လိုင်းကားပေါ်က ပြဇာတ်

လိုင်းကားပေါ်က ပြဇာတ်
Published 14 December 2021
လင်းခေတ်ကြယ်

ဆောင်းရောက်ပြီမို့ ညနေစောင်းပြီဆိုသည်နှင့် အမှောင်ထုက လောကတစ်ခွင်လုံးကို ကြီးစိုးလာသည်။ လမ်းပေါ်တွင် အိပ်တန်းပျံမည့် အလွှာအသီးသီးမှ လူများ ဥဒဟိုသွားလာ နေကြသည်။ အများစုက လမ်းဘေးဝဲယာရှိ ကားမှတ်တိုင်များတွင် ကိုယ်သွားမည့် နေရာသို့ ရောက်မည့် လိုင်းကားများကို စောင့် ဆိုင်းနေသည်။ ညနေ ၅ နာရီကျော်သာ ရှိသေးသော်လည်း ပတ်ဝန်းကျင်တစ်ခုလုံး အမှောင် က စတင်ကြီးစိုးလာသည်။ မကြာမီ ရေထိုးထားသည့် ဝက်တစ်ကောင်ကဲ့သို့ လူများ ပြည့်ကျပ်ညပ်နေသည့် လိုင်းကားတစ်စီး ကားမှတ်တိုင်သို့ ကမူးရှူးထိုးဖြင့် ဝင်ရောက်လာ၏။ မှတ်တိုင်တွင် စောင့်ဆိုင်းနေသည့် ခရီးသည်များထဲမှ လူအချို့ လိုင်းကားပေါ်သို့ တက်ရန် အလောတကြီး ပြင်ဆင်နေသည်။ ညနေခင်း ရုံးဆင်းချိန်မို့ လိုင်းကားပေါ်တွင် လူများ ပြည့်ကျပ်ညပ်နေခြင်းလည်း ဖြစ်သည်။ ဒီမြင်ကွင်းမှာ မြို့ပြ ၏ မရိုးအီနိုင်သော ညနေခင်းပန်းချီကားတစ်ချပ်လည်း ဖြစ်ပေသည်။

ယခင် မထသစနစ်မှ YBS စနစ်သို့ ပြောင်းလဲချိန်တွင် လိုင်းကားအများစု၌ ကားခကို ပိုက်ဆံပုံးအတွင်း ထည့်ရသော်လည်း နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး နောက်ပိုင်းတွင်မူ YBS ကားများတွင် စပယ်ယာလို လူများ လိုက်ပါလာပြီး ကားခကောက်သည့် စနစ်ကို ပြောင်းလဲခဲ့ကြသည်။ ယခင်က ဘယ်စီးစီး ငွေကျပ် ၂၀၀ ဟု သတ်မှတ်ထားသော်လည်း လက်ရှိတွင်မူ YBS ယာဉ်မောင်းများ နှင့် သူ၏နောက်လိုက်များက မည်သည့်အ ကြောင်းကြောင့်မှန်းမသိ ကားခကို  ကျပ် ၃၀၀ သတ်မှတ်၍ ကောက်ခံနေကြသည်။ 

အချို့သော YBS ကားများတွင် စပယ်ယာလိုလို ယာဉ်နောက်လိုက်များ ပါလာသော်လည်း ယခု သူတက်လိုက်သည့် လိုင်းကားတွင် ယာဉ်မောင်းတစ်ဦးတည်းသာ ပိုက်ဆံကောက်ရင်း ကားမောင်းနေသည်ကို တွေ့ရသည်။ ညနေစောင်းမို့ မှတ်တိုင်အတော်များများတွင် ခရီးသည် အဆင်းနည်းပြီး တက်သူ များသည့်အတွက် ကားပေါ်တွင် ခရီးသည် များဖြင့် ပြွတ်သိပ်ကျပ်ညပ်လို ့နေသည်။ သူ ကားပေါ် စတက်ကတည်းကပင် ယာဉ်မောင်းမှာ ကားခကောက်နေရသည့်အတွက် ကားပေါ်ရောက်ရန် အနည်းငယ် စောင့်ဆိုင်း ခဲ့ရသည်။ သူ့ရှေ့တွင် အဘွားအိုတစ်ဦးနှင့် အမျိုးသမီးကြီးတစ်ဦး ပိုက်ဆံအကြွေမပါသဖြင့်  ကားဆရာက ပြန်အမ်းနေရသည့်အတွက် ကြာနေခြင်းလည်း ဖြစ်သည်။ သူလည်း အကြွေလိုချင်သည့်အတွက် ထုတ်ထားသည့် ငွေ ၃၀၀ ကို ဘောင်းဘီအိတ်ထဲ ပြန်ထည့်ပြီး တစ်ထောင်တန်တစ်ရွက်ကို ကားဆရာထံ လိပ်၍ပေးလိုက်သည်။ သူ့နောက်တွင် တက်မည့် ခရီးသည်အချို့ကျန်နေသေးသောကြောင့် ကားဆရာမှာ ပိုက်ဆံအကြွေ ရဝဝကို ကမန်းကတန်း သူ့ကို ပြန်အမ်းလိုက်သည်။ ကားဆရာ ပြန်အမ်းလိုက်သည့် အကြွေကို ကိုင်ပြီး ကားအနောက်ဘက်ဆီသို့ သူ တိုးဝင်ခဲ့သည်။ ကားပေါ်တွင် ခရီးသည် များပြား သည့်အတွက် ကားနောက်ပိုင်းသို့ ရောက်ရန် မနည်းတိုးဝင်ခဲ့ရသည်။

