ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် တရုတ်၏ စိုးရိမ်မှု

ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် တရုတ်၏ စိုးရိမ်မှု
(Photo : AFP)
(Photo : AFP)
Published 16 March 2022
ဖြိုးဟိန်းကျော်

ယူကရိန်းအား ရုရှားက ကျူးကျော်ခဲ့ပြီးနောက်တွင် တစ်ကမ္ဘာလုံး၏ အာရုံစိုက်မှုသည် အနောက်နိုင်ငံများ၏ တုံ့ပြန်မှုအပေါ်တွင် ရောက်ရှိနေခဲ့သည်။ အမေရိကန်ပြည်ထောင်စုနှင့် မြောက်အတ္တလန္တိတ်စာချုပ်ဝင် နိုင်ငံများအဖွဲ့ (နေတိုး) သည် ယူကရိန်းစစ်မြေပြင်သို့ တပ်ဖွဲ့ဝင်များ စေလွှတ်ခြင်းမရှိသည့်တိုင် ကမ္ဘာ့နိုင်ငံအများအပြားသည် ရုရှားအပေါ် မကြုံဖူးလောက်သည့် ဒဏ်ခတ် အရေးယူမှုများကို ပြင်းပြင်းထန်ထန်ချမှတ်ခဲ့ကာ ယူကရိန်းသို့လည်း စစ်လက်နက်အကူအညီများ ပေးပို့ခဲ့သည်။

ယင်းကဲ့သို့ လုပ်ဆောင်ခြင်းမှ သက်ရောက်မှုနှစ်မျိုးရှိစေပြီး ပထမတစ်မျိုးမှာ ယူကရိန်း၏ ခုခံတွန်းလှန်နိုင်စွမ်းကို အထောက်အကူပေးရန်နှင့် ရုရှား၏ စီးပွားရေးကို ချည့်နဲ့သွားစေရန်ပင်ဖြစ်သည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည်လည်း ရုရှား၏ ပို့ကုန်အမှီပြု စီးပွားရေး၏ ဗဟိုချက်ဖြစ်သည့် ရေနံ တင်ပို့မှုများကို ပစ်မှတ်ထားပိတ်ပင်ကြောင်း မတ်လ ၉ ရက်တွင် ကြေညာခဲ့ပြီးဖြစ်သည်။

ယင်းအပေါ် ရုရှားဘက်မှ ဒေါသတကြီးတုံ့ပြန်ခဲ့ပြီး ၎င်းတို့အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခြင်းသည် စစ်ကြေညာသည့် သဘောပင်ဖြစ်သည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က  ပြောကြားခဲ့သည်။

သို့ရာတွင် အမေရိကန်နှင့် မဟာမိတ်များ၏တုံ့ပြန်မှုသည် ရုရှားအစိုးရ၏ သဘောထားကိုသာမက တရုတ်အစိုးရအပေါ်တွင်လည်း သက်ရောက်မှုရှိစေမည်ဖြစ်ကာ ယင်းသည် အရှေ့အာရှ တည်ငြိမ်မှုအပေါ် ရေရှည် အကျိုးဆက်များ ရှိလာစေမည်ဖြစ်သည်။

အနောက်နိုင်ငံများအနေဖြင့် ကျူးကျော်စစ်ဆင်နွှဲသူအပေါ် စီးပွားရေးနှင့် စစ်ရေးအရ မည်မျှအထိ ပြင်းပြင်းထန်ထန်တုံ့ပြန်ရန် ဆန္ဒ ရှိနေသည်ကို ယူကရိန်း စစ်ပွဲတွင် မြင်တွေ့ခဲ့ရပြီးဖြစ်သည်။ တရုတ်နှင့် ထိုင်ဝမ်အစိုးရတို့သည်လည်း ယူကရိန်းအရေးအား အမေရိကန်၏တုံ့ပြန်ပုံကို ဂရုတစိုက်စောင့်ကြည့် လျက်ရှိသည်။

မကြုံဖူးလောက်သည့် စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုများ

ယေဘုယျအားဖြင့်ဆိုလျှင် ယူကရိန်း စစ်ပွဲကြောင့် တရုတ်သည် သံတမန်ရေးတွင် လုပ်ရကိုင်ရ ခက်ခဲသော အခြေအနေသို့ ရောက်ရှိနေသည်။

