လာမည့်ရွေးကောက်ပွဲတွင် PR စနစ်ပြောင်းလဲကျင့်သုံးရန် နိုင်ငံရေးပါတီများ သဘောတူခဲ့ပြီး PR စနစ်သို့ ပြောင်းလဲကျင့်သုံးမည်ဆိုပါက စာရင်းပိတ်စနစ် (Close List RR) ကို ကျင့်သုံးသင့်ကြောင်း UEC နှင့် နိုင်ငံ ရေးပါတီများဆွေးနွေးပွဲ၌ နိုင်ငံရေးပါတီများ အကြံပြု

လာမည့်ရွေးကောက်ပွဲတွင် PR စနစ်ပြောင်းလဲကျင့်သုံးရန် နိုင်ငံရေးပါတီများ သဘောတူခဲ့ပြီး PR စနစ်သို့ ပြောင်းလဲကျင့်သုံးမည်ဆိုပါက စာရင်းပိတ်စနစ် (Close List RR) ကို ကျင့်သုံးသင့်ကြောင်း UEC နှင့် နိုင်ငံ ရေးပါတီများဆွေးနွေးပွဲ၌ နိုင်ငံရေးပါတီများ အကြံပြု
ဒီဇင်ဘာ ၂၆ ရက်တွင် UEC နှင့် နိုင်ငံရေးပါတီ ၆၂ ပါတီမှ ကိုယ်စားလှယ်များ ဆွေးနွေးနေစဉ်
ဒီဇင်ဘာ ၂၆ ရက်တွင် UEC နှင့် နိုင်ငံရေးပါတီ ၆၂ ပါတီမှ ကိုယ်စားလှယ်များ ဆွေးနွေးနေစဉ်
Published 28 December 2021

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)နှင့် နိုင်ငံရေးပါတီများ သုံးရက်တာဆွေးနွေးပွဲတွင် လာမည့်ရွေးကောက်ပွဲ၌ အချိုးကျကိုယ်စားပြုစနစ် (PR) ပြောင်းလဲကျင့်သုံးရန် နိုင်ငံရေးပါတီများ သဘောတူခဲ့ပြီး PR စနစ်သို့ ပြောင်းလဲကျင့်သုံးမည်ဆိုပါက စာရင်းပိတ်စနစ် (Closed List PR) ကို ကျင့်သုံးသင့်ကြောင်း နိုင်ငံရေးပါတီများက အကြံပြုဆွေးနွေးခဲ့သည်ဟု UEC ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဒီဇင်ဘာ ၂၆ ရက် ဆွေးနွေးပွဲတွင် နိုင်ငံရေးပါတီအစုအဖွဲ့ ခြောက်ဖွဲ့၏ ဒီဇင်ဘာ၂၄ ရက်နှင့် ၂၅ ရက် နှစ်ရက်တာ ဆွေးနွေးချက်များအရ ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးရေးအတွက် အချိုးကျကိုယ်စားပြုစနစ် (PR) နှင့်စပ်လျဉ်း၍ ဆောင်ရွက်သင့်သည့် ရွေးကောက်ပွဲ ဒီဇိုင်းစာတမ်းများကို အစုအဖွဲ့ခြောက်ဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးစီက ဖတ်ကြားတင်ပြခဲ့ကြခြင်း ဖြစ်သည်။ 

