ရွှေပြည်တော်မျှော်တိုင်းဝေးနေသော ပူတင်အိပ်မက်

ရွှေပြည်တော်မျှော်တိုင်းဝေးနေသော ပူတင်အိပ်မက်
Photo : AP
Photo : AP
Published 19 March 2022
ဇင်မျိုး

ယာဉ်ကြောပိတ်ဆို့မှုကို ဖြစ်ပေါ်စေသော ၆၅ မီတာရှည်လျားသည့် ရုရှားယာဉ်တန်းက ကိယက်ဗ်မြို့၏ အပြင်ဘက်တွင် သောင်တင်နေသည်မှာ ရက်အတန်ကြာရှိပြီ ဖြစ်ပါသည်။ ယူကရိန်း၌ မြန်မြန်ဆန်ဆန် အောင်ပွဲခံနိုင်မည်ဆိုသည့် မော်စကို၏ တလွဲတချော်ယုံကြည်မှုကို ထိုယာဉ်တန်းက ပိပိရိရိ သရုပ်ဖော်ပြနေပါသည်။

ရုရှားခေါင်းဆောင်ပိုင်းကမူ ၎င်းတို့၏ အထူးစစ်ဆင်ရေးက မြို့တော်ကိယက်ဗ်နှင့် အခြားယူကရိန်းမြို့ကြီးများထံ ရက်ပိုင်းအတွင်း ရောက်သွားလိမ့်မည်ဟု ယုံကြည်ထားပြီး ဗိုလိုဒီမာဇယ်လန်စကီး၏ အစိုးရအဖွဲ့ ဒူးထောက်အရှုံးပေးကာ ရုပ်သေးအစိုးရကို တင်နိုင်မည်ဟု ကနဦးတွင် တွေးထင်ထားခဲ့သည်ဟု အနောက်စစ်ရေးကျွမ်းကျင်သူများက ပြောသည်။

ယူကရိန်းတွင် အစိုးရအပြောင်းအလဲ ဖြစ်အောင် ရုရှားကလုပ်ဆောင်နေသည်မှာ ပေါ်လွင်ထင်ရှားလာသည်ဟု အမေရိကန် အကြံပေးအဖွဲ့CNA ရှိ ရုရှားလေ့လာရေး ညွှန်ကြားရေးမှူး မိုက်ကယ်ကော့ဖ်မန်းက ပြောသည်။ အစိုးရပြောင်းလဲသွားအောင် လုပ်ဆောင်သည့် စစ်ဆင်ရေးများသည် မိုက်မဲမှု၊ ဆိုးဆိုးရွားရွားယူဆချက်များမှ ဆင်းသက်လာခြင်းဖြစ်ကာ ထိုစစ်ဆင်ရေးများသည်  ကြောက်မက်ဖွယ် လွဲချော်သွားတတ်သည်ဟု ဆိုသည်။

ရုရှားကျူးကျော်မှုက စီစဉ်ထားသည့်အတိုင်း ဖြစ်လာသည်တော့မဟုတ်။ သို့သော်လည်း ရုရှားသည် သိသာထင်ရှားသည့်် နယ်မြေများကို ရရှိခဲ့သည်။ အထူးသဖြင့် ရုရှား တပ်ဖွဲ့များသည် ယူကရိန်းတောင်ပိုင်းတွင်  ရုရှားကျောထောက်နောက်ခံပြု ခွဲထွက်ရေးသမားများ ထိန်းချုပ်ထားသော ဒွန်းဘက်စ်ဒေသနှင့် ခရိုင်းမီးယားကျွန်းဆွယ်ကို ဆက်ထားသော မြေပြင်လမ်းကြောင်းကို ဖန်တီး နိုင်ခဲ့သည်။

ကနဦးကျရှုံးမှုများကြောင့် ခါကိဗ်၊ မာရီယူပိုးလ်တို့ကဲ့သို့သော လူဦးရေထူထပ်သည့် မြို့ကြီးများတွင် လက်နက်ကြီးများဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံရသည့်ပုံစံဖြစ် လာစေခဲ့ကာ ယင်းသို့မြို့ကြီးများ တိုက်ခိုက်ခံရခြင်းက ပဋိပက္ခ၏ ကဏ္ဍသစ်တစ်ရပ်ကို ဖွင့်ပေးလိုက်သည်။ ချေချင်းညှာနှင့် ဆီးရီး ယားတို့တွင် အသုံးပြုခဲ့သော နည်းဗျူဟာကို ရုရှားက အသုံးပြုခြင်းဖြစ်သည်။

