၁၉၉၁ ခုနှစ်နောက်ပိုင်း ယူကရိန်း၏ လှိုင်းကြီးလေထန်သမိုင်း

၁၉၉၁ ခုနှစ်နောက်ပိုင်း ယူကရိန်း၏ လှိုင်းကြီးလေထန်သမိုင်း
Published 28 February 2022
နရီမင်း

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းအရှေ့ပိုင်း၌ ‘အထူးစစ်ဆင်ရေးတစ်ရပ်’ ဟု ခေါ်ဆိုသည့်အရာကို အမိန့်ပေးလိုက်ပြီး မကြာမီ ဖေဖော်ဝါရီ ၂၄ ရက်တွင် ရုရှားတပ်များက ယူကရိန်းမြို့ကြီးများစွာကို ဒုံးကျည်များဖြင့် ပစ်ခတ်ကာ ယူကရိန်းနိုင်ငံတောင်ပိုင်းကမ်းရိုးတန်းသို့ တပ်ဖွဲ့များ ဝင်ရောက်ခြင်းဖြင့် စစ်ကို စတင်လိုက်သည်။

စစ်ပွဲဖြစ်ပွားလာပုံနှင့်ပတ်သက်၍ နားလည်သဘောပေါက်ရေးအတွက် အထောက်အကူပြုနိုင်စေရန် ၁၉၉၁ ခုနှစ်၌ လွတ်လပ်ရေးရခဲ့ပြီးနောက်ပိုင်း ယူကရိန်းနိုင်ငံရေးသမိုင်း၌ ထင်ရှားသည့် ဖြစ်ရပ်များကို အကျဉ်းချုံး ဖော်ပြအပ်ပါသည်။

၁၉၉၁ - ဆိုဗီယက်ယူနီယံ၏ ယူကရိန်းခေါင်းဆောင် လီယိုနစ်ခရက်ချော့က ရုရှားတို့ထံမှ လွတ်လပ်ရေး ရရှိကြောင်း ကြေညာခဲ့သည်။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့် သမ္မတ ရွေးကောက်ပွဲပြုလုပ်ပြီး ယူကရိန်းပြည်သူများက လွတ်လပ်ရေးကို အတည်ပြုကာ  ခရက်ချော့ကို သမ္မတအဖြစ် တင်မြှောက်ခဲ့သည်။

၁၉၉၄ - လေ့လာသူများက လွတ်လပ်ပြီး မျှတပါသည်ဟု အကျယ်အပြန့် လက်ခံကြသော သမ္မတရွေးကောက်ပွဲတွင် လီယိုနစ်ကူချမာက ခရက်ချော့ကို အနိုင်ရခဲ့သည်။

၁၉၉၉ - မူမမှန်မှုများနှင့် ရှုပ်ထွေးနေသော ရွေးကောက်ပွဲ မဲပေးမှုများဖြင့် ကူချမာ ပြန်လည်ရွေးကောက်ခံရသည်။

၂၀၀၄ - ရုရှားလိုလားသူ ဗစ်တာယာနူကိုဗစ်ကို သမ္မတအဖြစ် ကြေညာခဲ့သော်လည်း မဲမသမာမှုများ ရှိခဲ့သည်ဟူသော စွပ်စွဲချက်များက ဆန္ဒပြပွဲများကို ဖြစ်ပေါ်စေခဲ့သည်။ ယင်းလှုပ်ရှားမှုများကို ‘လိမ္မော်ရောင်တော်လှန်ရေး’ (Orange Revolution) ဟု လူသိများပြီး ရွေးကောက်ပွဲကို ပြန်လည်ပြုလုပ်ပေးခဲ့ရကာ အနောက်အုပ်စုလိုလားသူ ဝန်ကြီးချုပ်ဟောင်း ဗစ်တာယူရှင်ကို သမ္မတ ဖြစ်လာသည်။