သူ ဆင်းမည့်မှတ်တိုင်မှာ ဂိတ်ဆုံးဖြစ်သည့်အတွက် လိုင်းကားစီးသည့်အခါတွင် သူ့အနေဖြင့် ကားနောက်ပိုင်းမှာသာ သွားရောက်စီးနင်းခြင်းလည်း ဖြစ်သည်။ ကား ရှေ့ပိုင်းတွင် စီးနင်း၍ရသော်လည်း ညနေပိုင်း လူကျပ်သည့်အချိန်တွင် ကား အတက်အဆင်း လူတိုးသည့်ဒဏ်ကို မခံနိုင်သည့်အတွက် ကားနောက်ပိုင်းသို့ သွားရောက်စီးနင်းခြင်းလည်း ဖြစ်သည်။ ကားနောက်ပိုင်း၌ စီးနင်းခြင်းဖြင့် ကံကောင်းလျှင် ထိုင်ခုံလည်း ရတတ်သေး၏။ ယနေ့တွင်မူ ထိုင်ခုံနေရာရသည့် ခရီးသည်များက သူ့လိုပင် ဂိတ်ဆုံးနီးပါး စီးကြသည်မို့ နေရာမရပေ။

မတ်တတ်ရပ်စီးရင်းနှင့် ကားအတွင်းပိုင်းဆီ ကျီးကန်းတောင်းမှောက်ကြည့်မိသည်။ ကားအတွင်း စီးနင်းလိုက်ပါလာသူများထဲတွင် အရောင်အသွေးမျိုးစုံ၊ စရိုက်မျိုးစုံ ပါလာသည်။ ညနေစောင်းမို့ ကားပေါ်တွင် ရုံးဆင်းလာသည့် ဝန်ထမ်းများ ပါသလို အခြားကိစ္စဖြင့် လိုက်ပါလာသူများလည်း ပါသည်။ မိသားစုလိုက် စီးနင်းသည့် ခရီးသည်များပါသလို တစ်ကိုယ်ရည်တစ်ကာယ ခရီးသည်များအပြင် သမီးရည်းစားစုံတွဲများလည်း ပါလာသည်ကို တွေ့ရသည်။ ခရီးသည်များထဲတွင် အချို့က ယမကာနံ့တသင်းသင်းဖြင့် ရီဝေမိန်းမောနေ သလို အချို့က တဏှာနံ့သင်းသင်းဖြင့် ဂုဏ်သိက္ခာမဲ့စွာ လုပ်ဆောင်နေသူများလည်း ရှိသည်။