ရုရှား၏ပြဿနာများက စီစဉ်မှုညံ့ခြင်း၊ စွမ်းဆောင်ရည်မကောင်းခြင်း၊ ယုံကြည်မှုလွန်ကဲခြင်းတို့တွင် အရင်းခံလျက်ရှိသည့်အပြင် နေတိုးစစ်မဟာမိတ်အဖွဲ့က လက်နက်များနှင့် အကြံဉာဏ်များပံ့ပိုးပေးထားသည့် ယူကရိန်းစစ်တပ်၏ ပြင်ဆင်မှုတွင်လည်း အရင်းခံလျက်ရှိသည်ဟု စစ်ရေးကျွမ်းကျင် သူများက ပြောသည်။

ယူကရိန်း၏ ပြင်းပြင်းထန်ထန်တွန်းလှန်မှုနှင့် ရုရှား၏ အားနည်းချက်များကြောင့် စစ်မျက်နှာသုံးခုဖွင့် ထားသော ကျူးကျော်မှု ပျက်ပြားရပုံကို ဤဆောင်းပါးတွင် လေ့လာဆန်းစစ်ထားပါသည်။ တစ်နည်းဆိုသော် ရုရှားသမ္မတဗလာဒီမာပူတင်၏ စစ်ပွဲ ပထမအဆင့်ကို လေ့လာဆန်းစစ်မှုပင်ဖြစ်ပါသည်။

စစ်ပွဲ၏ ပထမဆုံး ၄၈ နာရီအတွင်းတွင် ရုရှားစီမံထားပုံက အဓိကကျသော မြို့ပြဒေသများကို လျင်မြန်စွာချီတက်မည်၊ ယင်းမြို့ကြီးများမှ မြို့တော်များ၊ ခေါင်းဆောင်များ အညံ့ခံသွားစေရမည်ဟူသော အကြံဖြစ်သည်ဟု ယူဆရသည်။ နေရာပေါင်းစုံတွင် အထူးသဖြင့် ယူကရိန်းတောင်ပိုင်းကို ချီတက်လာသော ရုရှားအင်အားက ထောက်ပံ့ရေးတပ် ထက် ပိုများနေသည်ကို တွေ့ရသည်။

ထို့ကြောင့် ယူကရိန်းအရှေ့ပိုင်းမြို့ကြီး ဆမ်မီတွင် ယာဉ်များကိုရပ်ကာ လမ်းလျှောက် နေသော ရုရှားစစ်သားများကို ဒေသခံများက ဗီဒီယိုရိုက်ကူးခဲ့ကြသည်။ ယင်းသို့ဖြစ်ရခြင်းမှာ ရုရှားစစ်သားများ လောင်စာကုန်သွားခြင်း သို့မဟုတ် လက်နက်ခဲယမ်းကုန်သွားခြင်း ကြောင့်ဟု ယူဆနိုင်စရာရှိသည်။

ရုရှားအနေဖြင့် နောက်ဆုံးဖြစ်လာနိုင် ဖွယ်ရာအခြေအနေမှန်သမျှကို စီမံထားခြင်းမရှိ သို့မဟုတ် စစ်ဆင်ရေးက သုံးလေးရက် ထက်ပိုမကြာနိုင်ဆိုကာ ထောက်ပံ့ရေးလမ်း ကြောင်းကို တည်တည်ငြိမ်ငြိမ် ဖြစ်အောင်လုပ်မထားခြင်းဖြစ်သည်ဟု ယူဆရမည်ဖြစ်သည်။

မြို့ပြဒေသများကို ဖျက်ဆီးခြင်းမရှိ၊ ယူကရိန်းတပ်ဖွဲ့များနှင့် အပြင်းအထန်တိုက် ခိုက်ရခြင်းမရှိဘဲ  အောင်ပွဲမြန်မြန်ရမည်ဟု ရုရှားနိုင်ငံရေးခေါင်းဆောင်ပိုင်းက ယူဆထားသည်မှာ ထင်ရှားသည်။