၂၀၀၅ - ယူရှင်ကိုက အာဏာရယူခဲ့စဉ် ယူကရိန်းကို ရုရှားလွှမ်းမိုးမှုမှ ရုန်းထွက်ကာ NATO နှင့် EU အဖွဲ့တို့ဆီ ဦးတည်မည်ဟု ကတိပြုခဲ့သည်။ ယူရှင်ကိုသည် စွမ်းအင်ကုမ္ပဏီသူဌေးမ ယူလီယာတီမိုရှင်ကိုအား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သော်လည်း အနောက်အုပ်စုလိုလားသည့် ဂိုဏ်းထဲမှာပင် အချင်းများခဲ့ကြပြီးနောက် ထုတ်ပယ်ခဲ့သည်။

၂၀၀၈ - NATO က ယူကရိန်းအား တစ်ချိန်ချိန်တွင် အဖွဲ့ဝင်ဖြစ်လာစေရမည်ဟု ကတိပေးခဲ့သည်။

၂၀၁၀ - ယာနူကိုဗစ်သည် သမ္မတရွေးကောက်ပွဲတွင် တီမိုရှင်ကိုအား အနိုင်ရခဲ့သည်။ ရုရှားနှင့် ယူကရိန်းတို့ ရေနံ/သဘာဝ ဓာတ်ငွေ့စျေးနှုန်းဆိုင်ရာ သဘောတူညီချက်ရရှိခဲ့ပြီး အပေးအယူသဘောအရ ယူကရိန်းပိုင် ပင်လယ်နက်ဆိပ်ကမ်းတစ်ခုအား ရုရှားရေတပ်က ငှားရမ်းထားမှုစာချုပ်ကို သက်တမ်းတိုးပေးခဲ့သည်။

၂၀၁၃ - ယာနူကိုဗစ်အစိုးရအဖွဲ့သည် နိုဝင်ဘာလတွင် ဥရောပသမဂ္ဂ (EU) နှင့် ကုန်သွယ်ရေး၊ အဖွဲ့အစည်းအရေး ဆွေးနွေးပွဲများကို ရပ်ဆိုင်းခဲ့ပြီး ရုရှားနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်အသက်သွင်းရန်သာ ရွေးချယ်ခဲ့ရာ ကိဗ်မြို့တွင် လူထုဆန္ဒပြပွဲများ လနှင့်ချီ ဖြစ်ပွားခဲ့သည်။

၂၀၁၄ - ကိဗ်မြို့ Maidan ရင်ပြင်တစ်ဝိုက်၌ အဓိကထားပြုလုပ်သော ဆန္ဒပြပွဲများသည် အကြမ်းဖက်မှုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ဒါဇင်နှင့်ချီသည့် ဆန္ဒပြသူများ သေဆုံးခဲ့ရသည်။

၂၀၁၄၊ ဖေဖော်ဝါရီ - ပါလီမန်က ယာနူကိုဗစ်ကို ရာထူးမှ ဖယ်ရှားရန် မဲပေးခဲ့ပြီး ယာနူကိုဗစ် ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။ ရက်ပိုင်းအကြာတွင် ယူကရိန်းအပိုင် ခရိုင်းမီးယားဒေသမှ ပါလီမန်ကို လက်နက်ကိုင်လူတစ်စုက သိမ်းပိုက်ခဲ့ပြီး ရုရှားနိုင်ငံအလံ လွှင့်ထူခဲ့သည်။ မတ် ၁၆ ရက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၌ ခရိုင်းမီးယားကို ရုရှားနိုင်ငံသို့ ပူးပေါင်းရေးက အနိုင်ရရှိခဲ့ပြီးနောက် ရုရှားသည် ခရိုင်းမီးယားကို ၎င်းပိုင်နက်အတွင်း သွတ်သွင်းခဲ့သည်။