ပြည်သူ့လွှတ်တော်အတွက်အဖွဲ့(၁)မှ ပြုစုထားသောစာတမ်းကို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးထွန်းရီက ကိုယ်စားပြုဆွေးနွေးဖတ်ကြားတင်ပြရာတွင် မဲဆန္ဒရှင်များအတွက်နှင့် မဲရေတွက်သူများ အတွက်ပါ အခက်အခဲအနည်းဆုံးဖြစ်မည့် “စာရင်းပိတ်စနစ် (Closed List PR)” ကို ကျင့်သုံးသင့်ကြောင်း၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေများ သတ်မှတ်ရာတွင် အငြင်းပွားမှုများဖြစ်ပေါ်လာနိုင်သည့် လူဦးရေအပေါ် အခြေမခံဘဲ မြို့နယ်ကိုအခြေခံတွက်ချက်ခြင်းဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ယခင်ကရရှိခဲ့သည့် ကိုယ်စားလှယ်ဦးရေများအတိုင်း ခွဲဝေသတ်မှတ်သင့်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ရရှိသည့် ကိုယ်စားလှယ်ဦးရေအပေါ်မူတည်၍  မဲဆန္ဒနယ်မြေများသတ်မှတ်ရာ၌မူ တတ်နိုင်သမျှ လူဦးရေအချိုးအစား ညီမျှရေးကို ထည့်သွင်းစဉ်းစားဆောင်ရွက်သင့်ကြောင်း၊ ပါတီများအတွက် အနိမ့်ဆုံးဝင်ပေါက်အချိုးစံ  (Threshold)  သတ်မှတ်ရာတွင် မြင့်လွန်းခြင်းနှင့် နိမ့်လွန်းခြင်း အစွန်းတရားများကို ရှောင်ရှားပြီး ထောက်ခံမဲအပေါ်မူတည်၍ ကိုယ်စားလှယ်သတ်မှတ်ရာတွင် တစ်နိုင်ငံလုံးအပေါ် လွှမ်းခြုံတွက်ချက်ခြင်းမဟုတ်ဘဲ မဲဆန္ဒနယ်တစ်ခုချင်းအလိုက် ဆောင်ရွက်သင့်ကြောင်း၊ မဲရေတွက်ပုံနည်းလမ်းအဖြစ် (Closed List PR)တွက်ချက်မှုစနစ်ဖြစ်သည့် အများဆုံး အကြွင်းကိန်းနည်းကို လက်ခံကျင့်သုံးသင့်ကြောင်း၊ ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာလုပ်ငန်းများတွင် နိုင်ငံရေးပါတီ များအနေဖြင့် ယခုထက်ပို၍ ကျယ်ကျယ်ပြန့် ပြန့် ပါဝင်ဆောင်ရွက်ခွင့်ရရှိရေးအတွက် နည်းလမ်းများ ရှာကြံဆောင်ရွက်သင့်ကြောင်း ဆွေးနွေးတင်ပြသည်။

ပြည်သူ့လွှတ်တော်အတွက် အဖွဲ့(၂)မှ ပြုစုထားသောစာတမ်းကို ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ဦးတင်ဆွေက ကိုယ်စားပြုဆွေးနွေးဖတ်ကြားတင်ပြရာတွင်  ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြု စနစ် (PR System) ဖြင့် ကျင်းပခြင်းကို တက်ရောက်လာသော ပါတီများအားလုံးက သဘောတူကြောင်း၊ Closed List ဖြင့် ကျင်းပမည်ကို သဘောတူကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၁(ဃ)တွင် “မြို့နယ်များကို ခရိုင်အဖြစ် စုစည်းသည်” ဟု ပြဋ္ဌာန်းချက်အတိုင်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေသတ်မှတ်ရာတွင် မြို့နယ်များကို ခရိုင်အဖြစ်စုစည်း၍ မဲဆန္ဒနယ်သတ်မှတ်ခြင်းကို သဘောတူကြကြောင်း၊ မဲရုံတိုင်းတွင် မဲဆန္ဒရှင်ပြည်သူများမှ ၎င်းတို့ကြိုက်နှစ်သက်သည့် ကိုယ်စားလှယ်၏ပါတီကို မဲပေးနိုင်ရန်အလို့ငှာ မဲရုံအဝတွင် ဗွီနိုင်း၊ ပိုစတာများဖြင့် ပါတီ၏အမည်အောက်တွင် ဝင်ရောက်ရွေးချယ်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ ဓာတ်ပုံနှင့်အမည်ကို ဖော်ပြပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ သို့မှသာ မဲဆန္ဒရှင်သည် ၎င်းကြိုက်နှစ်သက်သည့် ကိုယ်စားလှယ်လောင်းကို မျက်မြင်ကြည့်ရှု၍ လွယ်ကူစွာဖြင့် ၎င်းင်းကိုယ်စားလှယ်လောင်း၏ပါတီအား မဲပေးနိုင်မည်ဖြစ်ပြီး မဲဆန္ဒရှင်များ၏ ကြိုက်နှစ်သက်သည့် ကိုယ်စားလှယ်လောင်းကို ရွေးချယ်နိုင်ရန် ဆွေးနွေးသည်။