ရုရှားထောက်ပို့တပ်များ နောက်တွင် ကျန်ရစ်နေခဲ့ရုံသာမက ထိုထောက်ပံ့ရေးတပ်များကို ခြေလျင် တပ်မျာဖြင့်လည်းကောင်း၊ လေကြောင်းအကာအကွယ်ဖြင့်လည်းကောင်း အကာအကွယ်မပေးနိုင်ဆိုသည်ကို လည်းတွေ့ရသည်။ ထို့ကြောင့် ရုရှားရှေ့တန်း ရောက်တပ်များနှင့် ထောက်ပို့တပ်များကို အဆက်ဖြတ်ပစ်ရန် ယူကရိန်းသားများအတွက်  အခွင့်အရေးများ ဖန်တီးပေးသလို ဖြစ်နေသည်။

ယူကရိန်းတပ်ဖွဲ့များသည် ရုရှားထိုးစစ်ကြောင့် ဖြစ်လာသည့် ကနဦးစိတ်ပိုင်းဆိုင်ရာ ဖိစီးမှုကို ခံနိုင်ရည်ရှိခဲ့ကြရာ တပ်များကို စုစည်းနိုင်သည်။ လက်ရုံးတပ်များကို ဖွဲ့နိုင်သည်။ လက်နက်များကို ဖြန့်ဝေနိုင်သည်။ ရုရှား၏ထိုးစစ်အဟုန်ကို လျင်မြန်စွာ အနှောင့်အယှက်ပေးနိုင်ခဲ့သည်။

ယူကရိန်းအသုံးပြုသော နည်းဗျူဟာများထဲတွင် ရုရှားတပ်များအသုံးပြုသည့် အဓိ ကသယ်ယူပို့ဆောင်ရေး လမ်းကြောင်းတစ်လျှောက်ရှိ သစ်တောများနှင့် ကျေးရွာများတွင် နေရာယူခြင်းလည်းပါဝင်သည်။ ထိုနေရာများမှတစ်ဆင့် ယာဉ်တန်းနှင့် အဆက် ပြတ်ကျန်ခဲ့သော တပ်များနှင့် ယာဉ်များကိုပစ်မှတ်ထား နိုင်မည်ဖြစ်သည်။

ယင်းသို့ ချုံခိုတိုက်ခိုက်ရေးအတွက် ယူကရိန်းသည် ခြေမြန်တပ်ဖွဲ့များကို အဓိကထား ဖြန့်ကြက်ထားကာ ပခုံးထမ်းတင့်ဖျက် ဒုံးများကို အသုံးပြုခဲ့သည်။ ရုရှားယာဉ်တန်းသွားပုံက သံချပ်ကာယာဉ်က ရှေ့ကသွား၊  ထောက်ပံ့ရေးကားက နောက်ကလိုက် ပုံစံဖြစ်သည်။ ယာဉ်တန်းသည် မလုံခြုံသောနေရာ၊ မိမိပိုင်နက် မဟုတ်သော နယ်မြေကို ဖြတ်သန်းသွားရခြင်းဖြစ်ရာ ယူကရိန်းဘက်က စောင့်တိုက်ရသည့် အနေအထားဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် တင့်ကားများ ခရိုင်းမီးယားကို ဝင်လာသည့်အခါ  ရုရှားကိုတိုက်ရန် ယူကရိန်း၌ လက်နက်အင်အား မကောင်းခဲ့ပေ။ တစ်နည်းဆိုသော် ယူကရိန်း၌ ပစ်အားမရှိခဲ့။ ယခုတစ်ကြိမ်တွင်မူ နိုင်ငံတကာ လက်နက်ထောက်ပံ့မှုများကြောင့် ယူကရိန်းစစ်တပ်သည် ရုရှားကို အကြီးအကျယ်အထိ နာအောင် တိုက်နိုင်နေသည်ကို တွေ့ရသည်။

