နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းလိုစိတ်များ ကင်းဝေးနေသမျှ နိုင်ငံရေးအရ စစ်မှန်သောတွေ့ဆုံဆွေးနွေးရေးနှင့် ငြိမ်းချမ်းရေးကြိုးပမ်းမှုများသည် မည်သို့မျှဖြစ်ပေါ်လာနိုင်မည်မဟုတ်ဟု KNU ဥက္ကဋ္ဌ၏ ကရင်နှစ်သစ်ကူးနေ့သဝဏ်လွှာတွင် ဖော်ပြ

နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းလိုစိတ်များ ကင်းဝေးနေသမျှ နိုင်ငံရေးအရ စစ်မှန်သောတွေ့ဆုံဆွေးနွေးရေးနှင့် ငြိမ်းချမ်းရေးကြိုးပမ်းမှုများသည် မည်သို့မျှဖြစ်ပေါ်လာနိုင်မည်မဟုတ်ဟု KNU ဥက္ကဋ္ဌ၏ ကရင်နှစ်သစ်ကူးနေ့သဝဏ်လွှာတွင် ဖော်ပြ
၂၀၁၉ ခုနှစ် ဇန်နဝါရီ ၆ ရက်က ဧရာဝတီတိုင်း အိမ်မဲမြို့နယ် တောင်စုကျေးရွာတွင်ကျင်းပသည့် ကရင်နှစ်သစ်ကူးပွဲတော်တွင် နှုတ်ခွန်းဆက်စကားပြောကြားနေသည့် KNU ဥက္ကဋ္ဌအား တွေ့ရစဉ်
၂၀၁၉ ခုနှစ် ဇန်နဝါရီ ၆ ရက်က ဧရာဝတီတိုင်း အိမ်မဲမြို့နယ် တောင်စုကျေးရွာတွင်ကျင်းပသည့် ကရင်နှစ်သစ်ကူးပွဲတော်တွင် နှုတ်ခွန်းဆက်စကားပြောကြားနေသည့် KNU ဥက္ကဋ္ဌအား တွေ့ရစဉ်
Published 30 December 2021

နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းနှင့် မှန်ကန်သောစိတ်စေတနာဖြင့် ဖြေရှင်းလိုစိတ်များ ကင်းဝေးနေသမျှကာလပတ်လုံး နိုင်ငံရေးအရ စစ်မှန်သောတွေ့ဆုံဆွေးနွေးရေးနှင့် ငြိမ်းချမ်းမှုတည်ဆောက်ရေးကြိုးပမ်းမှုများသည် မည်သို့မျှဖြစ်ပေါ်လာနိုင်မည်မဟုတ်ကြောင်း KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေဖိုးက ပြောကြားသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် ကျရောက်သည့် ၂၇၆၁ နှစ်မြောက် ကရင့်အမျိုးသားနှစ်သစ်ကူးနေ့သို့ ပေးပို့သော သဝဏ်လွှာတွင် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေဖိုးက ထိုသို့ထည့်သွင်းပြောကြားခြင်း  ဖြစ်သည်။

ဖိနှိပ်မှုများနှင့် မတရားမှုများသည်  တန်းတူရေးဆိုင်ရာအခွင့်အရေးများကို အသိအမှတ်မပြုတတ်သော အကျိုးဆက်သာဖြစ်ကြောင်း၊ ထို့ပြင် လူမျိုးတစ်မျိုးနှင့်တစ်မျိုးအကြား၊ အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံ ပြည်သူလူထုအကြား ပဋိပက္ခနှင့် မသင့်မြတ်မှုများကို ဖြစ်ပေါ်စေကြောင်း၊ မတူကွဲပြားလျက်ရှိသော အခွင့်အရေး၊ နိုင်ငံရေးပြဿနာနှင့် မသင့်မြတ်မှုများကို ဖြေရှင်းနိုင်မည့် အကောင်းဆုံးသောနည်းလမ်းသည် နိုင်ငံရေးအရ ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာသည့်နည်းလမ်းပင်ဖြစ်ကြောင်း၊ နိုင်ငံရေးနည်းလမ်းအရ အဖြေရှာနိုင်ရန်အတွက်လည်း KNU အနေဖြင့်  ခေတ်အဆက်ဆက် တောင်းဆိုလာခဲ့ကြောင်း၊ သို့ရာတွင် ခေတ်အဆက်ဆက်သော အုပ်ချုပ်သူများအနေဖြင့် နိုင်ငံရေးဆန္ဒနှင့် ကောင်းမွန်သည့် နိုင်ငံရေးအတွေးအမြင်များမရှိခဲ့ကြောင်း KNU ဥက္ကဋ္ဌက ပြောကြားသည်။

KNU အနေဖြင့် အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးပြဿနာများကို တွေဆုံဖြေရှင်းနိုင်ခြင်းမရှိပါက ပြည်တွင်းငြိမ်းချမ်းရေးကို လုံးဝတည်ဆောက်နိုင်မည်မဟုတ်သည်ကို နားလည်ထားကြောင်း၊ ထို့ကြောင့် KNU မှ အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် အေးချမ်းစွာ တွေ့ဆုံဆွေးနွေးနိုင်ရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရေး၊ ပြည်သူလူထု သာယာဝပြောရေးနှင့် တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းငြိမ်းချမ်းမှု တည်ဆောက်ရေးများကို အချိန်နှင့် ငွေကုန်ကြေးကျများစွာ ရင်းနှီးခဲ့ပြီး ကြိုးပမ်းအားထုတ်ခဲ့ကြောင်း၊ KNU မှ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည်သူလူထုနှင့် အကောင်းဆုံးပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ ပြည်သူလူထုနှင့် နိုင်ငံတကာအဖွဲ့အစည်းကလည်း KNU မှ ကူညီထောက်ပံ့မှုများနှင့် ပူးပေါင်းလုပ်ဆောင်မှုများကို များစွာပံ့ပိုပေးခဲ့ကြောင်း KNU ဥက္ကဋ္ဌက သဝဏ်လွှာတွင် ဖော်ပြထားသည်။

သို့ရာတွင် တပ်မတော်မှ အသစ်တဖန် အာဏာထိန်းသိမ်းရယူခဲ့သောကြောင့် KNU ၏ ကြိုးပမ်းအားထုတ်ခဲ့မှုများလည်း အလဟသဖြစ်ပေါ်ခဲ့ရကြောင်း၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းနှင့် မှန်ကန်သောစိတ်စေတနာဖြင့် ဖြေရှင်းလိုစိတ်များ ကင်းဝေးနေသမျှ ကာလပတ်လုံး နိုင်ငံရေးအရ စစ်မှန်သောတွေ့ဆုံဆွေးနွေးရေးနှင့် ပြည်တွင်းငြိမ်းချမ်းမှုတည်ဆောက်ရေး ကြိုးပမ်းမှုများသည် မည်သို့မျှ ဖြစ်ပေါ်လာနိုင်မည်မဟုတ်ကြောင်း၊ မျိုးဆက်သစ်လူငယ်များအနေဖြင့် ပကတိအခြေအနေနှင့် အဖြစ်မှန်များကို နားလည်သဘောပေါက်ပြီး လက်နက်ကိုင်တိုက်ပွဲဝင်နေသည်မှာ မျက်ဝါးထင်ထင် တွေ့ရှိရကြောင်း KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေဖိုးက ပြောကြားသည်။

လက်ရှိဖြစ်ပေါ်နေသော အကြောင်းတရားများကြောင့် မိမိတို့ကရင်အမျိုးသား အဖွဲ့အစည်းအားလုံးသည် မိမိတို့၏ အမျိုးသားရေးအတွက် မားမားမတ်မတ်ရပ်တည်ပြီး ကရင်အမျိုးသားများ၏ အနာဂါတ်ဘဝရှင်သန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်  လက်တွဲညီညီကြိုးပမ်းအားထုတ်ကြရမည် ဖြစ်ကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေ၌ မိမိကိုယ်ကို ကရင်အမျိုးသားဟု ခံယူနေကြသည့် ကရင်အမျိုးသားတိုင်း၊ ကရင်အမျိုးသားအဖွဲ့စည်းတိုင်းက ရင်အမျိုးသားအကျိုးစီးပွားအတွက် ကြိုးပမ်း အားထုတ်ကြရမည်ဖြစ်ကြောင်း KNU ဥက္ကဋ္ဌက သဝဏ်လွှာတွင် တိုက်တွန်းထားသည်။