ပြည်တွင်း အလုပ်အကိုင်ရှားပါးမှုအခက်က ပွဲစားတွေအတွက် အချက်လား

ပြည်တွင်း အလုပ်အကိုင်ရှားပါးမှုအခက်က ပွဲစားတွေအတွက် အချက်လား
မြန်မာ-ထိုင်းနယ်စပ် မြဝတီ-မဲဆောက်လမ်းမှတစ်ဆင့် ဘန်ကောက်ကိုပို့ဆောင်မည့် ကုန်စိမ်းများအတွင်း အံဝှက်လုပ် သယ်ဆောင်လာသော ကားအတွင်းမှ မြန်မာအလုပ်သမားများ ဖမ်းဆီးခံရသည်ကို တွေ့ရစဉ် 
မြန်မာ-ထိုင်းနယ်စပ် မြဝတီ-မဲဆောက်လမ်းမှတစ်ဆင့် ဘန်ကောက်ကိုပို့ဆောင်မည့် ကုန်စိမ်းများအတွင်း အံဝှက်လုပ် သယ်ဆောင်လာသော ကားအတွင်းမှ မြန်မာအလုပ်သမားများ ဖမ်းဆီးခံရသည်ကို တွေ့ရစဉ် 
Published 21 March 2022
ကိုရွှေသိန်း (မြဝတီ)

၂၀၁၉ ခုနှစ်က စတင်ခဲ့တဲ့ Corona Virus ရောဂါပိုး မွှေနှောက်မှုကြောင့် စက်ရုံအလုပ်ရုံတွေပိတ်၊ ပြည်တွင်း အလုပ်လက်မဲ့များပြားလာချိန် နိုင်ငံရေးအပြောင်းအလဲ ဖြစ်လာတာကြောင့် ပြည်သူအများစုရဲ့ မိသားစုဝမ်းရေးခက်ခဲမှုက လူကယ်ရီပွဲစားတွေအတွက် အချက်တစ်ခုဖြစ်လာတယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတွေက ဆိုပါတယ်။ 

လူကယ်ရီပွဲစားဆိုတာ ကမ္ဘာမီးလောင်သားကောင်ချနင်းဆိုသလို မျိုး၊ ထိုင်းနဲ့ မလေးရှားနိုင်ငံကို အခကြေးငွေ အမြောက်အမြားယူပြီး တရားမဝင်လုပ်သားပို့ဆောင်ရာမှာ ပွဲစားတွေက အဓိကဇာတ်ကောင်နေရာကနေ ပါဝင်နေတယ်လို့ မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။ 

“ပွဲစားတွေဆိုတာ ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုသလိုပေါ့။ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကို ဝင်ပေါက်အမျိုးမျိုးကနေ လုပ်သားခိုးသွင်းတဲ့အထဲမှာ ပွဲစားတွေက အဓိကဇာတ်ကောင်နေရာကနေ ပါဝင်တယ်။ အဓိကပစ်မှတ်ထားတာကတော့ ထိုင်းနိုင်ငံပေါ့။ အဲဒီပွဲစားတွေက ရွာပွဲစား၊ နယ်ပွဲစား ခရိုင်ပွဲစားတွေ အဆင့်ဆင့်ရှိလာတယ်။ သူတို့တွေ သက်ဆိုင်ရာဌာန၊ လူကြီးတွေနဲ့ အပူးအကပ်အခွာ တတ်တယ်။ လူကြီးတွေနဲ့ငွေပေးပြီးတော့လည်း ပေါင်းနိုင်တယ်။ အဲဒီတော့ ပွဲစားပပျောက်ရေးဆိုတာ ဒီနေရာမှာ မရှိနိုင်တော့ဘူး။ MoU နဲ့ မသွားရတော့ တရားမဝင်လမ်းက ပို့နိုင်အောင်ကြိုးစားကြတယ်။ ဟော MoU နဲ့ လုပ်သားစေလွှတ်ခွင့်ပြုတော့မယ်ဆိုတော့လည်း သတ်မှတ်ဈေးနှုန်းတွေထက် ပွဲစားခယူပြီး လုပ်ဆောင်လာကြတော့မှာကို မြင်ယောင်နေသေးတယ်” လို့ ဦးမိုးကြိုးက ပြောပါတယ်။ 