တရုတ်အစိုးရသည် ယူကရိန်းအရေးနှင့် စပ်လျဉ်း၍ သတိကြီးစွာ တုံ့ပြန်ဆောင်ရွက်နေရသည်။ စစ်အေးခေတ် နိုင်ငံရေးနှင့် စစ်ရေးမဟာမိတ်များထက် သာလွန်သော ကန့်သတ်ချက်ကင်းမဲ့သည့် နှစ်ပြည်ထောင် ချစ် ကြည်ရင်းနှီးမှုအဖြစ် ဖော်ညွှန်းထားသည့် ပိုမိုခိုင်မာအားကောင်းလာသော ရုရှားနိုင်ငံ နှင့်ဆက်ဆံရေးကို ထိန်းသိမ်းရန် တရုတ်အနေဖြင့် ဆန္ဒပြင်းပြနေသည်။ တစ်ဖက်တွင်လည်း တရုတ်သည် ၎င်းတို့ ဆယ်စုနှစ်များစွာ တိုင်အောင် သံခင်းတမန်ခင်း နယ်ပယ်တွင် ကိုင်စွဲခဲ့သော တိုင်းပြည်တစ်ပြည်၏ အချုပ် အခြာအာဏာပိုင်ဆိုင်မှုကို အလေးထားသည့် မူဝါဒကိုလည်း ဂရုပြုထိန်းသိမ်းနေရသည်။    

တရုတ်အစိုးရအတွက် သံတမန်ရေးထက် ပို၍စိုးရိမ်စရာကောင်းသည့်အချက်မှာ ကျယ်ပြန့်သော စီးပွားရေးအရ တုံ့ပြန်မှုများကို မြန်ဆန်ထိရောက်စွာဖြင့် တညီတညွတ်တည်း ချမှတ်လုပ်ဆောင်ခြင်းပင်ဖြစ်သည်။

ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပင် အမေရိကန်ပြည်ထောင်စုသည် ဥရောပနှင့် အခြားမဟာမိတ်နိုင်ငံများကို ဦးဆောင်ဦးရွက်ပြုကာ ကျယ်ပြန့်သည့် ဒဏ်ခတ်ပိတ်ဆို့မှုအများအပြားကို မြန်မြန်ဆန်ဆန်ချမှတ်နိုင်ခဲ့သည်။

လူပုဂ္ဂိုလ် တစ်ဦးချင်းအလိုက် ဒဏ်ခတ် အရေးယူခြင်းနှင့် ပို့ကုန်ထိန်းချုပ်ခြင်းတို့အပြင် ကမ္ဘာ့နိုင်ငံများ၏ ဝေဟင်ပိုင်နက်များထဲသို့ ရုရှားအား ဝင်ရောက်ခွင့် ပိတ်ပင်ခြင်းကို လည်း ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ကာ ရုရှား၏ ဘဏ္ဍာရေးစနစ်တစ်ခုလုံးကိုပါ ယိုင်နဲ့သွားစေရန် လုပ်ဆောင်ခဲ့သည်။

ရုရှား၏ အဓိကဘဏ်များကို ကမ္ဘာလုံးဆိုင်ရာ ငွေပေးချေမှုစနစ် (SWIFT) မှ ဖယ်ထုတ်ခြင်းနှင့် ရုရှားငွေရေးကြေးရေးအဖွဲ့အစည်းအချို့ကို ဒဏ်ခတ်အရေးယူခြင်းတို့ လုပ်ဆောင်ခဲ့ပြီး အထင်ရှားဆုံးလုပ်ရပ်အဖြစ်  ရုရှားဗဟိုဘဏ်အပေါ် ကန့်သတ်ပိတ်ပင်မှုများ ချမှတ်ခဲ့သည့်အတွက် ယခုကဲ့သို့ အကျပ်အတည်းကာလတွင် နိုင်ငံသုံးငွေကြေးနှင့် စီးပွားရေးကို ကျားကန်ရန် ရုရှားအနေဖြင့် သီး သန့်အရန်ငွေအဖြစ်ထားရှိသည့် အမေရိကန်ဒေါ်လာ ဘီလျံ ၆၄၀ ၏ထက်ဝက်ကို ထုတ်ယူ သုံးစွဲခွင့်ရတော့မည်မဟုတ်ပေ။

ယခုဆိုလျှင် အမေရိကန်ဒေါ်လာ ၁.၅ ထရီလျံရှိသည့် ရုရှား၏စီးပွားရေးသည် ကြီးမားသော တုံ့ဆိုင်းကျဆင်းမှုနှင့် ရင်ဆိုင်နေရပြီး ရူဘယ်ငွေကြေးသည်လည်း အကြီးအကျယ်ထိုးကျသွားကာ မော်စကို စတော့စျေးကွက်ကိုလည်း ပိတ်ထားရဆဲဖြစ်သည်။ ကျယ်ပြန့်သော ပို့ကုန်ထိန်းချုပ်မှုများဆီသို့ ဦးတည်သော ပိတ်ဆို့အရေးယူမှုများနှင့် ဝယ်လိုအား သိသိသာသာကျဆင်းလာသည့် အခြေအနေတို့ကြောင့်လည်း ရုရှား၏ ပို့ကုန်ကဏ္ဍသည် ခန်းခြောက်လာသကဲ့သို့ ရုရှားလေကြောင်းလိုင်းများသည်လည်း နိုင်ငံတကာသို့ လေ ကြောင်းခရီးစဉ်ပြေးဆွဲမှုများကို အကြီးအကျယ် လျှော့ချထားရသည်။