၂၀၁၄၊ ဧပြီ - ယူကရိန်းအရှေ့ပိုင်း ဒွန်ဘက်စ်ဒေသမှ ရုရှားလိုလားသော ခွဲထွက်ရေးသမားများက လွတ်လပ်ရေး ကြေညာခဲ့သည်။ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး မကြာခဏ အပစ်အခတ်ရပ်စဲကြောင်း ကြေညာလေ့ရှိသော်လည်း ၂၀၂၂ ခုနှစ်အထိတိုင် တိုက်ပွဲများ ပြတ်တောင်းပြတ်တောင်း ဖြစ်ပွားနေဆဲဖြစ်သည်။

၂၀၁၄၊ မေ - အနောက်တိုင်းလိုလားမှု အာဂျင်ဒါကို ကိုင်စွဲလျက် လုပ်ငန်းရှင်သူဌေး ပက်ထရိုပိုရိုရှင်ကိုသည် သမ္မတရွေးကောက်ပွဲ၌ အနိုင်ရခဲ့သည်။

၂၀၁၄၊ ဇူလိုင် - အမ်စတာဒမ်မှ ကွာလာလမ်ပူသို့ ပျံသန်းလာသည့် ခရီးသည်တင်လေယာဉ် MH17 သည် ယူကရိန်းအရှေ့ပိုင်းကို ဖြတ်ကျော်ပျံသန်းစဉ် ဒုံးကျည်ဖြင့် ပစ်ချခံရပြီး လေယာဉ်ပေါ် လိုက်ပါလာသူ ၂၉၈ ဦးစလုံး သေဆုံးခဲ့ရသည်။ စုံစမ်းစစ်ဆေးသူများ က ရုရှားနိုင်ငံလုပ် Buk ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု တွေ့ရှိရကြောင်း ဖော်ထုတ်ခဲ့သော်လည်း ရုရှားက ၎င်းပါဝင်ပတ်သက်သည်ဆိုခြင်းကို ငြင်းဆိုခဲ့သည်။

၂၀၁၇ - ယူကရိန်းနှင့် EU တို့အကြား ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက် တစ်ရပ်ရရှိခဲ့ပြီး ကုန်ပစ္စည်းများနှင့်ဝန်ဆောင်မှုများ လွတ်လပ်စွာ ကုန်သွယ်ရေးအတွက် စျေးကွက်များ ဖွင့်လှစ်ပေးခဲ့သည့်အပြင် ယူကရိန်းနိုင်ငံသားများအနေဖြင့် EU နိုင်ငံများသို့ ဗီဇာမလိုဘဲ ခရီးသွားလာခွင့်ပါ ရရှိခဲ့သည်။

၂၀၁၉ - ယူကရိန်း Orthodox အသင်းတော်သစ်သည် တရားဝင် အသိအမှတ်ပြုခံရမှုကို ရရှိခဲ့ပြီး ယင်းက ရုရှားကို ဒေါသထွက်စေခဲ့သည်။

ဟာသသရုပ်ဆောင်ဟောင်း ဗိုလိုဒီမာဇယ်လန်းစကီးသည် ဧပြီသမ္မတရွေးကောက်ပွဲတွင် ‘အဂတိလိုက်စားမှုများကို ကိုင်တွယ်မည်’၊ ‘ယူကရိန်းအရှေ့ပိုင်းမှ စစ်ပွဲများကို အဆုံးသတ်မည်’ ဟူသည့် ကတိများနှင့်အတူ ပိုရိုရှင်ကိုအား အနိုင်ရခဲ့သည်။ ဇယ်လန်းစကီး၏ Servant of the People ပါတီသည်လည်း ဇူလိုင်ပါလီမန်ရွေးကောက်ပွဲ၌ အနိုင်ရခဲ့သည်။

