တောင်ငူခရိုင်တွင် နေ့အပူချိန်မြင့်မားခြင်းကြောင့် အပူလျှပ်၍ လူသေဆုံးမှုများရှိ

တောင်ငူခရိုင်တွင် နေ့အပူချိန်မြင့်မားခြင်းကြောင့် အပူလျှပ်၍ လူသေဆုံးမှုများရှိ
Published 7 May 2024

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် မြို့နယ်များတွင် နေ့အပူချိန်မြင့်မားခြင်းကြောင့် အပူလျှပ်သေဆုံးမှုအချို့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

တောင်ငူမြို့တွင် အသက်အရွယ်ကြီးရင့်သူတစ်ဦး အပူလျှပ်သေဆုံးခြင်းနှင့်ပတ်သက်ပြီး သေဆုံးသူ၏ တူမဖြစ်သူတစ်ဦးက “ကျွန်မတာဝန်ကျေပါတယ်နော်. ကျွန်မအဖေရဲ့ အစ်ကိုအကြီးဆုံးကြီး အသက် ၉၃ နှစ်၊ ဘာရောဂါမှမရှိဘဲ အပူချိန်ပြင်း အပူလျှပ်ရောဂါနဲ့ ဆုံးပါးသွား၊ နာရေးကိစ္စလေးကို ကျွန်မ တူမတစ်ယောက်အ‌နေနဲ့ ငွေကြေးတစ်ပြားတစ်ချပ်မရှိလို့ မကူညီနိုင်ပေမဲ့ ဦး‌လေးရဲ့ နာရေးလေးကို အဖက်ဖက် ရက်လည်ဆွမ်းလေးကအစ လုပ်အားဒါနကူညီပေးနိုင်ခဲ့တာလေးကို ဝမ်းသာပီတိဖြစ်မိပါတယ်” ဟု လူမှုကွန် ရက်တွင် ရေးသားထားသည်ကိုတွေ့ရသည်။

ရေတာရှည်မြို့နယ် အင်ကြင်းကုန်းရွာမှ အမျိုးသားတစ်ဦး အပူလျှပ်သေဆုံးသည့်အခြေအနေနှင့်ပတ်သက်ပြီး ရေတာရှည်မြို့ခံတစ်ဦးက “အပူလျှပ်တာက ဒီအတိုင်းပဲ အိပ်နေရင်းနဲ့သတိပြန်မလည်လာတာပေါ့။ ဟိုဘက်နေ့က မိုးရွာထားတော့ ဖျာလေးက စိုနေတာ၊ စိုနေတာကို အရိပ်ထဲမှာ အဲ့ဒါလေးသွင်းထားတော့ ဖျာလေးကလည်း အစိုဓာတ်လေးနဲ့ဆိုတော့ ကိုယ့်အသိက သူက အဲ့မှာ အိပ်နေတာ။ သူက ပလွေတွေ ဘာတွေမှုတ်နေသေးတယ်။ အဲဒီကနေ ပြူးတူးပြဲတဲဖြစ်ပြီးတော့ သတိလစ်ပြီး ဆုံးသွားတာပေါ့။ ဟိုဘက်နေ့က သပြေတန်းရွာက တစ်ယောက် ရိတ်ခြွေစက် မောင်းတဲ့ကောင်လေးပေါ့ နေပူထဲက ပြန်လာပြီး ရေခဲရေသောက်ပြီး ရေချိုးလိုက်တာ တောင့်ကနဲဖြစ်ပြီး လစ်တာပဲ။ ကိုယ်သိသလောက်ဆို  လောလောဆယ် သုံးယောက်‌လောက်ရှိသွားပြီ” ဟု ပြောကြားသည်။

တောင်ငူခရိုင်တွင် ပြီးခဲ့သော ဧပြီလအတွင်း နေ့အပူချိန်မြင့်တက်ခဲ့သည့် အခြေနေနှင့်ပတ်သက်ပြီး “ဧပြီလတုန်းက အပူချိန်က ၄၃ ဒသမ ၂ အထိရောက်ခဲ့တယ်။ ဒါပေမဲ့ ဧပြီလရဲ့ အမြင့်ဆုံးအပူချိန်က ၄၄ ဒသမ ၇ ဒီဂရီစင်တီဂရိတ်အထိရှိခဲ့ဖူးတယ်။ ၂၀၂၁ တုန်းက ဖြစ်ခဲ့တာပေါ့နော်။ အခုပြီးခဲ့တဲ့ ဧပြီလတုန်းက ရက်ဆက်အပူချိန်မြင့်တက်နေခဲ့တာပေါ့နော်။ တစ်လလုံးပဲ အပူချိန် ၄၀ အ ထက်မှာရှိနေခဲ့တာပေါ့။ ဒါပေမဲ့ အပူချိန်က စံချိန်ချိုးလားဆိုတော့လည်း မချိုးဘူး။ စံချိန်တော့မချိုး တစ်လလုံးအပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ်အောက်လည်း မကျဘူးဆိုတော့ တော်တော်တော့ ဆိုးတာပေါ့နော်” ဟု တောင်ငူခရိုင် မိုးဇလတာဝန်ရှိသူက ပြောကြားသည်။

တောင်ငူခရိုင်တွင် မေ ၂ ရက် ညပိုင်းက မိုးရွာခဲ့ပြီး မေ ၆ ရက်အထိ မိုးထပ်မံရွာခြင်းမရှိသေးဘဲ မိုးအုံ့လိုက် နေပူလိုက် အခြေအနေဖြင့် နေ့အပူချိန် မြင့်တက်လျက်ရှိသည်။

Most Read

Most Recent