည်မဟုတ်ဟု PPST ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 4 April 2022

ပါဝင်သင့် ပါဝင်ထိုက်သူများ မပါဝင်ပါက မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာများ ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO) ထိပ်ပိုင်းခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)၏ Coordinator ဖြစ်သူ ရဲဘော်မျိုးဝင်းက ပြောကြားသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ စတုတ္တအကြိမ်ညီလာခံ (ဒုတိယပိုင်း)နှင့်စပ်လျဉ်း၍ ဧပြီ ၄ ရက်တွင် PPST တာဝန်ရှိသူများက Zoom Meeting ဖြင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးကNCA-S EAO အနေဖြင့် PDF အပေါ် မည်သို့သဘောထားသနည်းဟု မေးမြန်းမှုအပေါ် PPST ၏ Coordinator ဖြစ်သူ ရဲဘော်မျိုးဝင်းက ထိုသို့ထည့်သွင်းဖြေကြားခြင်းဖြစ်သည်။

“ကျွန်တော်တို့ တွေ့ကြုံဖြတ်သန်းခဲ့မှုအရ ပါဝင်သင့်ပါဝင်ထိုက်တဲ့ နိုင်ငံရေးအင်အားစုတွေ ပါဝင်မှုမရှိဘူးဆိုရင် ဗမာပြည်ရဲ့ နိုင်ငံရေးပြဿနာတွေ ဖြေရှင်းလို့ရမှာမဟုတ်ဘူး ခံယူပါတယ်။ ဒါကြောင့်ခုနကမေးတဲ့ ဘယ်လိုသဘောထားလဲဆိုတဲ့နေရာမှာ ဗမာပြည်နိုင်ငံရေးပြဿနာကို ဖြေရှင်းတဲ့နေရာမှာပါကို ပါဝင်လာရမယ့်အစုအဖွဲ့တွေ၊ အင်အားစုတွေဖြစ်တယ်” ဟု ရဲဘော်မျိုးဝင်းက ပြောကြားသည်။

NCA စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် ညှိနှိုင်းစဉ်ကာလအတွင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံး NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးရန် သဘောထားရှိခဲ့သော်လည်း အားလုံးပါဝင်နိုင်ခြင်းမရှိခဲ့ကြောင်း၊ ထို့ကြောင့် NCA စာချုပ်အား အကောင်အထည်ဖော်ရာတွင် အခက်အခဲများရှိခဲ့ကြောင်း ရဲဘော်မျိုးဝင်းက ပြောကြားသည်။

NCA စာချုပ်တွင် အားလုံးပါဝင်လက်မှတ်ရေးထိုးခြင်းမရှိသည့် နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းတွင် လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် ပါဝင်သင့်၊ ပါဝင်ထိုက်သူများအားလုံး ပါဝင်ရန် လိုအပ်သည်ဟု ရဲဘော်မျိုးဝင်းက ပြောကြားသည်။

“သေချာတာကတော့ ဗမာပြည်ရဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းတဲ့နေရာမှာ ပါဝင်သင့်ပါဝင်ထိုက်တဲ့ အင်အားစုတွေအားလုံး ပါဝင်ဖို့လိုအပ်တယ်လို့ PPST အနေနဲ့ယုံကြည်တယ်။ ဒါမှသာလျှင် ဗမာပြည်ရဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်” ဟု ရဲဘော်မျိုးဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာများအား ဖြေရှင်းရာတွင်ပါဝင်သင့်၊ ပါဝင်ထိုက်သူများ ပါဝင်စေရေးကို ကြွေးကြော်ခဲ့သကဲ့သို့ ယင်းအချက်ကိုလည်း မူဝါဒအဖြစ်ချမှတ်ကာ အကောင်အထည်ဖော်ခဲ့ကြောင်း၊ သို့သော်လည်း NCA စာချုပ်လက်မှတ်ရေးထိုးရန် နီးကပ်ချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့မှာ စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခြင်းမရှိဘဲ ကျန်နေခဲ့သောကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ ယင်းအချက်သည် လက်နက်ကိုင်ပဋိပက္ခများကို ပိုမိုရှည်ကြာစေခဲ့ကြောင်းလည်း PPST အဖွဲ့ဝင် ဒေါ်စောမြရာဇာလင်းက ပြောကြားသည်။

NCA ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ စတုတ္ထအကြိမ် ထိပ်သီးခေါင်းဆောင်များညီလာခံ (ဒုတိယပိုင်း)ကို ၂၀၂၂ ခုနှစ် မတ် ၂၉ ရက်မှ ဧပြီ ၃ ရက်အထိ ကျင်းပခဲ့ပြီး နိုင်ငံတကာသံတမန်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် လေ့လာသူများလည်း ပါဝင်တက်ရောက်ခဲ့ပြီး ညီလာခံတွင် PPST အား NCA-S EAO တစ်ဖွဲ့ချင်းစီမှ တာဝန်ပေးအပ်သည့် အဖွဲ့ကိုယ်စားပြုကိုယ်စားလှယ်နှစ်ဦးစီဖြင့် ဖွဲ့စည်းထားသောအစုအဖွဲ့အသစ်နှင့် PPST ၏ နိုင်ငံရေးလမ်းပြမြေပုံဆိုင်ရာ အဆိုပြုချက်အား အတည်ပြုပေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။