နိုင်ငံရေးအမူအကျင့်သဘောတရား

နိုင်ငံရေးအမူအကျင့်သဘောတရား
Published 9 March 2022

နိုင်ငံရေးသိပ္ပံ၏ ရှုထောင့်တစ်ရပ်အဖြစ်ကြည့်ပါက နိုင်ငံရေးအမူအကျင့်ဆိုင်ရာ သဘောတရားများသည် လူပုဂ္ဂိုလ်တစ်ဦး၏ နိုင်ငံရေးဆိုင်ရာအမြင်များ၊ အိုင်ဒီယိုလိုဂျီများနှင့် နိုင်ငံရေး၌ ပါဝင်မှုအဆင့်များအပေါ် ပြဋ္ဌာန်းသည့် သြဇာသက်ရောက်မှုများကို ရှင်းပြရန်နှင့် တိုင်းတာရန် ကြိုးပမ်းခြင်းဖြစ်သည်။ ပို၍ကျယ်ပြန့်စွာဆိုရလျှင် လူပုဂ္ဂိုလ်တစ်ဦးချင်း သို့မဟုတ် အုပ်စုလိုက်သည် အခြားတစ်ဦးချင်း သို့မဟုတ် အုပ်စုလိုက်၏ သြဇာသက်ရောက်မှုကို ခံယူခြင်း သို့မဟုတ် ယင်းကဲ့သို့သော သက်ရောက်မှုမှ ရုန်းထွက်ခြင်းနှင့်ဆိုင်သော အမူအကျင့်များကို ဆိုလိုသည်။ နိုင်ငံရေးအမူအကျင့်သည် နိုင်ငံရေးနှင့် အာဏာ တို့ပါဝင်သော လူသားတို့၏ အမူအကျင့်တစ်မျိုးပင်ဖြစ်သည်။

ရေရှည်အကျိုးသက်ရောက်မှုများကို ဖြစ်စေသော နိုင်ငံရေးဦးတည်ချက်ကို ပုံသွင်းသည့် သြဇာသက်ရောက်မှု အဓိကရင်းမြစ်သုံးမျိုးရှိသည်။ ပထမဆုံးသြဇာသက်ရောက်မှု ရင်းမြစ်သည် မိသားစုမှ အစပြုသည်။ ကလေးများသည် ၎င်းတို့မိဘများ၏ အိုင်ဒီယိုလိုဂျီဆိုင်ရာ စံတန်ဖိုးများကို ဆက်ခံလေ့ရှိသည်။ အချို့သော သဘောတရားရေးရာဆရာများက မိသားစုသည် ဘဝတစ်လျှောက်လုံး တည်ရှိနေသည့် သြဇာအကြီးဆုံး အားတစ်ရပ်ဖြစ်သည် ဟု ဆိုကြသည်။ ဒုတိယရင်းမြစ်အနေဖြင့် ဆရာများနှင့် အခြားပညာပေးပုဂ္ဂိုလ်များသည် နိုင်ငံရေးဦးတည်ချက်အပေါ် အရေးပါသော သက်ရောက်မှုအဖြစ် ရှိနေသည်။ အသက် ငါးနှစ်မှ ၁၈ နှစ်အတွင်း ကလေးများသည် ၎င်းတို့ဘဝ၏အချိန် ၂၅ ရာခိုင်နှုန်းခန့်ကို ပညာရေးလုပ်ငန်းစဉ်များ၌ ပါဝင်လျက် ကုန်ဆုံးကြရသည်။ အလယ်တန်းလွန် ပညာရေး က နိုင်ငံရေးအသိနှင့် နိုင်ငံရေးဦးတည်ချက်တို့အပေါ် သိသာထင်ရှားသော သက်ရောက်မှုရှိသည်။ လူတစ်ဦးချင်း၏ ကလေးဘဝနှင့် မြီးကောင်ပေါက်အရွယ်တို့သည် ပုံသွင်းရ အလွယ်ဆုံးအရွယ်များ ဖြစ်ကြသည်။ တတိယရင်းမြစ်အနေဖြင့် သက်တူရွယ်တူ အပေါင်း အဖော်များသည်လည်း နိုင်ငံရေးဦးတည်ချက်အပေါ် သက်ရောက်မှုရှိသည်။ သူငယ်ချင်း အပေါင်းအသင်းများသည် အခြားလူတစ်ဦးအား လူ့အဖွဲ့အစည်းဆိုင်ရာအကြောင်းအရာများ၌ မတူကွဲပြားသော အမူအကျင့်များကို ဖြည်းဖြည်းချင်း ဖွံ့ဖြိုးလာစေနိုင်သည်။ ပေါင်းသင်းဆက်ဆံရေးသည် လူတစ်ဦးအတွက် အနာဂတ်၌ အသုံးဝင်လာမည့် ဗဟုသုတများ၊ အလေ့အထများနှင့် စံထားမှုများ ရရှိလာစေနိုင်သည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။ ယင်းသည် အနာဂတ် အိုင်ဒီယိုလိုဂျီဖွံ့ဖြိုးမှုအပေါ် သက်ရောက်ခြင်းနှင့် လှုံ့ဆော်ခြင်းတို့ ဖြစ်စေနိုင်သည်။