ကားပေါ်တွင် ဟိုကြည့်ဒီကြည့်ရင်းဖြင့် မထင်မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ ကြက်သေ သေသွားခဲ့သည်။ ထိုမြင်ကွင်းက အခြားမဟုတ်။ အမျိုးသမီးကြီးတစ်ဦး၏ ပိုက်ဆံအိတ်ကို ခါးပိုက်နှိုက်နေသည့်မြင်ကွင်း တွေ့လိုက်ရခြင်းဖြစ်သည်။ သူ သေချာကြည့်နေသည်ကို ခါးပိုက်နှိုက်နေသူက သတိထားမိ သွားသည့်အတွက် ကိုယ်ရှိန်သတ်သွားသည်ကို တွေ့ရသည်။ အဲဒီလူက သူ့ကို သေချာ ပြန်စိုက်ကြည့်နေသည့်အတွက် ကျောမလုံသလို ခံစားလာရသည်။ ခါးပိုက်နှိုက်ဆိုတာကလည်း တစ်ယောက်တည်းမလုပ်ဘဲ အုပ်စု လိုက်လုပ်ကြသည့် အမျိုးမဟုတ်လား။ မတော် သူကြည့်နေလို့  သူတို့ အလုပ်မဖြစ်ခဲ့လျှင် သူ့အပေါ် ရန်ရှာမှာကိုလည်း စိုးရသည်။ ရူးသလိုကြောင်သလိုပုံစံမျိုးဖြင့် သူ့ အကြည့်ကို ထိုလူဆီမှ လွှဲဖယ်လိုက်ရသည်။ ဒါတောင် သူ့နောက်ကျောကနေ ဘယ်အချိန်လာပြီး တစ်ခုခုလုပ်လိုက်မည်ကို စိုးရိမ်နေရ သေးသည်။

စိုးရိမ်သည့်စိတ်နှင့် ကားပြတင်းပေါက် မှ ဝင်လာသော လေကို အားပါးတရ ရှူရှိုက် ပစ်လိုက်သည်။ လိုင်းကားမှာလည်း ရောက်သည့် မှတ်တိုင်များမှ ခရီးသည်များကို တင်ပြီး တအိအိဖြင့် မောင်းနေသည်။ အပြင်တွင် အမှောင်ထုက တဖြည်းဖြည်း ပြောင်းလဲလာ၏။ ကားအတွင်း ခရီးသည်များ ပြွတ်သိပ်ကျပ်ညပ် နေသည့်အတွက် အလင်းရောင်မှာ အားနည်း လှသည်။ ကားပြတင်းမှတစ်ဆင့် ဝင်လာသည့် အေးမြလတ်ဆတ်သော လေကို ရှူရင်း မျက်လုံးကို မှိတ်လိုက်သည်။ လောကတွင် မတရား မှုတစ်ခုခုကို မျက်မြင် ကြုံတွေ့နေရသော်လည်း သူ ဘာမျှမတတ်နိုင်။ သူ့ ဥပေက္ခာ တရားကြောင့် ဟိုအမျိုးသမီးကြီး ပိုက်ဆံ ဘယ်လောက် ပါသွားသည်ကို တွေးရင်းဖြင့် သူ့စိတ်ထဲတွင် တောက်ခေါက်နေမိသည်။

ယခုလို ကျပ်တည်းလှသည့် ကာလကြီးတွင် အပြင်လောက၌ ပိုက်ဆံငါးထောင်၊ တစ်သောင်းကိုပင် ရှာရန်မလွယ်ကူပေ။ ဒီလိုမျိုးအချိန်တွင်  အမျိုးသမီးကြီးအနေဖြင့် ခါးပိုက်နှိုက်ထံ ပိုက်ဆံအများအပြား မပါသွား ရန်သာ ကျိတ်ပြီး ဆုတောင်းနေရသည်။

အတွေးများဖြင့် လုံးလည်ချာလည်လိုက် နေချိန်တွင် သူ့နေရာနှင့် မလှမ်းမကမ်းမှ အမျိုးသမီး အသံတစ်သံ ထွက်လာသည်။

“ရှင် မိုက်ရိုင်းလှချည်လား။ ရှင့်မှာ အမေ၊  နှမ မရှိဘူးလား။ အဲဒီလို လုပ်ချင်ရင် ကျွန်မကို လာမလုပ်နဲ့ ရှင့်အမေ၊ ရှင့်အစ်မ၊ နှမတွေကို သွားလုပ်...”

အမျိုးသမီးပြောသည့် စကားကို ကြားလိုက်ရုံဖြင့် ဘာပြဿနာလဲဆိုတာကို သူ တန်းခနဲ သိလိုက်သည်။ လိုင်းကားပေါ် လူ ကျပ်သည်ကို အခွင့်ကောင်းယူပြီး တဏှာရူးကြသည့် လူ့ဘီလူးတို့၏ ဇာတ်လမ်းပင် ဖြစ် သည်။ သူ့နေရာနှင့် မလှမ်းမကမ်းမို့ ကောင်မလေး ဆက်ပြောနေသည့် စကားသံများကို ကောင်းစွာ ကြားနေရသလို တဏှာရူး လူ့ဘီလူး၏ ပြန်လည်ဖြေရှင်းသံများကိုလည်း ကြားရသည်။ ထိုအချိန်တွင် ကားမှာ မှတ်တိုင်တစ်ခု၌ ရပ်လိုက်သည့်အတွက် တဏှာရူးမှာ ချက်ချင်းဆိုသလိုပင် ကားပေါ်မှ ဆင်းသွားသည် ကို မြင်လိုက်ရသည်။ ကောင်မလေးကတော့ ကြိတ်မနိုင်ခဲမရဖြင့် ဆက်လက်ပြောဆိုနေသည်ကို ကြားရသော်လည်း ယာဉ်မောင်းမှာ ဘာမှမဖြစ်သလိုပင် ခရီးသည်အချို့ကို တင်၍ မှတ်တိုင်မှ မောင်းထွက်လာသည်။ အချို့ အမှန်တရားများတွင် နစ်နာသူကိုယ်တိုင်က လူပုံအလယ်၌ မရှက်မကြောက် ဖွင့်ဟပြော ကြားသော်လည်း လူအများစုမှာ အမှန်တရားဘက်မှ မရပ်တည်နိုင်ကြကြောင်းကို သူ့အနေ ဖြင့် မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည်။ တစ်ခါတစ်ရံ အမှန်တရားသည် ခါးသည်ဆိုသော ရှေးလူကြီးများ၏ စကားမှာ ယခုဖြစ်စဉ်အရ သွေးထွက်အောင် မှန်နေခဲ့သည်။

သူစီးလာသည့် လိုင်းကားမှာလည်း ခရီးတစ်ဝက်ကျော်ပြီမို့ သိပ်မကြာမီအချိန်တွင် သူဆင်းရမည့် မှတ်တိုင်ကို ရောက်တော့ မည်။ ခုနက ခါးပိုက်နှိုက်များ ရှိဦးမလားအထင်ဖြင့် ဘေးဘီဝဲယာသို့ သူ ကြည့်လိုက်သော်လည်း မတွေ့။ ဘယ်အချိန် ကားပေါ်က ဆင်းသွားသည်ကို သူသတိမထားမိလိုက်တာလည်း ဖြစ်သည်။ ခါးပိုက်နှိုက်ခံရသည့် အမျိုးသမီးကြီးကိုလည်း မတွေ့ရတော့ပေ။ သူလည်း ဆင်းရမည့် မှတ်တိုင်နီးလာပြီမို့ ဆင်းရမည့် ကားအပေါက်ဝနှင့်နီးသော နေရာကို ပြောင်းရပ်လိုက်သည်။

ထိုသို့ သူ ပြောင်းရပ်လိုက် အချိန်မှာပင် ထင်မှတ်မထားသော ပြဿနာတစ်ခု ထပ်တက်ပြန်သည်။ သူရပ်နေသော အရှေ့ခုံမှ အမူးသမားက အန်ချလိုက်ခြင်းဖြစ်သည်။ သူအပါအဝင် အမူးသမား အနီးအနားမှ ခရီးသည်များ၏ ပါးစပ်ဖျားမှ အာမေဍိတ်အသံများ ထွက်ပေါ်လာသည်။ အမူးသမား၏ ဘေးတွင် ထိုင်နေသူမှာ အမျိုးသားဖြစ်ပြီး သူ့ပုဆိုးတွင် အမူးသမားအန်ဖတ်တို့က ပေကျံလို့နေသည်။ အမူးသမားမှာ လက်အုပ် လေးချီ၍ သူ့အနီးရှိ ခရီးသည်များကို တောင်းပန်လို့နေသည်။ နဂိုကတည်းက လူကျပ်ပြီး အနံပေါင်းစုံရသည့်အထဲ အမူးသမား၏ အန်ဖတ်များကြောင့် အချဉ်စူးစူးအနံ့က ကား တစ်ခုလုံး ပျံ့နှံ့လို့သွားသည်။ အမူးသမား အန်လိုက်သည့်အတွက်ကြောင့် ခရီးသည် အားလုံး ရုတ်ရုတ်သဲသဲဖြစ်သွားပြီး အသံဗလံ ပေါင်းစုံကိုလည်း ကြားရသည်။ မေတ္တာပို့သံ၊ ကျိန်ဆဲသံ၊ ဝေဖန်သံနှင့် ဒေါသတကြီး တုံ့ပြန်သံတို့ က ကားအတွင်း ဆူပွက်လို့ နေ၏။