ဇူလိုင်လတွင် အမေရိကန်သမ္မတ ‌ဒေါ်နယ်ထရန့်က ဇယ်လန်းစကီးအား သူ၏ သမ္မတရွေးကောက်ပွဲပြိုင်ဘက် ဂျိုးဘိုင်ဒင်နှင့် သူ၏သားဖြစ်သူ ဟန်းတားတို့ကို ယူကရိန်း၌ လုပ်ငန်းဆိုင်ရာ မသမာမှုများ ပြုလုပ်ခဲ့နိုင်ခြေရှိမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုပြုလုပ်ခိုင်းခဲ့သည်။ ယင်းကဲ့သို့ပြုလုပ်ခိုင်းမှုက ထရန့်အား အယုံအကြည်မရှိအဆိုဖြင့် ဖြုတ်ချရန် ကြိုးပမ်းမှုကို မအောင်မမြင်ဖြစ်သွားစေခဲ့သည်။

၂၀၂၀၊ မတ် - COVID-19 ကို ထိန်းချုပ်ရန်အတွက် ယူကရိန်းနိုင်ငံအနေဖြင့် ပထမဆုံး Lockdown ချခဲ့သည်။

၂၀၂၀၊ ဇွန် - ကပ်ရောဂါကြောင့်ဖြစ်ပွားသော စီးပွားရေးဆုတ်ယုတ်မှုကာလအတွင်း အကြွေးတင်နေမှုများမှ ရုန်းထွက်နိုင်စေရန် IMF က ယူကရိန်းအား ကယ်ဆယ်ရေးရန်ပုံငွေ အမေရိကန်ဒေါ်လာ ငါးဘီလျံ အတည်ပြုပေးခဲ့သည်။

၂၀၂၁၊ ဇန်နဝါရီ- ယူကရိန်းအား NATO အဖွဲ့သို့ ဝင်ခွင့်ပြုရေးအတွက် ဇယ်လန်းစကီးက ယခုအခါ အမေရိကန်သမ္မတဖြစ်လာသော ဘိုင်ဒင်ကို မေတ္တာရပ်ခံခဲ့သည်။

၂၀၂၁၊ ဖေဖော်ဝါရီ - ဇယ်လန်းစကီး၏အစိုးရအဖွဲ့က ရုရှား၏ အထင်ရှားဆုံး ယူကရိန်းမဟာမိတ်ဖြစ်သော အတိုက်အခံခေါင်း‌ဆောင် ဗစ်တာမက်ဗီချော့ကို ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။

၂၀၂၁၊ နွေဦး - စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန်ဟုဆိုကာ ရုရှားက ယူကရိန်းနှင့် နယ်စပ်အနီး၌ တပ်များ အလုံးအရင်း ချထားခဲ့သည်။

၂၀၂၁၊ အောက်တိုဘာ - ယူကရိန်းက ၎င်းနိုင်ငံ၏အရှေ့ပိုင်းတွင် တူရကီလုပ်  Bayraktar TB2 ဒရုန်းကို အသုံးပြုခဲ့ပြီး ရုရှားကို ဒေါသထွက်စေခဲ့သည်။

၂၀၂၁၊ ဆောင်းဦး - ရုရှားက ယူကရိန်းအနီးတွင် တပ်များကို အလုံးအရင်းဖြင့် ချထားပြန်သည်။

၂၀၂၁၊ ဒီဇင်ဘာ ၇ - ယူကရိန်းကို ကျူးကျော်ပါက အနောက်တိုင်းတစ်ခုလုံးအနေဖြင့် စီးပွားရေးပိတ်ဆို့မှုများ ချမှတ်မည်ဟု ဘိုင်ဒင်က ရုရှားကို သတိပေးခဲ့သည်။

ဒီဇင်ဘာ ၁၇ - ဥရောပအရှေ့ပိုင်းနှင့် ယူကရိန်းတို့တွင် စစ်ရေးလှုပ်ရှားမှုမှန်သမျှကို NATO က စွန့်လွှတ်မည်ဖြစ်ကြောင်း ‌တရားဝင်အာမခံချက်တစ်ရပ်အပါအဝင် လုံခြုံရေးဆိုင်ရာ တောင်းဆိုချက်အသေးစိတ်အား ရုရှားက တင်ပြခဲ့သည်။