ထိုအခြေအနေများသည် ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ တရုတ်၏ မူဝါဒပိုင်းဆိုင်ရာ သဘောထားတင်းမာသူများအတွက် အလေးအနက် စဉ်းစားစရာဖြစ်လာစေမည်ဖြစ်သည်။ တရုတ်အပေါ် ယင်းဒဏ်ခတ်အရေးယူမှုစနစ်ကိုပင် ကျင့်သုံးမည်ဆိုပါက အလွန်ကြီးမားသောသက်ရောက်မှုများရှိလာနိုင်ပြီး စိုး ရိမ်ဖွယ်အလုပ်လက်မဲ့အခြေအနေနှင့် နိုင်ငံသုံးငွေကြေးအကျပ်အတည်းများဆီသို့ ဦးတည်စေနိုင်သည်။ ထို့အပြင် တစ်ကမ္ဘာလုံးကို သြဇာဖြန့်ကြက်ကာ အကျိုးစီးပွား ချဲ့ထွင်မည့် တရုတ်၏ မျှော်မှန်းချက်ကိုလည်း ထိခိုက်စေလိမ့်မည်ဖြစ်သည်။

တရုတ်၏ စီးပွားရေးသည် ရုရှားထက် ဆယ်ဆပိုကြီးမားသကဲ့သို့  ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတွင် ဘက်ပေါင်းစုံမှ ပေါင်းစည်း ချိတ်ဆက်မှုသည်လည်း များစွာပိုမိုကျယ်ပြန့်နေသဖြင့် အဆိုပါဒဏ်ခတ်ပိတ်ဆို့မှုစနစ်ကြောင့် စီးပွားရေးအင်အားကြီး အနောက်နိုင်ငံများအပေါ် တန်ပြန်သက်ရောက်မှုသည် ပိုမိုကျယ်ပြန့် နက်ရှိုင်းလိမ့်မည်ဖြစ်သည်။

နျူကလီးယား လက်နက်အင်အား

အခြားရှုထောင့်မှကြည့်လျှင် ယူကရိန်း၌ လေယာဉ်မပျံသန်းရနယ်မြေသတ်မှတ်ရန် အမေရိကန်နှင့် နေတိုးမဟာမိတ်အဖွဲ့ကငြင်းဆိုမှုသည် ထိုင်ဝမ်အရေးတွင်လည်း အမေရိကန်က တပ်ဖွဲ့ဝင်များစေလွှတ်ခြင်း နှင့် ပတ်သက်၍ သတိဖြင့် ကိုယ်တွယ်လုပ် ဆောင်လိမ့်မည်ဟု ယုံကြည်နေသူများကို အားတက်စေလိမ့်မည်ဖြစ်သည်။

အမေရိကန်အနေဖြင့် ယူကရိန်းစစ်ပွဲတွင် စစ်ရေးအရ တိုက်ရိုက်ပါဝင်ပတ်သက်မှုကို လက်ရှောင်နေခဲ့သည့် သိသာထင်ရှားသောအကြောင်းရင်းမှာ ရုရှား၏ ကြီးမားသော နျူကလီးယားလက်နက်အင်အား ကြောင့်ပင်ဖြစ်သည်။

တရုတ်သည်လည်း ၎င်း၏နျူကလီးယား လက်နက်အင်အားကို အကြီးအကျယ် အဆင့်မြှင့်တင်ရန် တစ်စိုက်မတ်မတ်လုပ်ဆောင်လျက်ရှိရာ ယင်းအခြေအနေသည် အနောက် အင်အားကြီးနိုင်ငံများအတွက် အလေးအနက်ထည့်သွင်းစဉ်းစားစရာ ဖြစ်လာနိုင်ပေသည်။

ပကတိအခြေအနေအရ အမေရိကန်ပြည်ထောင်စုသည် ၁၉၇၉ ခုနှစ်တွင် ထိုင်ဝမ် ဆက်ဆံရေး အက်ဥပဒေကို အတည်ပြုခဲ့ပြီး နောက်ပိုင်းတွင် ထိုင်ဝမ်ရေလက်ကြားဒေသ၌ ၎င်း၏အခန်းကဏ္ဍနှင့်ပတ်သက်၍ မူဝါဒဆိုင်ရာ အာမခံချက်နှင့် ရပ်တည်ကာကွယ် ပြောဆိုခြင်းကို ယူကရိန်းအရေးထက် ပိုမို အလေးပေးလုပ်ဆောင်ခဲ့သည်ကို မြင်တွေ့ ရမည်ဖြစ်သည်။

