မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံ၏ ဇနီးနှင့် သားဖြစ်သူ ဖမ်းဆီးခံရဟုသိရ

မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံ၏ ဇနီးနှင့် သားဖြစ်သူ ဖမ်းဆီးခံရဟုသိရ
Published 5 January 2022
  ဘိုဘိုမြင့်

မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံ၏ဇနီး ဒေါ်ခင်အေးမူနှင့် သားဖြစ်သူ ကိုနေဖြိုးဇံတို့ကို ဇန်နဝါရီ ၃ ရက် ညပိုင်းက ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ သုံးခွကျေးရွာရှိ နေအိမ်တွင် လုံခြုံရေးတပ်ဖွဲ့က လာရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ယင်းသို့ ဖမ်းဆီးရာ၌ သေနတ်ပစ်ဖောက်သံများလည်းကြားရကြောင်းနှင့် ထိခိုက်မှုအခြေအနေကို မသိရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။ 

“ဇန်နဝါရီ ၃ ရက် ည ၈ နာရီလောက်ရှိမယ်။ လုံခြုံရေးတပ်ဖွဲ့က အင်အား ၂၀ လောက်နဲ့ လာဖမ်းသွားတယ်လို့ သိရတယ်။ သေနတ်ပစ်ဖောက်သံတွေလည်း ကြားရတယ်။ ထိခိုက်ဒဏ်ရာရမှုအခြေအနေတော့ မသိရဘူး။ ဘာ့ကြောင့်လာဖမ်းသွားလဲဆိုတာလည်း မသိဘူး” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်၌ ဒေါ်ခင်အေးမူ၏ လက်တွင် သေနတ်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံမှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်က CDM လှုပ်ရှားမှုတွင် ဝန်ထမ်းများအနေဖြင့် ပါဝင်ပေးကြရန် တိုက်တွန်းခဲ့သည်ဆိုသည့်စွပ်စွဲချက်ဖြင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) အရ  ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံထားရသည့်အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ  ၅၅ ဖြင့် အမှုကိုးမှုနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ မလျော်သြဇာအသုံးပြုခြင်း၊ ရွေးကောက်ပွဲအတွင်း မသမာမှုပြုလုပ်ခဲ့ခြင်း စသည့်စွပ်စွဲချက်များအပါအဝင် ရာဇသတ်ကြီးဥပဒေ သုံးမျိုးဖြင့် အမှုဖွင့်ခံထားရပြီး ကျိုက်မရောအကျဉ်းထောင်၌ ဖွင့်လှစ်ထားသည့် အထူးတရားရုံးတွင် အမှုရင်ဆိုင်နေရကြောင်း သိရသည်။