ဒေါ်အောင်ဆန်းစုကြည်၊ ဝန်ကြီးဟောင်းသုံးဦးနှင့် ရှောင်တာနယ်တို့အား လျှို့ဝှက်အက်ဥပဒေဖြင့် တရားစွဲထားသည့်အမှုအတွက် တရားလိုပြသက်သေအဖြစ် နည်းပညာကျွမ်းကျင်သူတစ်ဦးကို စစ်ဆေး

ဒေါ်အောင်ဆန်းစုကြည်၊ ဝန်ကြီးဟောင်းသုံးဦးနှင့် ရှောင်တာနယ်တို့အား လျှို့ဝှက်အက်ဥပဒေဖြင့် တရားစွဲထားသည့်အမှုအတွက် တရားလိုပြသက်သေအဖြစ် နည်းပညာကျွမ်းကျင်သူတစ်ဦးကို စစ်ဆေး
Published 20 January 2022

ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင်နှင့် သြစတြေးလျနိုင်ငံသား ရှောင်တာနယ်တို့အား အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် တရားစွဲထားသည့်အမှုနှင့်ပတ်သက်၍ တရားလိုပြသက်သေဖြစ်သည့် နည်းပညာကျွမ်းကျင်သူ သက်သေတစ်ဦးအား စစ်ဆေးခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

ဇန်နဝါရီ ၂၀ ရက်က နေပြည်တော်ရှိ ဇမ္ဗူသီရိအထူးတရားရုံးတွင်အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃ (၁) (ဂ)ဖြင့် တရားစွဲဆိုခြင်းခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်​ဟောင်း ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင်နှင့် သြစတြေးလျနိုင်ငံသား ရှောင်တာနယ်တို့ကို ရုံးထုတ်ခဲ့ကြောင်း သိရသည်။

ဒက္ခိဏခရိုင်တရားသူကြီး တာဝန်ယူဆောင်ရွက်သည့် ဇမ္ဗူသီရိအထူးတရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း သုံးဦးနှင့် သြစတြေးလျနိုင်ငံသား ရှောင်တာနယ်တို့အား အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေဖြင့် တရားစွဲထားသည့်အမှုအတွက် ဇန်နဝါရီ ၂၀ ရုံးချိန်းတွင် တရားလိုပြသက်သေ နည်းပညာကျွမ်းကျင်သူအား စစ်ဆေးခဲ့ခြင်းဖြစ်ပြီး စစ်ဆေးမှုများ မပြီးပြတ်သေးခြင်းကြောင့် လာမည့်ရုံးချိန်းတွင် ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့်သတင်းများအရ သိရသည်။

အထက်ပါအမှုနှင့်ပတ်သက်၍ တရားလိုပြသက်သေ ကိုးဦး တင်ပြထားပြီး လက်ရှိတွင် တရားလိုဖြစ်သူနှင့် တရားလိုပြသက်သေ ငါးဦးအထိ စစ်ဆေးပြီးစီးသွားပြီဖြစ်ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

ထို့ပြင်သြစတြေးလျနိုင်ငံသား မစ္စတာရှောင်တာနယ်အား လဝကအက်ဥပဒေဖြင့် တရားစွဲဆိုထားသည့်အမှုနှင့်ပတ်သက်၍ ရုံးချိန်းပြန်လည်ချိန်းဆိုထားကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

အထက်ပါအမှုများနှင့်ပတ်သက်၍ ဇန်နဝါရီ ၂၇ ရက်တွင် ထပ်မံရုံးထုတ်စစ်ဆေးရန် ချိန်းဆိုထားကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့်သတင်းများအရ သိရသည်။

Most Read

Most Recent