ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် တွေ့ကြုံရသမျှ အခက်အခဲများနှင့် အနှောင့်အယှက်များကို စုပေါင်းအင်အားဖြင့် ရင်ဆိုင်ကျော်လွှားရမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လွတ်လပ်ရေးနေ့သဝဏ်လွှာတွင် ဖော်ပြထား

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် တွေ့ကြုံရသမျှ အခက်အခဲများနှင့် အနှောင့်အယှက်များကို စုပေါင်းအင်အားဖြင့် ရင်ဆိုင်ကျော်လွှားရမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လွတ်လပ်ရေးနေ့သဝဏ်လွှာတွင် ဖော်ပြထား
နေပြည်တော်ရှိ  မြို့တော်ခန်းမ၌  ဇန်နဝါရီ ၄ ရက်က ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပစဉ်
နေပြည်တော်ရှိ  မြို့တော်ခန်းမ၌  ဇန်နဝါရီ ၄ ရက်က ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပစဉ်
Published 4 January 2022
အောင်မင်းသိန်း

စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ငါးရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက် ကိုးရပ်တို့ကို ဆက်လက်အကောင်အထည်ဖော်ရာတွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက တွေ့ကြုံရသမျှ အခက်အခဲများနှင့် အနှောင့်အယှက်များကို စုပေါင်းအင်အားဖြင့် စည်းလုံးညီညွတ်စွာ ရင်ဆိုင်ကျော်လွှားသွားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လွတ်လပ်ရေးနေ့သဝဏ်လွှာတွင် ဖော်ပြထားသည်။

ဇန်နဝါရီ ၄ ရက်က နေပြည်တော်ရှိ မြို့တော်ခန်းမ၌ ကျင်းပသည့် ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့သည့် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဖတ်ကြားခဲ့ခြင်းဖြစ်သည်။

“စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်ငါးရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက် ကိုးရပ်တို့ကို ဆက်လက်အကောင်အထည်ဖော်ရာတွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက တွေ့ကြုံရသမျှ အခက်အခဲများနှင့် အနှောင့်အယှက်များကို စုပေါင်းအင်အားဖြင့် စည်းလုံးညီညွတ်စွာ ရင်ဆိုင်ကျော်လွှားသွားကြရမည်ဖြစ်ပါသည်။ သို့မှသာ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ကို စောင့်ရှောက်ဖော်ဆောင်၍ ကောင်းမွန်သန့်ရှင်းသော အစိုးရတစ်ရပ်နှင့် အုပ်ချုပ်မှုပုံစံပေါ် ထွန်းလာစေမည် ဖြစ်ပါသည်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လွတ်လပ်ရေးနေ့ သဝဏ်လွှာတွင် ဖော်ပြထားသည်။

စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့် ကျင့်သုံးပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို ပြည်ထောင်စုဖွား တိုင်းရင်းသားများအကြား  အပြန်အလှန်လေးစားမှု၊ နားလည်မှု၊ ယုံကြည်မှုများဖြင့် တည်ဆောက်ပေးကြရမည်ဖြစ်ကြောင်း၊ ထာဝရငြိမ်းချမ်းရေးရရှိစေရေးအတွက် စုပေါင်းအင်အားဖြင့် ကြိုးပမ်းဖော်ဆောင်ရယူ၍ ပြည်ထောင်စုကြီးတစ်ခုလုံး ဘက်စုံထောင့်စုံမှ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လွတ်လပ်ရေးနေ့ သဝဏ်လွှာတွင် ဖော်ပြထားသည်။

အထက်ပါကဲ့သို့ဆောင်ရွက်ရာ၌ ဒီမိုကရေစီအသွင် ကူးပြောင်းရေးလမ်းကြောင်းမှန်ပေါ်တွင် ဆက်လက်ရှင်သန်ထွန်းကားနိုင်ရေးအတွက် တပ်မတော်နှင့်အတူ တိုင်းရင်းသားပြည်သူများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးက ပူးပေါင်းဝိုင်းဝန်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအဖွဲ့သာမက ပြည်တွင်းရှိ နိုင်ငံရေးအင်အားစုများ၊ နိုင်ငံရေး ပါတီများ၊ တပ်မတော်နှင့် တိုင်းရင်းသား ပြည်သူအားလုံး ပူးပေါင်းပါဝင်၍ ပြည်တွင်းစီးပွားရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းတို့ကို ဆောင်ရွက်နိုင်ပါက ဖွံ့ဖြိုးတိုးတက်မှုများ ရရှိနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လွတ်လပ်ရေးနေ့ သဝဏ်လွှာတွင် ဖော်ပြထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရသည် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ်အဖြစ် နိုင်ငံတော်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးကို ဦးတည်ဆောင်ရွက်နေပြီး နိုင်ငံတော်သာယာဝပြောရေးတွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ ပါဝင်ကြောင်းနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတော်က ကျင့်သုံးနေသည့် ကျင့်သုံးရန်ရည်မှန်းထားသည့် နိုင်ငံရေးစနစ်နှင့် ဖြစ်ပေါ်နေသော နိုင်ငံရေးယဉ်ကျေးမှုတို့ (Political Culture) သဟဇာတဖြစ်ရန် လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လွတ်လပ်ရေးနေ့သဝဏ်လွှာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ကျင့်သုံးနေသည့်၊ ကျင့်သုံးရန် ရည်မှန်းထားသည့် နိုင်ငံရေးစနစ်သည် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ဖြစ်ပြီး ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ရန်အတွက် လူပုဂ္ဂိုလ်တစ်ဦးချင်းအလိုက်၊ အဖွဲ့အစည်းအလိုက် နိုင်ငံရေးအသိအမြင်များ အားကောင်းရန် လိုအပ်ကြောင်းနှင့် အားလုံးပါဝင်နိုင်သော၊ ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုမှုကို ဖော်ထုတ်နိုင်သော နိုင်ငံရေးစနစ်တည်ဆောက်မှု လိုအပ်ခြင်းကြောင့် အစိုးရအနေဖြင့် သက်ဆိုင်ရာနိုင်ငံရေးပါတီများနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လွတ်လပ်ရေးနေ့သဝဏ်လွှာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသားအားလုံးက စုစည်းတည်ထောင်ထားသည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်နှင့်အညီ တိုင်းရင်းသားစည်းလုံးညီညွတ်မှု တောင့်တင်းခိုင်မာရေးသည် နိုင်ငံတော်နှင့် ပြည်သူလူထု၏ အမျိုးသားရေး အကျိုးစီးပွားပင်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အယူအဆ၊  အယူဝါဒကွဲပြားမှုတို့ကြောင့် ဖြစ်ပေါ်လာခဲ့သည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ၊ သွေးကွဲမှုများချုပ်ငြိမ်း၍ ရေရှည်တည်တံ့ခိုင်မြဲသည့် ထာဝရငြိမ်းချမ်းရေးရရှိရေး ဆောင်ရွက်လျက်ရှိပြီး  တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ၀ိုင်းဝန်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်းကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လွတ်လပ်ရေးနေ့ သဝဏ်လွှာတွင် ဖော်ပြထားသည်။