၂၀၂၂၊ ဇန်နဝါရီ ၁၄ - ‘ကြောက်ကို ကြောက်ရမယ်၊ အဆိုးဆုံးကို မျှော်လင့်ထား’ ဟု ယူကရိန်းနိုင်ငံသားများအား သတိပေးထားသည့် ဆိုက်ဘာတိုက်ခိုက်မှုတစ်ရပ်ဖြင့် ယူကရိန်းအစိုးရဝက်ဘ်ဆိုက်များကို တိုက်ခိုက်ခဲ့သည်။

ဇန်နဝါရီ ၁၇ - ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ရန် ယူကရိန်းမြောက်ပိုင်းနှင့် နီးသည့် ဘီလာရုစ်သို့ ရုရှားတပ်များ စတင်ရောက်ရှိလာသည်။

ဇန်နဝါရီ ၂၄ - NATO က တပ်များကို အသင့်ပြင်ပြီး ဥရောပအရှေ့ပိုင်း၌ စစ်သင်္ဘောများနှင့် တိုက်လေယာဉ်များကို ထပ်မံအားဖြည့်ခဲ့သည်။

ဇန်နဝါရီ ၂၆ - ရုရှား၏စိုးရိမ်မှုများနှင့်ပတ်သက်၍ လက်တွေ့ကျသော ဆွေးနွေးမှုများ ပြုလုပ်ရန် ကမ်းလှမ်းလျက် NATO ၏ ‘တံခါးဖွင့်’ မူဝါဒကို အထပ်ထပ်ကတိပြုကာ ရုရှား၏လုံခြုံရေးဆိုင်ရာ တောင်းဆိုမှုများအား တုံ့ပြန်မှုကို အမေရိကန်က စာဖြင့် ရေးသားပေးပို့ခဲ့သည်။

ဇန်နဝါရီ ၂၈ - ရုရှား၏ အဓိကလုံခြုံရေးဆိုင်ရာ တောင်းဆိုချက်များကို အကြောင်းပြန်ကြားခြင်းမရှိသေးကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂ - ပဋိပက္ခကူးစက်လာမှု မှန်သမျှမှနေ၍ ဥရောပအရှေ့ပိုင်းရှိ မဟာမိတ်များကို အကာအကွယ်ပေးရန် တပ်ဖွဲ့ဝင်အင်အား ၃၀၀၀ ကို ပိုလန်နှင့် ရိုမေးနီးယားသို့ ထပ်မံစေလွှတ်မည်ဖြစ်ကြောင်း အမေရိကန်က ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၄ - ဘေဂျင်း‌ဆောင်းရာသီ အိုလံပစ်တွင် ပူတင်သည် ‘ယူကရိန်းကို NATO အဖွဲ့သို့ ဝင်ရောက်ခွင့်မပေးရေး’ ဟူသည့် သူ၏တောင်းဆိုချက်အတွက် တရုတ်နိုင်ငံ၏ ထောက်ခံအားပေးမှုကို ရရှိခဲ့သည်။

ဖေဖော်ဝါရီ ၇ - ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခရွန်သည် ကရင်မလင်၌ ပူတင်နှင့် တွေ့ဆုံခဲ့ပြီးနောက် ပဋိပက္ခကို သံတမန်နည်းလမ်းဖြင့် ဖြေရှင်းရေးအတွက် မျှော်လင့်ချက်အချို့ကို တွေ့မြင်ခဲ့သည်။ ယင်းနောက်မက်ခရွန်သည် ကိဗ်မြို့သို့ သွားရောက်ခဲ့ပြီး ဇယ်လန်းစကီးနှင့် ယူကရိန်းပြည်သူများအား ကျဉ်းထဲကျပ်ထဲ၌ပင် ခေါင်းအေးအေးထားနိုင်ခြင်းအတွက် ချီးကျူးခဲ့သည်။