ဂိတ်ဆုံးရောက်ရန် သုံးလေးမှတ်တိုင် သာလိုတော့သည့်အတွက် အပေါက်ဝနှင့် နီးသထက်နီးအောင် သူ တိုးထွက်ခဲ့သည်။ ဒီလိုမှ မပြင်ဆင်ထားလျှင် ဆင်းဖို့ကမလွယ်။ အဘယ်ကြောင့်ဆိုသော် ဂိတ်ဆုံးမရောက်မီ သုံးလေးငါးမှတ်တိုင်မှစ၍ပတ်စီးကြသည့် ခရီးသည်များရှိသည့်အတွက် ထိုသို့ပြင်ဆင်ရခြင်း ဖြစ်သည်။

ဂိတ်ဆုံးမရောက်မီ တစ်မှတ်တိုင်အရောက်တွင် ကားရပ်လိုက်သည်နှင့် မှတ်တိုင်၌ စောင့်ဆိုင်းနေသည့် ခရီးသည်များက အလုအယက် ကားပေါ်သို့ တိုးတက်လာကြသည်။ ရှေ့ပေါက်က တက်ရမည်ဖြစ်သော်လည်း ခရီးသည်အချို့မှာ နောက်ပေါက်က တက်လာသည့်အတွက် ဆင်းမည့်ခရီးသည်များနှင့် တိုးမိတိုက်မိပြီး ပြောသံဆိုသံများက ဆူညံလို့ သွားသည်။ ယာဉ်မောင်းဖြစ်သူကလည်း နောက်ပေါက်မှ တက်သူများကို ကားခလာပေးရန် အော်ဟစ်လို့နေ၏။ ထို့နောက် အနောက်တံခါးကို ယာဉ်မောင်းက ပိတ်လိုက်သည်။ ခုနက နောက်ပေါက်က တက်လာသည့် လူအချို့မှာ ခရီးသည်များအကြားတွင် အလျှိုလျှိုပျောက်ကွယ်လို့ သွားသည်။ ယာဉ်မောင်းက ထပ်မံသတိပေးသည့်အနေဖြင့် ကားခလာပေးရန် ပြောဆိုနေသော်လည်း တစ်ဦးတစ်ယောက်မျှ သွားပေးသည်ကို မတွေ့ရပေ။ လောကတွင် ဘာမှမဟုတ်သည့် ပိုက်ဆံလေးဖြင့် ကိုယ့်တန်ဖိုး ကိုယ်ရောင်း စားနေသူတွေလည်း ရှိပါလားဆိုသည့် အတွေးက သူ့ခေါင်းထဲ ရောက်လို့လာသည်။

မကြာမီအချိန်တွင် သူဆင်းရမည့် ဂိတ် ဆုံးမှတ်တိုင်၌ ကားရပ်လိုက်သည်နှင့် ကားပေါ်မှ ကမန်းကတန်း သူဆင်းလိုက်သည်။ ကားပေါ်တွင် မွန်းကျပ်စရာများနှင့် ကြုံတွေ့ ခဲ့ရသည့်အတွက် တိုက်ခတ်နေသည့် အေး စက်စက်လေကို တစ်ဝကြီး ရှုရှိူက်ပစ်လိုက်သည်။ အခုမှ သူ့တစ်ကိုယ်လုံး လတ်ဆတ်သလို ခံစားရသည်။ ထို့နောက် သူ့လက်ထဲက အ ကြွေ ၇၀၀ ကို ကြည့်၍ တစ်ယောက်တည်း နားလည်သည့်အပြုံးကို ဟန်ပါပါဖြင့် ပြုံး လိုက်သည်။ တကယ်တော့ ကားခအဖြစ် လိပ် ပြီးပေးလိုက်သည့် တစ်ထောင်တန်မှာ ထက် ပိုင်းပြတ်နေသည့် တစ်ထောင်တန်နှင့် နှစ် ရာတန်အပိုင်း ရောကပ်ထားသည်ကို ကား ဆရာက မသိဘဲ ယူလိုက်သောကြောင့်ဖြစ်သည်။ 

Most Read

Most Recent