MoU စနစ်နဲ့ ထိုင်းနိုင်ငံသို့ သွားခွင့်မရကြတဲ့နှစ်နှစ်နီးပါးမှာ ၂၀၂၁ ခုနှစ်ကဆိုရင် နယ်စပ်ဂိတ်ပေါက်တွေ အမျိုးမျိုးက တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့တဲ့ မြန်မာလုပ်သား ၈၀၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းဘက်က သတင်းထုတ်ပြန်ထားတယ်။ 

၂၀၂၁ ခုနှစ်စက်တင်ဘာလကစလို့ ဘန်ကောက်နဲ့ ပတ်ဝန်းကျင်မှာ တရားမဝင်လုပ်သားတွေကို အထောက်အထားပြုလုပ်ပေးမယ် ဆိုတဲ့သတင်းစကားကို လူကယ်ရီပွဲစားတွေက ညွှတ်ကွင်းတစ်ခုလို အသုံးပြုကာ လူငယ်လူရွယ်တွေကို လုပ်သားလိုအပ်ချက်မြင့်မားနေတယ်လို့ မက်လုံးပေးစည်းရုံးလာခဲ့ တဲ့အတွက် တရားမဝင်အောက်လမ်းက သွားသူများပြားလာသလို ဖမ်း ဆီးခံရသူတွေလည်း နေ့စဉ်ရာနဲ့ချီ ရှိနေပါတယ်။

“ပွဲစားတွေကတော့ အမျိုးမျိုးရှိတယ်။ အဲဒီပွဲစားတွေက မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ။ ပြည်တွင်းမှာ နိုင်ငံရေးမငြိမ်သက်မှု၊ အလုပ်အကိုင် အဆင်မပြေမှုနဲ့  ဝမ်းရေးအခက်အခဲဖြစ်လေ သူတို့ကြိုက်လေပဲ။ နှစ်နိုင်ငံအစိုးရချင်း ဘယ်လိုမှညှိနှိုင်းလို့မရ။ အဆင်ပြေပြေနဲ့ နှစ်နိုင်ငံတရားဝင် MoU လမ်းကြောင်း မပေါ်ပေါက်တာမျိုးကို သဘောကျကြတယ်။ အားရဝမ်းသာဖြစ်ကြတယ်။ ခုလည်းကြည့်လေ MoU နဲ့ လုပ်သားစေလွှတ်ရတော့မယ်ဆိုတာတောင် တစ်ယောက်ကို ဘတ်နှစ်သောင်းခွဲ သုံးသောင်းယူပြီး တရားမဝင်တဲ့လမ်းက ပို့ဆောင်လို့ နေ့စဉ် ဖမ်းဆီးခံနေရတုန်းပဲမဟုတ်ပါလား”လို့ ဦးမိုးကြိုးက ဆိုပါတယ်။

မတ် ၁၄ ရက်ကလည်း မြန်မာ-ထိုင်းနယ်စပ် မြဝတီ - မဲဆောက် လမ်းမှတစ်ဆင့် ဘန်ကောက်ကို ပို့ ဆောင်မယ့် ကုန်စိမ်းတွေသယ် ဆောင်လာတဲ့ ကားအတွင်းမှာ သိုဝှက်သယ်ဆောင်လာခဲ့ရတဲ့  မြန်မာ နိုင်ငံသား ၅၃ဦးဟာ  ဖမ်းဆီးခံခဲ့ရပါတယ်။ 

မဲဆောက်မြို့အထွက် စစ်ဆေးရေးဂိတ်မှာ မြန်မာ့လယ်ယာထွက်ကုန် ကုန်စိမ်းဂေါ်ဖီထုပ်တွေ တင်ဆောင်လာတဲ့  ကုန်တင်ယာဉ်ကိုထိုင်းတာဝန်ရှိသူတွေက စစ်ဆေးတဲ့အခါ  ဂေါ်ဖီထုပ်တွေအကြား အံဝှက်လုပ် သယ်ဆောင်လာတဲ့ အထောက်အထားမဲ့ မြန်မာလုပ်သား အမျိုးသား ၃၁ ဦး နဲ့  အမျိုးသမီး ၂၂ ဦးကို ရှာဖွေတွေ့ရှိခဲ့တာကို  ထိုင်းနိုင်ငံဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

ဖမ်းဆီးရေးမှာပါဝင်တဲ့ ထိုင်း အာဏာပိုင်တစ်ဦးက “ယခုလို ရာသီဥတုပူပြင်းနေတဲ့အချိန်မှာ ကုန်စိမ်းကားအတွင်းမှာ သိုဝှက်လိုက်လာကြတဲ့  မြန်မာရွှေ့ပြောင်း လုပ်သားတွေ အသက်ရှုမွန်းကျပ် လောက်တဲ့အထိ ဆိုးရွားတဲ့အနေအထားမှာရှိနေပါတယ်”လို့ မှတ်ချက်ပြုခဲ့တယ်။ 

လွန်ခဲ့တဲ့ နှစ်ပတ်ခန့်ကလည်း ကုန်စိမ်းကားအတွင်းမှာ ပုန်းအောင်းလိုက်လာတဲ့ မြန်မာလုပ်သား ၁၅ ဦး ဖမ်းဆီးခံခဲ့ရပြီးနောက်  ဒုတိယအကြိမ်အဖြစ် ၅၃ ဦး ထပ်မံ ဖမ်းဆီးခံရခြင်းဖြစ်ပါတယ်။ 

ဖမ်းဆီးခံရတဲ့  မြန်မာနိုင်ငံသားတွေဟာ ပြည်တွင်းမှာအလုပ်အကိုင်အဆင်မပြေချိန်၊ အပြောကြွယ်တဲ့ လူကယ်ရီပွဲစားတွေက မက်လုံး မျိုးစုံပေးပြီး တစ်ဦးကို ဘတ်၂၅၀၀၀ မှ ဘတ် ၃၀၀၀၀ အထိပေးပြီးလာ ကြသူတွေဖြစ်တယ်လို့ဆိုပါတယ်။ 

မဲဆောက်မြို့မှာ နေထိုင်ပြီး အလုပ်သမားအရေးဆောင်ရွက်နေသူ တစ်ဦးက “နယ်စပ်ဒေသ ဝင်ပေါက်အမျိုးမျိုးကနေ တရားမဝင် ဝင်ရောက်ကြတယ်။ သူတို့ရဲ့ရည်မှန်းချက်ကတော့ လုပ်ခ လစာများများရတဲ့ ဘန်ကောက်နဲ့ ထိုင်းနိုင်ငံ အတွင်းပိုင်းကိုသွားဖို့ပါပဲ။ ထိုင်းနဲ့ မြန်မာ ပူးပေါင်းဆောင်ရွက်မယ့် MoU လမ်းကြောင်းနဲ့ မသွားရတဲ့အခါကျတော့ တရားမဝင် ဝင်ရောက်ကြတာပါပဲ။ MoU စနစ်နဲ့ လုံခြုံစိတ်ချရတဲ့လမ်းကြောင်းတွေ မပေါ်ပေါက်မချင်း တရားမဝင် သွားတာ၊ ဖမ်းဆီခံရတာ ရှိနေဦးမှာပါပဲ။ ထိုင်း-မြန်မာနယ်စပ် မွန်ပြည်နယ်နဲ့ ကန်ချနပူရီ၊ တနင်္သာရီတိုင်းနဲ့ ပရာကျွတ်ခရီခမ်၊ မြဝတီ-မဲဆောက်လမ်း ကြောင်းက ဝင်ရောက်တာ အများဆုံးဖြစ်ပါတယ်}}လို့ ပြောဆိုခဲ့ပါတယ်။ 

ယခု မတ်လအတွင်းမှာ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှု ပိုမိုများပြားလာပါတယ်။ နှစ်ပတ်အတွင်း မြန်မာလုပ်သား တစ်ထောင်ကျော် ဖမ်းဆီးခံထားရပြီးဖြစ်သလို လုပ်ငန်းခွင်ရှိတဲ့ ဘန်ကောက်ကို ရောက်ရှိသွားသူတွေလည်းအများအပြားရှိပါတယ်။

“ကျွန်တော်က ထိုင်းဘက်က အရေးပါတဲ့သူတွေနဲ့ ပေါင်းပြီး လူတင်တာပါ။ အဆင်ပြေပါတယ်။ စိုးရိမ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်”လို့ ထိုင်းမှာနေပြီး ကယ်ရီလုပ်နေတဲ့ လူပွဲစားတစ်ဦးက ပြောတယ်။

ကိုဗစ် ဗိုင်းရပ်စ်မျိုးပွား အိုမီခရွန် ကူးစက်မှုတွေများပြားနေတဲ့ ထိုင်းနိုင်ငံအတွင်းပိုင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာမှု မရှိစေရေးကိုလည်း ထိုင်းတာဝန်ရှိသူတွေက အထူးကြပ်မတ်ဖမ်း ဆီးနေတာလည်းဖြစ်ပါတယ်။

MoU လမ်းကြောင်း မတွင်ကျယ်သေးတဲ့အချိန် တစ်ပါးသူရဲ့ စေခိုင်းရာဆီသို့ တောလမ်းခရီး လို့ခေါ်တဲ့  လူကုန်ကူးမှုတစ်ခေတ် ဆန်းသစ်နေဦးမယ်ဖြစ်ပါတယ်။ 

မတ် ၁၆ ရက်နံနက် ၃နာရီခန့် ကလည်း ယာဉ်မတော်တဆမှုဖြစ်ပြီး ဘန်ကောက်မြို့သို့သွားတဲ့ မြန်မာ နိုင်ငံသား ခြောက်ဦးသေဆုံးပြီး ဒဏ် ရာရရှိသူ ၁၂ ဦးအထိရှိခဲ့တယ်။ 

မြန်မာနိုင်ငံသား ၁၈ ဦးကို တင်ဆောင်လာတဲ့ မော်တော်ယာဉ် ဟာ မတ် ၁၆ ရက် နံနက် ၃ နာရီခန့် က ဘန်ကောက်မြို့အနီးမှာ ရှေ့ဘီး ပေါက်လို့  လမ်းလယ်မှာ ကာရံထားတဲ့  သံပြားနဲ့တိုက်မိပြီး ယာဉ်မောင်း ထွက်ပြေးသွားစဉ် မြန်မာနိုင်ငံသားတွေကိုတင်ဆောင်လာတဲ့ ဗင်ကားက ထပ်မံတိုက်မိခဲ့တာဖြစ်ပါတယ်။ 

ယာဉ်တိုက်မှု ဖြစ်စဉ်နဲ့ ပတ်သက်လို့ အလုပ်သမားအရေးဆောင်ရွက်နေသူတစ်ဦးက “သူတို့က ထိုင်း နိုင်ငံအတွင်းမှာ အလုပ်မလုပ်ရသေးတဲ့အတွက် ဥပဒေအရ လျော်ကြေး မရနိုင်ဘူး။ သို့ပေမဲ့ ထိုင်းအစိုးရရဲ့ ကရုဏာကြေးအနေနဲ့ပေးမယ်ဆိုရင်ရတယ်။ မပေးလို့လည်းရတယ်။ ဒါ့ကြောင့် အသက်ဆုံးရှုံးလိုက်ရတဲ့ အထိ စိန်ခေါ်မှုကြီးမားတဲ့ ကြိုးတန်း လမ်းလျှောက် မစွန့်စားသင့်ဘူးလို့ ပြောချင်ပါတယ်။ ယခင်နှစ်ကလည်း အလားတူဖြစ်ရပ်မျိုးငါးခုလောက် ဖြစ်ခဲ့တယ်။ တရားမဝင်ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေက လျော်ကြေး မရရှိခဲ့ဘူး။ မြန်မာအလုပ်သမား သံအရာရှိရုံးက လူသားချင်းစာနာ ထောက်ထားတဲ့ ကရုဏာကြေးရအောင် ဆောင်ရွက်ပေးလို့တော့ ရနိုင်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။ 

ယခုအခါ ထိုင်းနိုင်ငံသို့ လုပ်သားများ စေလွှတ်နိုင်ဖို့အတွက် ပြည်ပအလုပ်အကိုင်ရှာဖွေရေး  အေဂျင်စီတွေနဲ့ ထိုင်းကိုသွားမယ့် လုပ်သားတွေ စာချုပ်ချုပ်ဆိုခြင်းကို သင်္ကြန်ကာလအပြီး လာမည့် ဧပြီလ တတိယပတ်အတွင်း စတင်စေလွှတ်နိုင်မယ်လို့ မြဝတီနယ်စပ် ရွှေ့ပြောင်းလုပ်သားများ စောင့်ကြည့်လေ့လာရေးအဖွဲ့(MMG) အဖွဲ့ ခေါင်းဆောင် ဦးအောင်မြတ်က ပြောပါတယ်။ 

ဦးအောင်မြတ်က “ထိုင်းနိုင်ငံကို MoU စနစ်နဲ့ လုပ်သားစေလွှတ်ဖို့အတွက် မတ်လ တတိယပတ်လောက်မှာ သက်ဆိုင်ရာ အေဂျင်စီများနဲ့ အလုပ်သမား စာချုပ်ချုပ်တာတွေ စလုပ်ဖို့ရှိတယ်။ အဲဒီရက်တွေမှာ စာချုပ်ချုပ်ပြီးတဲ့ သူတွေကိုတော့ သင်္ကြန်အပြီး ဧပြီလ တတိယပတ်အတွင်းမှာ မြဝတီနဲ့ ကော့သောင်းနယ် စပ်မှတစ်ဆင့် ထိုင်းကို စတင်စေလွှတ် ခွင့်ပြုသွားမယ်လို့ အလုပ်သမားဝန်ကြီးဌာနမှ အေဂျင်စီများကို အကြောင်းကြားထားတယ်”လို့ ဦးအောင်မြတ်က ဆိုပါတယ်။

ထိုင်းနိုင်ငံဘက်သို့ မြန်မာလုပ်သားစေလွှတ်ဖို့အတွက် အေဂျင်စီ ၃၀ ကျော်ခန့်က စာချုပ်ချုပ်ဖို့ ပြင်ဆင်ထားတဲ့  လုပ်သားဦးရေ ၁၅,၀၀၀ ခန့် ရှိနေတယ်လို့ဆိုပါတယ်။ စာချုပ်ချုပ်ဆို ခွင့်ပြုတဲ့ လုပ်ငန်းတွေက စက်ရုံအလုပ်ရုံ လုပ်ငန်းခွင်တွေဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်များကိုတော့ လတ်တလော  ခွင့်မပြုသေးဘူးလို့လည်း ဦးအောင်မြတ်က ပြောဆိုခဲ့ပါတယ်။ 

ထိုင်းနိုင်ငံသို့ MoU စနစ်နဲ့ လုပ်သားစေလွှတ်ရာမှာ ဝန်ဆောင်ခအနေနဲ့  လုပ်သားတစ်ဦးလျှင် မြန်မာကျပ်ငွေ သုံးသိန်းသာ ကောက်ခံရန် အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီတွေကို ညွှန်ကြားထားပေမဲ့  လက်တွေ့မှာ လုပ်သား တစ်ဦးလျှင် ကျပ်ငွေ ၁၀ သိန်းမှ ၁၅ သိန်းအထိ ဝန်ဆောင်ခပေးနေရ ကြရတယ်လို့လည်း သိရပါတယ်။

မည်သို့ပင် MoU စနစ်နဲ့ တရားဝင်လုပ်သားစေလွှတ်မှု စတင်တော့မယ်လို့ဆိုစေကာမူ ခရိုင်၊ မြို့နယ်၊ ကျေးလက်တွေအထိ မက်လုံးတွေပေးပြီး အပြောကြွယ်ကြွယ် လူကယ်ရီပွဲစားတွေရဲ့ စည်းရုံးမှု အောက်မှာ မိအေးအကြိမ်ကြိမ်နာမယ့်သူတွေ မည်ရွေ့မည်မျှရှိလာဦးမလဲဆိုတာကိုတော့ဖြင့်. ... ။