မြန်မာပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်နေသူများအား လွတ်လပ်စွာ အတားအဆီးမရှိ အကူအညီပေးခွင့်ပြုရန် အမေရိကန်တောင်းဆို

မြန်မာပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်နေသူများအား လွတ်လပ်စွာ အတားအဆီးမရှိ အကူအညီပေးခွင့်ပြုရန် အမေရိကန်တောင်းဆို
ဇူလိုင် ၁ ရက်က အမေရိကန်နိုင်ငံခြားရေးဌာနတွင် ၂၀၂၁ လူကုန်ကူးမှု အစီရင်ခံစာအပေါ် မိန့်ခွန်းပြောကြားနေသော နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်အား တွေ့ရစဉ်
ဇူလိုင် ၁ ရက်က အမေရိကန်နိုင်ငံခြားရေးဌာနတွင် ၂၀၂၁ လူကုန်ကူးမှု အစီရင်ခံစာအပေါ် မိန့်ခွန်းပြောကြားနေသော နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်အား တွေ့ရစဉ်
Published 29 December 2021

လူသားချင်းစာနာမှုအကူအညီပေးအပ်နေသူများ၏ လုံခြုံရေးသေချာမှုရှိစေရန်နှင့် မြန်မာပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်နေသူများအား လွတ်လပ်စွာ အတားအဆီးမရှိ အကူအညီပေးခွင့်ပြုရန် မြန်မာနိုင်ငံကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဂျေဘလင်ကန်က တောင်းဆိုလိုက်သည်။

ကယားပြည်နယ်နှင့် မြန်မာနိုင်ငံတစ်ဝန်း တိုက်ခိုက်မှုများအပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်တွင် အထက်ပါအတိုင်း တောင်းဆိုထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၄ ရက်က ကယားပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုက ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အနည်းဆုံး လူ ၃၅ ဦးခန့် သေဆုံးခဲ့ရသည့် အဆိုပါတိုက်ခိုက်မှုတွင် အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် Save The Children အဖွဲ့မှ ဝန်ထမ်းနှစ်ဦးလည်း ပါဝင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

လတ်တလောတွင် ကယားပြည်နယ်နှင့် ကရင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးနီးပါး ဖြစ်ပေါ်နေသည့် ဖြစ်ရပ်များအပေါ်တွင် မိမိတို့စိုးရိမ်မိကြောင်း၊ အပြစ်မဲ့ပြည်သူများနှင့် လူသားချင်းစာနာမှု အကူအညီပေးအပ်နေသူများအပေါ်ပစ်မှတ်ထားခြင်းကို လက်ခံနိုင်စရာမရှိကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်လည်း စစ်လက်နက်ပစ္စည်းများနှင့် စစ်ဖက်/အရပ်ဖက်သုံးနည်း ပညာများအား မြန်မာနိုင်ငံသို့ ရောင်းချမှုရပ်ဆိုင်းခြင်းဖြင့် မြန်မာနိုင်ငံအတွင်း ရက်စက်သည့်လုပ်ရပ်များ ထပ်မံမဖြစ်ပွားစေရေး တားဆီးမှုမျိုးကို ပိုမိုကျယ်ပြန့်စွာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းမှစ၍ အမေရိကန်ပြည်ထောင်စုသည် တပ်မတော်ခေါင်းဆောင်များနှင့် ၎င်းတို့၏ ဘဏ္ဍာရေးအကျိုးစီးပွားများကို ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုများပြုလုပ်ခြင်းနှင့် နိုင်ငံတကာဘဏ္ဍာရေးစနစ်အတွင်း ၎င်းတို့ဝင်ရောက်နိုင်မှုဟန့်တားရေးတို့ကို ဆောင်ရွက်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မိမိတို့၏ မိတ်ဖက်များ၊ မဟာမိတ်များနှင့်အတူ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ကို ပံ့ပိုးကူညီခြင်းကဲ့သို့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး တိုးမြှင့်ဆောင်ရွက်ခြင်းကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ တစ်ဖက်မှလည်း  မြန်မာနိုင်ငံကို ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိစေရန် ဆက်လက်တွန်း အားပေးသွားမည်ဖြစ်ကြောင်းနှင့် လူသားချင်းစာနာမှုအကူအညီပေးအပ်နေသူများ၏ လုံခြုံရေး သေချာမှုရှိစေရန်နှင့် မြန်မာပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်နေသူများအား လွတ်လပ်စွာ အတားအဆီးမရှိ အကူအညီပေးခွင့်ပြုရန်တောင်းဆိုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။