ဖေဖော်ဝါရီ ၉ - အမေရိကန်နိုင်ငံခြားရေးဌာနက အမေရိကန်နိုင်ငံသားများအား ယူကရိန်းနိုင်ငံမှ ချက်ချင်းထွက်ခွာကြရန် အကြံပြုခဲ့ပြီး ဘိုင်ဒင်က ‘ရုတ်ချည်း ထိန်းမနိုင်သိမ်းမရ ဖြစ်သွားနိုင်သည်’ ဟု ပြောကြားခဲ့သည်။ အခြားနိုင်ငံများကလည်း ၎င်းတို့၏နိုင်ငံသားများအား ယူကရိန်းမှ ထွက်ခွာရန် တောင်းဆိုခဲ့ကြသည်။

ဖေဖော်ဝါရီ ၁၄ - ဖေဖော်ဝါရီ ၁၆ ရက် ၌ အလံများ လွှင့်ထူပြီး နိုင်ငံတော်သီချင်းကို သံပြိုင်သီဆိုကြရန် ဇယ်လန်းစကီးက ယူကရိန်းနိုင်ငံသားများကို တောင်းဆိုခဲ့သည်။ (ဖေဖော်ဝါရီ ၁၆ ရက်တွင် ရုရှားက ကျူးကျော်တိုက်ခိုက်လာနိုင်သည်ဟု အနောက်တိုင်းမီဒီယာအချို့က ဖော်ပြခဲ့သောကြောင့် ဖြစ်သည်။)

ဖေဖော်ဝါရီ ၁၅ - ရုရှားက ၎င်းတို့၏တပ်ဖွဲ့ဝင်အချို့သည် ယူကရိန်းအနီး၌ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပြီးနောက် အခြေစိုက်စခန်းသို့ ပြန်လာနေပြီဖြစ်ကြောင်း ပြောကြားလျက် ကျူးကျော်တိုက်ခိုက်မှု ပြုလုပ်ကာနီးပြီဖြစ်ကြောင်း အနောက်တိုင်း၏ သတိပေးမှုများကို လှောင်ပြောင်ခဲ့သည်။ ရုရှားက ကျောထောက်နောက်ခံပြုပေးထားသည့် ယူကရိန်းအရှေ့ပိုင်းရှိ  လွတ်လပ်သော ခွဲထွက်ဒေသနှစ်ခုကို အသိအမှတ်ပြုပေးရန် ရုရှားပါလီမန်က ပူတင်ထံ တောင်းခံခဲ့သည်။

ဖေဖော်ဝါရီ ၁၈ - ဥရောပရှိလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဆိုင်ရာ အမေရိကန်သံအမတ် မိုက်ကယ်ကာပင်တာက ရုရှားသည် ယူကရိန်းအတွင်းနှင့် ယူကရိန်းအနီး တပ်ဖွဲ့ဝင်အင်အား ၁၆၉၀၀၀ နှင့် ၁၉၀၀၀၀ အကြားခန့် အလုံးအရင်းချထားပြီးဖွယ်ရှိသည်ဟု ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၁၉ - ရုရှား၏ မဟာဗျူဟာမြောက်နျူကလီးယားတပ်ဖွဲ့များသည် ပူတင်၏ ကြီးကြပ်မှုဖြင့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြသည်။

ဖေဖော်ဝါရီ ၂၁ - ယူကရိန်းအရေးနှင့်ပတ်သက်၍ ထိပ်သီးဆွေးနွေးပွဲတစ်ရပ်ပြုလုပ်ရန် ဘိုင်ဒင်နှင့် ပူတင်တို့ မူအားဖြင့် သဘောတူခဲ့ကြောင်း မက်ခရွန်က ပြောကြားခဲ့သည်။