အမေရိကန်အပါအဝင် နိုင်ငံအများအပြားက ယူကရိန်းကို လက်နက်များ ထောက်ပံ့ပေးခဲ့သည်။ NLAW(Next  generation Light Anti –tank Weaponနှင့် Javelin တင့်ဖျက်ဒုံးများကို ထောက်ပံ့ပေးထားသည်။ NLAW သည် တစ်ကြိမ်သာ အသုံးပြုနိုင်ပြီး သယ်ရလွယ်သော လက်နက် ဖြစ်ကာ မီတာ ၈၀၀ အထိရောက်အောင် ပစ်နိုင်သော မျိုးဆက်သစ် အပေါ့စားတင့်ဖျက် ဒုံးဖြစ်သည်။ Javelin  တင့်ဖျက်ဒုံးသည် ညကြည့်ကင်မရာ တပ်ဆင်ထားကာ ကျည်ပြန်ဖြည့်နိုင်သည့် ခေတ်မီဒုံးပစ်လောင်ချာဖြစ်၍ လေးကီလိုမီတာအထိ ပစ်နိုင်သည်။

တူရကီမှ ဝယ်ထားသည့် TB2 ဒရုန်းများက ရုရှားလေကြောင်း ကာကွယ်ရေးပစ္စည်းများကို ဖျက်ဆီးပစ်ခဲ့ပြီး အမေရိကန်ထုတ်  Stinger လေယာဉ်ပစ် ဒုံးကျည်များကိုလည်း ယူကရိန်းတွင် ဖြန့်ကြက်ထားသည်။ ထို့ပြင် ရုရှားချီစစ် နှေးကွေးသွားစေရန် အဓိကကျသော တံတားများကို ဖျက်ဆီးထားသည်။ ကိယက်ဗ်မြို့စွန်က တံတားနှင့် ဘီလာရုစ်နယ်စပ်က တံတားတို့သည် ဖျက်ဆီးထားသော တံတားများတွင် ပါဝင်သည်။

ထို့ပြင် ယူကရိန်းစစ်တပ်သည် ဒွန်းဘက်စ်ဒေသတွင် ရှစ်နှစ်ကြာ တိုက်ခိုက်ရေး အတွေ့အကြုံကို ရရှိထားရာ အငယ်တန်းစစ် ခေါင်းဆောင်များအနေဖြင့် ဆုံးဖြတ်ချက်ချရာတွင် အထက်ခေါင်းဆောင်များ၊ ဗိုလ်ချုပ်များ၏ အမိန့်များကို စောင့်စရာမလိုဘဲ မိမိတို့ ဘာသာ တွက်ချက် လုပ်ကိုင်ကြသည်ကိုတွေ့ ရသည်။

ရုရှားစစ်တပ်သည်ကား အထက်အမိန့်ကို နာခံရသော စစ်တပ်ဖြစ်ရာ မြန်မြန်ဆန် ဆန်ဆုံးဖြတ်လုပ်ကိုင်ရာတွင် နှောင့်နှေးကြန့် ကြာမှုများရှိနေသည်။ အထူးသဖြင့် သမ္မတ ပူတင်၏ အမိန့်နှင့် ညွှန်ကြားချက်များကို စောင့်ပြီးမှ လှုပ်ရှားရသည့် သဘောဖြစ်နေသည်။

ဥပမာ ကိယက်ဗ်အပြင်ဘက်တွင် ရုရှားယာဉ်တန်းသည် လောင်စာပြတ်ခြင်း၊ စက်ချို့ ယွင်းခြင်းတို့ကြောင့် ရက်အတန်ကြာ ရှေ့မဆက်နိုင်ဖြစ်နေသော်လည်း ရုရှားသည် ပိတ် မိနေသောယာဉ်တန်းစီ တပ်ဖွဲ့များကို ဆက်လက်ဖြည့်စွက်လျက်ရှိရာ ထိုတပ်များအတွက် အန္တရာယ်များက စောင့်နေသလိုရှိသည်။