အမေရိကန်နှင့် နေတိုးမဟာမိတ်နိုင်ငံများသည် ယူကရိန်းကို အထောက်အကူပေးရန်အတွက် လက်ရှိအချိန်အထိ တင့်ဖျက်ဒုံးကျည် ၁၇ç၀၀၀ ခန့်နှင့် လေယာဉ်ပစ် ဒုံးကျည် ၂ç၀၀၀ ခန့်ကို ပေးပို့ထားပြီးဖြစ်ကြောင်း အမေရိကန်အစိုးရ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ယူကရိန်းက ယင်းလက်နက်များကို အသုံးပြုလျက် ရုရှားကို ကျားကုတ် ကျားခဲခုခံတွန်းလှန်နေပြီး ထောက်ပံ့ရေးလမ်း ကြောင်းများကို နှောင့်ယှက်တိုက်ခိုက်ခြင်းဖြင့် ရုရှား၏ ထောက်ပံ့အုပ်ချုပ်မှုယန္တရားကို အားနည်းသွားစေရန် လုပ်ဆောင်လျက်ရှိသည်။

ထို့ကြောင့်လည်း ရုရှားသည် ယူကရိန်းစစ်ပွဲ တွင် လျင်မြန်စွာအောင်ပွဲခံနိုင်ခြင်းမရှိဘဲ ထိုးစစ်ဆင်မှုအချို့ ရပ်တန့်နေကာ အခြားသော ထိုးစစ်ဆင်မှုများသည်လည်း သွေးထွက် သံယိုများပြားသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

ယူကရိန်းနှင့် ထိုင်ဝမ်အကြား ကွာခြားမှု

ရုရှား၏ ယူကရိန်းအား ထိုးစစ်ဆင်တိုက်ခိုက်မှုအပေါ် အနောက်နိုင်ငံများ၏ တုံ့ပြန်မှုကို တရုတ်နှင့် ထိုင်ဝမ်၏ ရှုထောင့်မှကြည့်လျှင် အဓိပ္ပာယ်ကောက်ယူရန်ခက်သည့် လက္ခဏာများကို မြင်တွေ့ရမည်ဖြစ်သည်။

အမေရိကန်နှင့် မဟာမိတ်များက ယူကရိန်းသို့ တပ်ဖွဲ့ဝင်များ စေလွှတ်ခြင်းမရှိဘဲ ရုရှားအပေါ် စီးပွားရေးအရ တုံ့ပြန်မှုများကို တညီတညွတ်တည်း လုပ်ဆောင်ခဲ့သော်လည်း ထိုင်ဝမ်အရေးတွင်မူ အလားတူပုံစံ အတိုင်း တုံ့ပြန်လာခြင်း ရှိ၊မရှိကို တစ်ထစ်ချ တွက်ဆနိုင်မည်မဟုတ်ပေ။

ယူကရိန်းနှင့် ထိုင်ဝမ်၏ အခြေအနေတွင် သိသာထင်ရှားသော ကွာခြားချက်များ ရှိနေသည်။ အဓိကကွာခြားချက်မှာ ယူကရိန်းသည် ကုလသမဂ္ဂအဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုခံထားရသော လွတ်လပ်သည့်အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ ဖြစ်သော်လည်း ထိုင်ဝမ်သည် ကမ္ဘာ့နိုင်ငံ ၁၄ နိုင်ငံနှင့်သာ တရားဝင်သံတမန်ဆက်ဆံရေး ထူထောင်ထားပြီး မကြာသေးမီကလည်း နီကာရာဂွါ နိုင်ငံက ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်ကာ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ပြောင်းလဲအသိအမှတ်ပြုခဲ့သည်။

ယင်းကဲ့သို့ မရေရာမှုများနှင့် မဟာဗျူဟာပိုင်းဆိုင်ရာ ရှုပ်ထွေးမှုများရှိနေပြီး ထိုင်ဝမ်ရေ လက်ကြားဖြတ်ကျော် ဆက်ဆံရေးတင်းမာနေကာ စစ်ရေးသဘောသက်ဝင်သည့် အခြေအနေမြင့်တက်လာချိန်တွင် တရုတ်နှင့် ထိုင်ဝမ်တို့သည် ကာကွယ်ရေးကဏ္ဍ၌ ရင်းနှီးသုံးစွဲမှုများကို အရှိန်အဟုန်မပျက် လုပ်ဆောင်လျက်ရှိသည်။ တရုတ်သည် ၎င်း၏ကာကွယ်ရေး ဘတ်ဂျက်ကို ၇.၁ ရာခိုင်နှုန်းတိုးမြှင့်ကာ အမေရိကန်ဒေါ်လာ ဘီလျံ ၂၃၀ အထိ သုံးစွဲမည်ဖြစ်ကြောင်း မကြာသေးမီကပင် ကြေညာခဲ့သည်။    

 

Ref :CNA