ရုပ်မြင်သံကြားမှတစ်ဆင့် ပြောကြားသော မိန့်ခွန်းတွင် ပူတင်က ယူကရိန်းသည် ရုရှားသမိုင်း၏ ပူးတွဲအစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း၊ နိုင်ငံစစ်စစ်အဖြစ် မည်သည့်အခါကမျှ သမိုင်းမရှိခဲ့ကြောင်း၊ ယူကရိန်းကို ပြည်ပအင်အားကြီးနိုင်ငံများက စီမံလျက်ရှိကြောင်းနှင့် ရုပ်သေးအစိုးရတစ်ရပ်သာ ရှိကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှ ခွဲထွက်ဒေသများ၏ လွတ်လပ်ရေးကို အသိအမှတ်ပြုကြောင်း ပူတင်က သဘောတူညီချက် လက်မှတ်ရေးထိုးပေးခဲ့ပြီး ယင်းဒေသများသို့ သွားရောက်ရန် ရုရှားတပ်ဖွဲ့ဝင်များကို အမိန့်ပေးခဲ့သည်။

ဖေဖော်ဝါရီ ၂၂ - အမေရိကန်၊ ဗြိတိန်နှင့် ၎င်းတို့၏ မဟာမိတ်နိုင်ငံများက ရုရှားပါလီမန်အမတ်များ၊ ဘဏ်များနှင့် အခြားပိုင်ဆိုင်မှုများကို ပိတ်ဆို့မှုများ ချမှတ်လိုက်သည်။ အတည်ပြုရန် စောင့်ဆိုင်းနေဆဲ Nord Stream 2 ပိုက်လိုင်းအား နောက်ဆုံးအဆင့် တရားဝင်အသိအမှတ်ပြုလွှာ ထုတ်ပေးရန်ကိစ္စကို ဂျာမနီနိုင်ငံက ရပ်ဆိုင်းလိုက်သည်။

ပူတင်သည် ရုပ်မြင်သံကြားမိန့်ခွန်း တစ်ရပ်၌ ယူကရိန်းကို စစ်တပ်ဖျက်သိမ်းရန် တောင်းဆိုလိုက်ပြီး သဘောတူညီချက် ပျက်ပြယ်အောင် လုပ်သည်ဟု ယူကရိန်းအစိုးရကို အပြစ်တင်လျက် ခွဲထွက်နိုင်ငံများနှင့်ပတ်သက်သော မင့်စ်က် ငြိမ်းချမ်းရေးသဘောတူညီချက်စာချုပ်သည် ဆက်လက်တည်ရှိခြင်း မရှိတော့ကြောင်း ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၃ - ရုရှားက ကျောထောက်နောက်ခံပြုပေးထားသည့် ခွဲထွက်ရေးဝါဒီခေါင်းဆောင်များက ယူကရိန်းစစ်တပ်၏ ရန်လိုမှုများကို တွန်းလှန်ရာ၌ အကူအညီပေးရန် ရုရှားထံ တောင်းခံခဲ့သည်။

ဖေဖော်ဝါရီ ၂၄ - ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းအရှေ့ပိုင်း၌ ‘အထူးစစ်ဆင်ရေးတစ်ရပ်’ ပြုလုပ်ရန် အမိန့်ပေးလိုက်ပြီး ယူကရိန်းတပ်ဖွဲ့ဝင်များအား လက်နက်ချရန် ရုပ်မြင်သံကြားမိန့်ခွန်း တစ်ရပ်ဖြင့် ပြောကြားခဲ့သည်။ ရုရှားတပ်များက ယူကရိန်းတပ်များနှင့် လေတပ်အခြေစိုက်စခန်းများ၊ ယူကရိန်းအဓိကမြို့ကြီးများရှိ ပစ်မှတ်နေရာများကို  ဒုံးကျည်များ၊ အမြောက်ကျည်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

Most Read

Most Recent