ချီတက်တိုက်ခိုက်ရသည့် အကြောင်းရင်းများကို ရုရှားထိပ်ပိုင်းခေါင်းဆောင်များ က လျှို့ဝှက်ထားခြင်းမှာ ရုရှားချီစစ်အတွက် နောက်ထပ်အဟန့်အတားတစ်ခု ဖြစ်နေသည်။ စစ်ပွဲဖြစ်ပွားသည့် ပထမဆုံးသီတင်း ပတ်အတွင်းတွင် ယူကရိန်းက ဖမ်းဆီးမိသော ရုရှားစစ်သားများကို မေးမြန်းရာတွင် ၎င်းတို့ အနေဖြင့် ကျူးကျော်မည့်ကိစ္စကို မသိကြဟု ဖြေကြားထားသော အင်တာဗျူးများကို ယူကရိန်းက ထုတ်ပြန်ပေးခဲ့သည်။ ထို့ကြောင့် ယခု စစ်ပွဲအတွက် ရုရှားစစ်တပ်သည် စုစည်းအမှု အပိုင်းအရလည်ကောင်း၊ စိတ်ပိုင်းဆိုင်ရာ အရလည်းကောင်း ပြင်ဆင်ထားခြင်းမရှိဟု ယူဆရသည်။ အစီအမံများက အဆိုပါ အား နည်းချက်များကို ဖြစ်စေသည်မှာ ထင်ရှားသည်။ ရုရှားစစ်သားအချို့မှာ ချီတက်တိုက် ခိုက်မည့် အကြံကို မသိကြဘဲ ယူကရိန်းသို့  စစ်ရေးလေ့ကျင့်ရန်လာသည်ဟု ထင်နေကြသည်ဟုဆိုသည်။

ရုရှားစစ်သားများသည် ဒေါသထွက်နေသော ယူကရိန်းပြည်သူများနှင့် ပက်ပင်းတိုးသည့်အခါ ရုရှားခေါင်းဆောင်ပိုင်းနှင့် အောက်ခြေစစ်သားများအကြား အဆက်အသွယ်ကင်းမဲ့နေပုံ အလွန်ဆိုးရွားကြောင်း သက်သေခံနေသလိုရှိသည်။ ထို့ကြောင့် ရုရှားတင့်ကားများရှေ့တွင် ယူကရိန်းပြည်သူအချို့ ခပ်မိုက်မိုက်ရပ်ကာ အန်တုပုံကိုလည်း မြင်ရသည်။

ယုံကြည်မှုလွန်ကဲခြင်းကလည်း ရုရှား၏ အရာရှိငယ်သားဆက်ဆံရေး(top-down System)၏ နောက်ထပ်ဆိုးရွားသော ရလဒ် တစ်ခုပင်ဖြစ်ပါသည်။ ယူကရိန်းသည် ယူကရိန်းမဟုတ်၊ ရုရှားပင်ဖြစ်သည်ဟု ရုရှားခေါင်းဆောင်ပိုင်းက ၀ါဒဖြန့်လျက်ရှိသည်။ ထို့ကြောင့် ထိုဝါဒဖြန့်မှုများကို နားထောင်သူများမှာ ရုရှားများသာဖြစ်နေသည်။ အိမ်နီးချင်းယူကရိန်းက ရုရှားစစ်တပ်ကို လွတ် မြောက်အောင် လုပ်ပေးသူများအဖြစ် လက်ခံကြလိမ့်မည်ဟု ရုရှားခေါင်းဆောင်ပိုင်းက အထင်ရောက်ခဲ့သည်။

ရုရှားဘက်က စတင်တိုက်ခိုက်လာမည်ကို ယူကရိန်းက သိထားပုံပေါ်သည်။ ထို့အတွက် ယူကရိန်းက အစွမ်းကုန် ပြင်ဆင်ထားပုံရသည်။ စစ်ပွဲဖြစ်လာသောအခါ သမ္မတမှသည် ပြည်သူအထိ ရုရှားအား တက်ညီ လက်ညီ တွန်းလှန်တိုက်ခိုက်နေသည်ကို မြင်ရမည်ဖြစ်သည်။ သို့ဖြစ်ရာ ရုရှားသည် မလွယ်ကူသောစစ်ပွဲကို စစ်တိုက်နေမည် ဆိုပါက ပိုမိုရုပ်ဆိုးအကျည်းတန်သော အနေအထားများ ဖြစ်ပေါ်လာမည်ဖြစ်ရာ ရုရှား ခေါင်းဆောင်ပိုင်းက ယူကရိန်းကျူးကျော်မှုကို အလေးအနက် သုံးသပ်ရန်အချိန်ကျနေပြီဟု ဆိုရမည်ဖြစ်ပါသည်။  ပူတင်အိပ်မက်သည်လည်း ရွှေပြည်တော် မျှော်တိုင်းဝေးနေဦး မည်သာဖြစ်ပါသည်။