ဒေါ်အောင်ဆန်းစုကြည်အား အဂတိဖြင့် တရားစွဲဆိုထားသည့် အမှုများအတွက် တရားလိုပြသက်​​သေသုံးဦးကို စစ်ဆေး

ဒေါ်အောင်ဆန်းစုကြည်အား အဂတိဖြင့် တရားစွဲဆိုထားသည့် အမှုများအတွက် တရားလိုပြသက်​​သေသုံးဦးကို စစ်ဆေး
Published 4 April 2022

နေပြည်တော်တွင် ဒေါ်ခင်ကြည်​​ဖောင်းဒေးရှင်းက ရယူထားသည့် မြေကွက်များနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာမျိုးအောင်နှင့် ဦးမင်းသူတို့အား အဂတိလိုက်စားမှုတိုက်ဖျက်​​ရေးဥဒေဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ်(၃)နှင့်(၄)တို့အတွက် တရားလိုပြသက်သေများဖြစ်သည့် ဘဏ္ဏာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၊ နေပြည်​​တော်စည်ပင်မှ တာဝန်ရှိသူတစ်ဦးနှင့် ဆောက်လုပ်ရေးကုမ္ပဏီမှ အင်ဂျင်နီယာတစ်ဦးတို့ကို စစ်ဆေးခဲ့ကြောင်းအမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

နေပြည်တော်ကောင်စီဝင်းအတွင်းရှိ ဇမ္ဗူသီရိအထူးတရားရုံးတွင် ဧပြီ ၄ ရက်က ​​အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုခြင်းခံထားရသည့် အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဟောင်း ​​ဒေါက်တာမျိုးအောင်နှင့် ​​နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်ဟောင်း ဦးမင်းသူတို့ကို ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

ဧပြီ ၄ ရက်ရုံးချိန်းတွင် နေပြည်တော်တွင် လရောင်တောစိုက်ပျိုးသက်မွေးပညာ သင်တန်းကျောင်းအဖြစ် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဆောင်ရွက်ရန်အတွက် မြေကွက် ၁၀၁ ဒဿမ ၃၃ ဧကအား လျှောက်ထားရယူသည့် ကိစ္စနှင့်ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့်တရားစွဲဆိုထားသည် ရာဇဝတ်ကြီးအမှုအမှတ်(၃)၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောင်ရွက်မည့် စီမံကိန်းတစ်ခုအတွက် မြေဧရိယာ ၂၃ ဒသမ ၈၅၅ ဧကကို လျှောက်ထားရယူသည့်ကိစ္စနှင့်ပတ်သက်၍ တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ်(၄)တို့နှင့်ပတ်သက်၍ ဘဏ္ဏာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၊ နေပြည်​​တော်စည်ပင်သာယာရေး​​ကော်မတီမှ တာဝန်ရှိသူတစ်ဦးနှင့် ဆောက်လုပ်ရေးကုမ္ပဏီမှ အင်ဂျင်နီယာတစ်ဦးတို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်အား ရွှေနှင့် ဒေါ်လာများ လာဘ်ငွေအဖြစ် ပေးခဲ့ရသည်ဆိုသော ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း၏ ထွက်ဆိုချက်များအရ အဂတိလိုက်စားမှုတိုက်ဖျက်​​ရေးဥပ​​ဒေပုဒ်မ ၅၅ ဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ်(၂)၊ နေပြည်တော်ရှိ လရောင်တောတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရန်အတွက်ဆိုကာ တစ်ထပ်အဆောက်အဦအား ဒေါ်ခင်ကြည်ဖောင်းဒေးရှင်းသို့ အများပြည်သူလှူဒါန်းငွေများမှ အသုံးပြုခဲ့သည်ဆိုသည့်စွဲချက်ဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃ ဖြင့် အရေးယူရန်တင်ပြသည့်ထားသည့် ရာဇဝတ်ကြီးအမှုအမှတ်(၅)နှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရုံးချုပ်ဖွင့်လှစ်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ်(၆၀)မှ မြေဧက ၁ ဒသမ ၈၆ ဧကနှင့် အဆောက်အဦများကို လုပ်ထုံးလုပ်နည်းများနှင့်မညီဘဲ ငှားရမ်းခဲ့သည်ဆိုသော ကိစ္စနှင့်ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၂၅ တို့အား ဧပြီ ၄ ရက်ရုံးချိန်းတွင် စစ်ဆေးခဲ့ခြင်းမရှိကြောင်း သိရသည်။

ဧပြီ ၄ ရက် ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည် ရုံးတော်ရှေ့သို့ လာ​​​ရောက်ခဲ့ပြီး ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် အမှုများအား  ဧပြီ ၁၈ ရက် စစ်ဆေးရန် ထပ်မံချိန်းဆိုထားကြောင်း သိရသည်။