အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန် မြန်မာနိုင်ငံသို့ရောက်ရှိ

အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန် မြန်မာနိုင်ငံသို့ရောက်ရှိ
Published 7 January 2022

Photo- MOI

အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ဟွန်ဆန် အလုပ်သဘောခရီးအဖြစ် မြန်မာနိုင်ငံသို့ ယနေ့(ဇန်နဝါရီ ၇ ရက်) နံနက်ပိုင်းက ရောက်ရှိလာကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာမြန်မာနိုင်ငံ သံအမတ်ကြီး ဦးသစ်လင်းအုန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုနှင့်တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်းသိရသည်။

ထို့နောက် ကမ္ဘောဒီးယားနိုင်ငံမှ လှူဒါန်းသည့် ကိုဗစ် - ၁၉ ရောဂါဆိုင်ရာ ပစ္စည်းများအား ကမ္ဘောဒီးယားဝန်ကြီးချုပ်က လွှဲပြောင်းပေးအပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က လက်ခံရယူခဲ့ကြောင်းသိရသည်။

ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့လှူဒါန်းသည့် ကိုဗစ် -၁၉ ရောဂါဆိုင်ရာ ကာကွယ် ရေးပစ္စည်းများမှာ Face Mask သုံးသန်း၊ N- 95 Mask နှစ်သိန်း၊ Goggle တစ်သိန်း၊ PPE ဝတ်စုံသုံးသောင်း၊ Face Shield သုံးသောင်း၊ Safety Plastic Boots PR သုံးထောင်၊ Ventilator Machine Unit ၅၀၊ Patient Monitor + accessories Unit ၅၀၊ Oxygen Concentrator Unit ၅၀ တို့အား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၇ ရက် နှင့် ၈ ရက်အထိ မြန်မာနိုင်ငံကို ရောက်ရှိလာခြင်းဖြစ်ပြီး မြန်မာအရေးဆွေးနွေးမှုရလဒ်များ အကျိုးဖြစ်ထွန်းမည်ဆိုပါက အပြန်ခရီး နောက်ကျနိုင်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်က ပြောကြားထားသည်။

မြန်မာနိုင်ငံခရီးစဉ်နှင့်သက်ဆိုင်သော အကျိုးရလဒ်ကို စောလျင်စွာ ကမ္ဘောဒီးယားဝန်ကြီးချုပ်က တောင်းဆိုခဲ့ပြီး ရလဒ်များအကျိုးဖြစ်ထွန်းမည်ဆိုပါက ယင်းသည် မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးဖြစ်ထွန်းစေနိုင်ပြီး မြန်မာပြည်သူများအနေဖြင့်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြုကြလိမ့်မည်ဟု ၎င်းက ပြောကြားထားသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်၏  မြန်မာခရီးစဉ်ကို ပယ်ဖျက်ရန် ဇန်နဝါရီ ၆ ရက်တွင် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က တောင်းဆိုခဲ့သည့်အပြင် အခြားအဖွဲ့အစည်းအချို့ကလည်း ခရီးစဉ်အပေါ် ကန့်ကွက်မှုများ ပြုလုပ်ခဲ့မှုများ ရှိခဲ့သည်။