အမျိုးသားလွှတ်တော်အတွက် အဖွဲ့ (၃) မှ ပြုစုထားသောစာတမ်းကို လူထုပါတီမှ ဦးပါစီပြည်ဟိန်းက ကိုယ်စားပြုဆွေးနွေး ဖတ်ကြားတင်ပြရာတွင် မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကျင်းပရမည့် လွှတ်တော်သုံးရပ်ရွေးကောက်ပွဲများတွင် “စာရင်းပိတ်အချိုးကျကိုယ်စားပြုစနစ်” (Closed List PR) ကို ကျင့်သုံးရန် အသင့်မြတ်ဆုံးဖြစ်ကြောင်း၊ ယခုအခါ နိုင်ငံပေါင်း ၁၀၀ ကျော်တွင်လည်း အချိုးကျကိုယ်စားပြုစနစ်ကိုတွင် ကျယ်စွာကျင့်သုံးနေပြီဖြစ်ကြောင်း၊ မဲဆန္ဒနယ်များသတ်မှတ်ရာ၌ ခရိုင်များကို အခြေပြုသတ်မှတ်ခြင်းသည် အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ်အတွက် သင့်တင့်လျောက်ပတ်သော အရွယ်အစား (Suitable Size) ဖြစ်သည်ဟု အခိုင်အမာယူဆသဖြင့် ထိုသို့သတ်မှတ်ပေးရန်ဖြစ်ကြောင်း၊ ရွေးကောက်ခံကိုယ်စားလှယ်တစ်ဦး အနည်းဆုံးရရှိရမည့် ခိုင်လုံမဲအရေအတွက်ပမာဏကို ကြိုတင်သတ်မှတ်ထားပြီး ထိုသတ်မှတ်ချက်အရ ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ အရေအတွက် ပြည့်မီခြင်းမရှိသေးပါက လိုအပ်နေသေးသည့် ကိုယ်စားလှယ်အရေအတွက် ပေါ်ပေါက်နေလျှင် ထိုပေါ်ပေါက်ချက်အား ပိုလျှံမဲ (သို့မဟုတ်) အကြွင်းကျန်မဲအများဆုံးရရှိသည့်ပါတီ (တစ်သီးပုဂ္ဂလအပါအဝင်) ကို အများဆုံးကြွင်းကျန်မဲတွက်ချက်မှု ဖော်မြူလာဖြင့် တွက်ချက်ရရှိသည့် ကိုယ်စားလှယ်ကို ထပ်တိုးကိုယ်စား လှယ်အဖြစ် ပေါင်းစပ်ထည့်သွင်းပေးခြင်း နည်းစနစ်ကျင့်သုံးရန် ဆွေးနွေးတင်ပြသည်။     

အမျိုးသားလွှတ်တော်အတွက် အဖွဲ့ (၄) မှ ပြုစုထားသောစာတမ်းကို ပြည်သူ့ရှေ့ဆောင်ပါတီမှ ဒေါက်တာမျိုးဆက်သွေးက ကိုယ်စားပြုဆွေးနွေး ဖတ်ကြားတင်ပြရာတွင် အချိုးကျကိုယ်စားပြုစနစ် (PR System) ကျင့်သုံးရေးအတွက် သဘောတူကြောင်း၊ Closed List PR System ကို စတင်အသုံးပြုသင့်ပြီး မဲဆန္ဒရှင်ပြည်သူများ၏ ပညာတတ်မြောက်မှုနှင့် နိုင်ငံရေးရေချိန် မြင့်တက်လာမှုအခြေအနေတစ်ရပ်သို့ ရောက်ရှိချိန်မှသာလျှင် Open List PR System  သို့မဟုတ် အခြား PR System Design များကို ပြောင်းလဲကျင့်သုံးသင့်ကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း /ဒေသများအတွက် လွှတ်တော်ကိုယ်စားလှယ်များကိုမူ မဲအများဆုံးရသူ အနိုင်ရသည့် စနစ် (FPTP) ဖြင့်သာ ကျင့်သုံးသင့်ကြောင်း၊ မဲဆန္ဒနယ်သတ်မှတ်ရာတွင် တိုင်းဒေသကြီး /ပြည်နယ်များ၏ ပထဝီအနေအထား ကွာခြားမှုအရ တိုင်းဒေသကြီး/ပြည်နယ်တစ်ခုအတွက် အမျိုးသားလွှတ်တော်တွင် မဲဆန္ဒနယ်မြေ မည်မျှဖြစ်သင့်သည်ဟု တစ်ပြေးညီသတ်မှတ်ခြင်းမပြုဘဲ ခရိုင်များကို အခြေခံ၍ မဲဆန္ဒနယ် စုစုပေါင်း ၃၆ နယ် သတ်မှတ်သင့်ကြောင်း၊ PR System အရ ဖြစ်ပေါ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးဖြစ်သောပါတီများ ဖောင်းပွလာနိုင်မှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဥပဒေဖြင့်သော်လည်းကောင်း၊ စည်းကမ်းထိန်းသိမ်းခြင်းအားဖြင့် သော်လည်းကောင်း ကန့်သတ်ရန်လိုအပ်ကြောင်း ဆွေးနွေးတင်ပြသည်။

တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်အတွက် အဖွဲ့(၅)မှ ပြုစုထားသောစာတမ်းကို ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ ဒေါ်နန်း သိုက်သိုက်ဝင်းကျော်က ကိုယ်စားပြုဆွေးနွေးဖတ်ကြားတင်ပြရာတွင် မဲဆန္ဒရှင်များ၊ ရွေးကောက်ခံကိုယ်စားလှယ်လောင်းများ၊ တိုင်းရင်းသားလူနည်းစုများ အားလုံးပါဝင်နိုင်ပြီး တစ်ပါတီကြီးစိုးမှုကိုပါ ကန့်သတ်နိုင်သော အချိုးကျကိုယ်စားပြုစနစ် (PR System) ကို ပြောင်းလဲကျင့်သုံးသင့်ကြောင်း၊ အချိုးကျကိုယ်စားပြုစနစ် (PR System) ကို ပြောင်းလဲကျင့်သုံးရာတွင် Closed List PR  စနစ်ကို ရွေးချယ်ကျင့်သုံးသင့်ကြောင်း၊ တိုင်းဒေသကြီး /ပြည်နယ်လွှတ်တော်အတွက် မဲဆန္ဒနယ် သတ်မှတ်ရာတွင် သာမန်အားဖြင့် ခရိုင်တစ်ခုလျှင် မဲဆန္ဒနယ်တစ်ခု သတ်မှတ်သင့်ကြောင်း၊ သို့ရာတွင် လူဦးရေသိပ်သည်းဆများသည့် ခရိုင် (သို့မဟုတ်) မြို့နယ်အရေအတွက် များပြားသည့် ခရိုင်ဖြစ်ပါက မဲဆန္ဒနယ်တစ်နယ်ထက်ပို၍ သတ်မှတ်ရန်လိုအပ်ကြောင်း၊ ၁၀ မြို့နယ်နှင့် ယင်းအောက်ရှိသည့် တိုင်းဒေ သကြီး/ပြည်နယ်များအနေဖြင့် မဲဆန္ဒနယ်တစ်နယ်သာ သတ်မှတ်သင့်ကြောင်း၊ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ်ကို ရွေးချယ်ရာ၌  FPTP စနစ်ကိုသာ အသုံးပြုရန် အကြံပြုလိုကြောင်း၊ ရွေးကောက်ပွဲတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားသူကိုသာလျှင် ဆန္ဒမဲပေးခွင့်ပြုရန် ဖြစ်ကြောင်း၊ နိုင်ငံပြင်ပကြိုတင်မဲ၊ မြို့နယ်ပြင်ပကြိုတင်မဲနှင့် ရပ်/ကျေး ကြိုတင်မဲများကို ရွေးကောက်ပွဲကျင်းပသည့်နေ့ မတိုင်မီ သတ်မှတ်ထားသည့် နေ့ရက်များတွင် နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ အသိသက်သေများ၏ ရှေ့မှောက်၌ ပွင့်လင်းမြင်သာစွာဖြင့် ကြိုတင် ရေတွက်သည့်စနစ်ကို ပြောင်းလဲကျင့်သုံးသင့်ကြောင်း၊ ပြောင်းလဲကျင့်သုံးမည့် အချိုးကျကိုယ်စားပြုစနစ် (PR System) ဖြင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၊ တာဝန်ထမ်းဆောင်မည့် မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၊ မဲဆန္ဒရှင်လုပ်သားပြည်သူများ နားလည်သဘောပေါက်ကြစေရန် အဆင့်ဆင့်သောသင်တန်းများ ဖွင့်လှစ်၍ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများကို စီမံဆောင်ရွက်သင့်ကြောင်း ဆွေးနွေးသည်။

တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်အတွက် အဖွဲ့(၆)မှ ပြုစုထားသောစာတမ်းကို ဒီမိုကရေစီပါတီသစ် (ကချင်)မှ ဦးခေါတိန့်က ဆွေးနွေးရာတွင် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲများကို Closed List PR စနစ်ကို ကျင့်သုံးရန် မဲရလဒ်များတွက်ချက်ခြင်းကို ကြွင်းကျန်မဲအများဆုံးစနစ် (Largest Remainder Formaula) ကို ကျင့်သုံးရန်၊ မဲဆန္ဒနယ်သတ်မှတ်ရာတွင် မြို့နယ်အလိုက်၊ ခရိုင်များအလိုက် သတ်မှတ်ခြင်းမပြုဘဲ မြို့နယ်တစ်မြို့နယ်လျှင် မဲဆန္ဒနယ်တစ်နယ်အဖြစ် သတ်မှတ်ပြီး ကိုယ်စားလှယ်နှစ်ဦးစီကို PR စနစ်ဖြင့် ရွေးကောက်တင်မြှောက်ရန်၊ တိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ်များအတွက် ယခင်ကျင့်သုံးခဲ့သည့် FPTP စနစ်ဖြင့်သာ ရွေးကောက်တင်မြှောက်ရန် တင်ပြသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံရေးပါတီ ၆၂ ပါတီမှ ကိုယ်စားလှယ် ၁၁၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent