ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်းသုံးဦးနှင့် ရှောင်တာနယ်တို့ကို လျှို့ဝှက်အက်ဥပဒေဖြင့် တရားစွဲထားသည့်အမှုအား ဦးစိုးဝင်း၏ ကျန်းမာရေးမကောင်းသဖြင့် စစ်ဆေးနိုင်ခြင်းမရှိ

ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်းသုံးဦးနှင့် ရှောင်တာနယ်တို့ကို လျှို့ဝှက်အက်ဥပဒေဖြင့် တရားစွဲထားသည့်အမှုအား ဦးစိုးဝင်း၏ ကျန်းမာရေးမကောင်းသဖြင့် စစ်ဆေးနိုင်ခြင်းမရှိ
Published 30 December 2021

ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင်နှင့် သြစတြေးလျနိုင်ငံသား ရှောင်တာနယ်တို့ကို အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေဖြင့် တရားစွဲထားသည့်အမှုနှင့်ပတ်သက်၍ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးစိုးဝင်း ကျန်းမာရေးမကောင်းသဖြင့် စစ်ဆေးနိုင်ခြင်းမရှိကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

ဒက္ခိဏခရိုင်တရားသူကြီး တာဝန်ယူဆောင်ရွက်သည့် ဇမ္ဗူသီရိအထူးတရားရုံးတွင် အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် တရားစွဲခံထားရသည့် ၎င်းတို့ငါးဦးအား ဒီဇင်ဘာ ၃၀ ရက်တွင် အမှုစစ်ဆေးရန် ချိန်းဆိုထားခြင်းဖြစ်သည်။

အထက်ပါအမှုနှင့်ပတ်သက်၍ တရားလိုဖြစ်သူအား အဓိကစစ်မေးခြင်းနှင့် ပြန်လှန်စစ်မေးခြင်းများ စစ်ဆေးပြီးစီးပြီဖြစ်ခြင်းကြောင့် ဒီဇင်ဘာ ၃၀ ရက်ရုံးချိန်းတွင် တရားလိုပြသက်သေအား စစ်ဆေးရန် ချိန်းဆိုထားခြင်းဖြစ်ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

အလားတူ သြစတြေးလျနိုင်ငံသား ရှောင်တာနယ်အား လဝကအက်ဥပဒေဖြင့် တရားစွဲဆိုထားသည့် အမှုအတွက်လည်း တရားလိုပြသက်သေ လာရောက်ခြင်းမရှိသောကြောင့် စစ်ဆေးနိုင်ခြင်းမရှိခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့်သတင်းများအရ သိရသည်။

အထက်ပါအမှုများနှင့်ပတ်သက်၍ ဇန်နဝါရီ ၆ ရက်တွင် ထပ်မံရုံးထုတ်စစ်ဆေးရန် ချိန်းဆိုထားကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းအရ သိရသည်။