ပါတီစာရင်းများ လာရောက်အစစ်ဆေးခံရန် NLD နှင့် SNLD ပါတီကို ရွေးကောက်ပွဲကော်မရှင် ထပ်မံအကြောင်းကြားပြီး လိုက်နာခြင်းမရှိပါက ပါတီမှတ်ပုံတင်ခြင်းဥပဒေအရ အရေးယူမည်ဟုဆို

ပါတီစာရင်းများ လာရောက်အစစ်ဆေးခံရန် NLD နှင့် SNLD ပါတီကို ရွေးကောက်ပွဲကော်မရှင် ထပ်မံအကြောင်းကြားပြီး လိုက်နာခြင်းမရှိပါက ပါတီမှတ်ပုံတင်ခြင်းဥပဒေအရ အရေးယူမည်ဟုဆို
Published 23 February 2022

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD) အနေဖြင့် မတ် ၉  ရက်မတိုင်မီ ပါတီစာရင်းအစစ်ဆေးခံရန်  ထပ်မံအကြောင်းကြားထားကြောင်း  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

ဖေဖော်ဝါရီ ၁၄ ရက်တွင် နိုင်ငံရေးပါတီလေးပါတီ၏စာရင်းများကို စစ်ဆေးရန် ကြေညာထားသည့်အနက် ပါတီနှစ်ခုသာ စစ်ဆေးမှုခံယူပြီး NLD ပါတီနှင့်  SNLD ပါတီက စစ်ဆေးခံယူမှု မရှိခဲ့ကြောင်း ကော်မရှင်ထံမှ သိရသည်။

NLD ပါတီနှင့်  SNLD ပါတီအနေဖြင့် ၂၀၂၂ ခုနှစ် မတ် ၉ ရက်မတိုင်မီ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၄(က)နှင့်အညီ လာရောက်အစစ်ဆေးခံရန်နှင့် လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက အဆိုပါဥပဒေပုဒ်မ ၂၄ (ဂ)၊ (ဃ)၊ (င)တို့နှင့်အညီ  အရေးယူဆောင်ရွက်သွားမည်ဟု အကြောင်းကြားထားကြောင်း  ကော်မရှင်ထံမှ သိရသည်။

ရွေးကောက်ပွဲကော်မရှင်သည် ပါတီတစ်ခုက တည်ဆဲဥပဒေ တစ်ရပ်ရပ်ကို  လိုက်နာခြင်းမရှိကြောင်းတွေ့ရှိလျှင် ကော်မရှင်အနေဖြင့် ထိုပါတီကို လိုအပ်သည်များ လိုက်နာဆောင်ရွက်ရန်  အချိန်ကာလသတ်မှတ်၍ ညွှန်ကြားနိုင်ကြောင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၄ (က)တွင် ပြဋ္ဌာန်းထားသည်။

ထိုသို့ ညွှန်ကြားမှုကို လိုက်နာဆောင်ရွက်မှု ပျက်ကွက်ပါက ဥပဒေပါအတိုင်း အရေးယူဆောင်ရွက်မည်ဟု ကော်မရှင်ကိုးကားသည့်ဥပဒေပုဒ်မခွဲ သုံးခုတွင် ပါတီကို ယာယီရပ်ဆိုင်းနိုင်သည့်အချက်၊ ပါတီမှတ်ပုံတင် ပယ်ဖျက်နိုင်သည့်အချက်များ ပါဝင်သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၄ (ဂ)တွင်  ညွှန်ကြားသည့်အတိုင်း လိုက်နာဆောင်ရွက်ရန် ပျက်ကွက်သည့် ပါတီကို ကော်မရှင်က  နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ သုံးနှစ်အထိ ယာယီရပ်ဆိုင်းနိုင်ကြောင်း ဖော်ပြထားသည်။

ပုဒ်မ ၂၄ (ဃ)တွင်မူ ထိုသို့ယာယီရပ်ဆိုင်းခံရသည့်ပါတီအနေဖြင့်  ယာယီရပ်ဆိုင်းထားသောကာလအတွင်း ကော်မရှင်ညွှန်ကြားသည့်လုပ်ငန်းများအပ ပါတီ၏ကျန်လုပ်ငန်းအားလုံးရပ်ဆိုင်းထားရမည်ဟု  ဆိုသည်။

ယင်းသို့ ယာယီရပ်ဆိုင်းသည့်ကာလကုန်ဆုံးသည်အထိ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက ကော်မရှင်သည် ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီကို ဖျက်သိမ်းရမည်ဟု ပုဒ်မ၂၄ (င)တွင် ဖော်ပြပါရှိသည်။

လက်ရှိပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် စာရင်းစစ်ချုပ်ရုံး၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ကိုယ်စားလှယ်များ ပါဝင်သော စစ်ဆေးရေးအဖွဲ့များဖြင့်  နိုင်ငံရေးပါတီများ၏  ပါတီဝင်အင်အားစာရင်း၊  ပါတီရန်ပုံငွေစာရင်းများနှင့် စပ်လျဉ်း၍ စစ်ဆေးခြင်းများကို  ၂၀၂၁ ခုနှစ် သြဂုတ်လကုန်ပိုင်းတွင် စတင်ဆောင်ရွက်ခဲ့သည်။

လက်ရှိအထိ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ နိုင်ငံရေးပါတီ ၆၇ ပါတီကို စစ်ဆေးထားပြီး  ယခုဖေဖော်ဝါရီလအတွင်း ရန်ကုန်တိုင်းအခြေစိုက်ပါတီ ရှစ်ပါတီကို ဆက်လက်စစ်ဆေးနေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတင်းထုတ်ပြန်ထားသည်။