ရေတိုအကြောင်းခြင်းရာများကလည်း နိုင်ငံရေးဆိုင်ရာ အမူအကျင့်အပေါ် သက်ရောက်မှုရှိနိုင်သည်။ မီဒီယာများနှင့် ရွေးကောက်ပွဲဆိုင်ရာအကြောင်းအရာတစ်ခုချင်းသည် ယင်းအကြောင်းခြင်းရာများထဲတွင် ပါဝင်သည်။ ယင်းအကြောင်းခြင်းရာများသည် ရေတိုသာခံသောကြောင့် ရေရှည်ခံအကြောင်းခြင်းရာများနှင့် ကွဲပြားခြားနားသည်။ သို့သော် နိုင်ငံရေးဦးတည်ချက်အပေါ် အထူးပြုရာ၌ ၎င်းတို့က အရေးကြီးလှသည်။ အဆိုပါရင်းမြစ် နှစ်ရပ်သည် ရေရှည်အကြောင်းခြင်းရာများက ဖွဲ့စည်းပေးခဲ့သော သက်ဆိုင်ရာနိုင်ငံရေး အိုင်ဒီယိုလိုဂျီအပေါ် မူတည်လျက် ဖွင့်ဆိုရှင်းပြမှု ပြုလုပ်ပေးနိုင်သည်။ လူထုမီဒီယာများသည် မဲပေးခြင်းဆိုင်ရာအမူအကျင့်အပေါ် ကြီးမားသော ရိုက်ခတ်ချက်ရှိသည်ဟု နိုင်ငံရေး သိပ္ပံပညာရှင်အများစုက သဘောတူကြသည်။ လူထုမီဒီယာများနှင့် ပတ်သက်သော အင်စတီကျူးရှင်းများသည် ခေတ်ပြိုင်နိုင်ငံရေးနှင့် ပတ်သက်၍ အရေးကြီးကြောင်းကိုလည်း သဘောတူကြသည်။ ဒုတိယအကြောင်းခြင်းရာဖြစ်သည့် ရွေးကောက်ပွဲဆိုင်ရာအကြောင်းခြင်းရာတွင် မဲဆွယ်ပွဲဆိုင်ရာအကြောင်းအရာများ၊ ဒီဘိတ်များနှင့် စီးပွားရေးဆိုင်ရာကိစ္စများ ပါဝင်သည်။ ရွေးကောက်ပွဲကျင်းပသောနှစ်များနှင့် နိုင်ငံရေးမဲဆွယ်မှုများသည် သက် ဆိုင်ရာကိုယ်စားလှယ်လောင်းအပေါ် မူတည်လျက် နိုင်ငံရေးဆိုင်ရာ အမူအကျင့်များကို တစ်စုံတစ်ရာ ပြောင်းလဲစေနိုင်သည်။ သို့သော် မဲဆန္ဒရှင်များအပေါ် သြဇာလွှမ်းမိုးမှု၌ ထိရောက်မှုအဆင့်အမျိုးမျိုး ကွဲပြားခြားနားနိုင်သည်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံ၏အနာဂတ်နိုင်ငံရေး လမ်းကြောင်းကို ကောင်းမွန်သည့် ဘက်သို့ ဦးတည်စေရေး ပုံသွင်းနိုင်ရန် နိုင်ငံရေးအမူအကျင့်များအပေါ် သြဇာသက်ရောက် သော ရေရှည်နှင့် ရေတိုအကြောင်းခြင်းရာများအား စနစ်တကျလေ့လာရန် လိုအပ်ပါ ကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

မတ် ၁ဝရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent