အိုမီခရွန်ကိုဗစ်မျိုးကွဲသစ်နှင့် အလားအလာ

အိုမီခရွန်ကိုဗစ်မျိုးကွဲသစ်နှင့် အလားအလာ
Photo:tirto.id
Photo:tirto.id
Published 12 December 2021
ဒေါက်တာလွင်သန့်

တောင်အာဖရိက၊ ဘော့ဆွာနာနိုင်ငံမှ စတင်တွေ့ရှိထားတဲ့ ကိုဗစ်မျိုးကွဲသစ် (SARs CoV-2B.1.1.529) ကို အိုမီခရွန် (Omicron) လို့ အမည်ပေးထားပြီးအခြား မျိုးကွဲတွေထက် ကူးစက်မှုမြန်ဆန်နိုင်လို့ စိုးရိမ်ရတဲ့မျိုးကွဲသစ်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က နိုဝင်ဘာ ၂၆ ရက်မှာ ကြေညာခဲ့တယ်။ ကမ္ဘာတစ်ဝန်း ကူးစက်၊ သေဆုံးမှုများပြားခဲ့တဲ့ ဒယ်တာ (Delta) မျိုးကွဲတုန်းကလို ကူးစက်မှုတွေများလာနိုင်ပြီး ဒုက္ခမျိုးစုံပေးနိုင်မယ့်မျိုးကွဲသစ်ဖြစ်ကြောင်း သိရပါတယ်။

မျိုးကွဲအသစ်အကြောင်း တောင်အာဖရိကမှ နိုဝင်ဘာ ၂၄ ရက်က အဦးဆုံးအစီရင်ခံတင်ပြလာခဲ့ပြီး နိုဝင်ဘာ ၉ ရက်မှာ ပထမဆုံးအနေနဲ့ မျိုးကွဲသစ်ကူးစက်မှု ရှိနေကြောင်း အတည်ပြုကာ တောင်အာဖရိကမှာ ကူးစက်မှုမြင့်မားခဲ့ပါတယ်။ ကနဦးတွေ့ရှိထားတဲ့ အချက်အလက်တွေအရ ဗီဇပြောင်းလဲမှု အများအပြားတွေ့ရှိရတဲ့အတွက် အန္တရာယ်ရှိတဲ့မျိုးကွဲသစ်ဖြစ်ပြီး ကူးစက်ဖူးပြီးသား လူတွေမှာပါ ကူးစက်နိုင်ခြေများတာ တွေ့ရှိရတယ်လို့ WHO က ဆိုပါတယ်။ အိုမီခရွန်မျိုးကွဲကို လက်ရှိ အသုံးပြုနေတဲ့(SARs CoV-2-PCR) စစ်ဆေးမှုနည်းလမ်းနဲ့ စစ်ဆေးနိုင်တယ်လို့ WHO က ဆိုပါတယ်။

ကိုဗစ်ကပ်ရောဂါစတင်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ ၂၀၂၁ ခုနှစ်တို့ဟာ မျက်မှောက်ခေတ် ၂၁ ရာစု ကမ္ဘာ့ တိုးတက်မှု အဆုတ်ယုတ်ဆုံး နှစ်များအဖြစ် ပါဝင်သွားပြီပဲဖြစ်တယ်။ ၂၀၂၂ ခုနှစ်အထိ အဆုံးသတ်မယ့်  လက္ခဏာမရှိသေးပါဘူး။ ယခုလည်း အိုမီခရွန်ဗီဇပြောင်း ကိုဗစ်မျိုးဗီဇသစ်ပျံ့နှံ့နေမှုက စီးပွားရေးနှေးကွေးဦးမှာဖြစ်ပါတယ်။

ကမ္ဘာတိုးတက်မှုကို လျှော့ချခန့်မှန်းခြင်းဟာ အမြဲတစေပြောင်းလဲနေတဲ့ ကမ္ဘာ့ကပ်ရောဂါကြောင့် ဖြစ်တဲ့ နောက်ထပ်ဝရုန်းသုန်းကား အခြေအနေတစ်ရပ်ရဲ့ လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။ ကမ္ဘာ့ငွေကြေး ရန်ပုံငွေအဖွဲ့က စိုးရိမ်သလို အိုမီခရွန်မျိုးဗီဇပြောင်းဟာ ဗြိတိန်၊ နယ်သာလင်၊ ကနေဒါ၊ အမေရိကန်၊ ဆော်ဒီအာရေဗျ၊ ယူအေအီး၊ မလေးရှား၊ ထိုင်း၊ အိန္ဒိယ၊ စင်ကာပူ၊ ဗီယက်နမ်၊ ဂျပန် စတဲ့နိုင်ငံပေါင်း ၄၀ ကျော် ကူးစက်ပျံ့နှံ့နေပြီပဲဖြစ်ပါတယ်။ အိုမီခရွန်ကြောင့် နိုင်ငံတကာမှကူးစက်မှု ကောင်းစွာထိန်းချုပ်နိုင်ရေးအတွက် ခရီးသွားလာရေးစည်းမျဉ်းများ တင်းကျပ်လိုက်ပါတယ်။

အိုမီခရွန်ရဲ့ မြန်ဆန်လှတဲ့ ကူးစက်မှုနှုန်းက ကြောက်စရာ ကောင်းလှပါတယ်။ သုတေသီများ ခန့်မှန်းယူဆချက်အရ ဖြစ်နိုင်တဲ့ အချက်မှာ သာမန်တုပ်ကွေးရောဂါပိုးလို အခြားဗိုင်းရပ်မှ မျိုးရိုးဗီဇအချို့ ရယူထားဖွယ်ရှိတဲ့အတွက် လူသားတို့ရဲ့ကိုယ်ခံအားစနစ်ကို အလွယ်တကူကျော်လွှားဝင်ရောက် ကူးစက်နိုင်ခြင်းဖြစ်တယ် ဆိုပါတယ်။

ကူးစက်မြန်အိုမီခရွန်ဗီဇပြောင်း ရောဂါပိုးထွက်ပေါ်လာလို့ နောက်ထပ် လော့ဒေါင်းများ ချမှတ်ခြင်း၊ အသွားအလာ ကန့်သတ်ခြင်းလို ရောဂါပိုးကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေး လုပ်ငန်းများကို မဖြစ်မနေ လုပ်ဆောင်ရမှာဖြစ်လို့ စီးပွားရေးဟာလည်း ဘယ်လိုမှတည်ငြိမ်မှုရှိနိုင်မှာ မဟုတ်ပါဘူး။ နာလန်ထူခါစ ကုန်သွယ်ရေးလုပ်ငန်းကူးသန်းရောင်းဝယ်ရေး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများဟာ ကိုဗစ်ကမ္ဘာ့ကပ်ရောဂါ စတင်ဖြစ်ပွားစဉ်ကလို ရပ်ဆိုင်းရဖွယ်ရှိနေပါတယ်။

“ကြိုတင်ပြင်ဆင်ထားဖို့နဲ့ သတိရှိဖို့ဖြစ်ပြီး ကြောက်လန့်တုန် လှုပ်ဖို့မလိုကြောင်း၊ မနှစ်ကနဲ့ မတူတဲ့ အခြေအနေပိုင်ဆိုင်ထားကြောင်း” ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သိပ္ပံပညာရှင် ‘ဆိုမြဆွာမိ နာသန်’ က ပြောကြားထားပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရေးပေါ် ကိစ္စများဆိုင်ရာညွှန်ကြားရေးမှူး ‘မိုက်ရိုင်ယန်’ ကလည်း အိုမီခရွန် တိုက်ထုတ်နိုင်ရေးအတွက် လက်ရှိ ခွင့်ပြုပြီးသားကာကွယ်ဆေးများကို အဆင့်မြှင့်တင်ပြောင်းလဲဖို့ လိုအပ်တယ်လို့ဆိုပါတယ်။ ဖိုင်ဇာကုမ္ပဏီက နောက်ရက် ၁၀၀ မှာ အိုမီခရွန် ကာကွယ်‌ဆေးသစ် ထုတ်လုပ်ဖြန့် ဖြူးနိုင်ပြီး မိုဒါနာကုမ္ပဏီက ၂၀၂၂ ခုနှစ် မတ်လမှာ ထုတ်လုပ်ဖြန့်ဖြူးနိုင်မှာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ပြည်သူများအနေနဲ့ထပ်ဆင့်မြှင့် ကာကွယ်ဆေးထိုးနှံကြဖို့ နှိုးဆော်ထားပါတယ်။ ဗြိတိန်အစိုးရကလည်း ကာကွယ်ဆေးအလုံးရေ သန်းနဲ့ချီ စုဆောင်းထားပါတယ်။ တရုတ်နိုင်ငံက အာဖရိကပြည်သူများအတွက် ကိုဗစ်ကာကွယ်ဆေး တစ်ဘီလျံကျော် လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။ အလားတူ တာဝန်ရှိသူများအနေနဲ့ လက်ရှိစျေးကွက် အတွင်းရရှိနိုင်တဲ့ ကာကွယ်ဆေးများကို အသုံးပြုခြင်းကသာ ပြည်သူများ ကာကွယ်ဆေးထိုးပေးဖို့ လုပ်ဆောင်သင့်ကြောင်း (WHO) ညွှန်ကြားရေးမှူး ‘မိုက်ရိုင်ယန်’ က ဆိုပါတယ်။

အိုမီခရွန်ကြောင့် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှေးကွေးစေတဲ့အတွက် အဖြေတစ်ခုရှိရမှာ ဖြစ်ပါတယ်။ ခရီးသွားလာမှုကို တားမြစ်ပိတ်ပင်ခြင်း၊ ကုန်သွယ်မှု လုပ်ငန်း လျှော့ချခြင်းနဲ့ သွားလာမှု နှောင့်နှေးကြန့်ကြာအောင် လုပ်ခြင်းတို့မဟုတ်ဘဲ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်စွမ်းကို တိုးမြှင့်ခြင်း၊ လူတိုင်း ကိုဗစ်ကာကွယ် ဆေးနှစ်ကြိမ်၊ ထပ်ဆင့်မြှင့်တစ်ကြိမ် ပေါင်း သုံးကြိမ်ထိုးနှံဖို့သာ လိုအပ်ပါတယ်။

ခရီးသွားလာမှုကို တားမြစ်ပိတ်ပင်ခြင်းဟာ အချိန်ကုန်ပြီး အကျိုးနည်းတဲ့ လုပ်ရပ်ဖြစ်ကာ နယ်စပ်များကို ထိန်းချုပ်ခြင်းဟာ အိုမီခရွန်ကူးစက်ပျံ့နှံ့မှုကို ဟန့်တားနိုင်ရေးအတွက် အလုပ်မဖြစ်ကြောင်း၊ နိုင်ငံတိုင်းနဲ့ လူ့အဖွဲ့အစည်းတိုင်းက နောက်ထပ်ကူးစက်လာနိုင်တဲ့ အခြေအနေများအတွက် အသင့်ပြင်ဆင်ထားရမှာ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အနောက်ပစိဖိတ်ဒေသ ညွှန်ကြားရေးမှူးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။

နိုင်ငံများအနေနဲ့ ကိုယ့်နိုင်ငံအတွင်းရှိ ရောဂါပိုးကူးစက်ခံရနိုင်ခြေများသူများကို ကာကွယ်ဆေး အပြည့်အဝထိုးပေးခြင်းနဲ့ နှာခေါင်းစည်းတပ်ခြင်း၊ တစ်ဦးနှင့် တစ်ဦး လူမှုအကွာအဝေး ခြောက်ပေခွာခြင်း၊ လက်ကိုရေဆပ်ပြာတို့နဲ့စက္ကန့် ၂၀ ကျော်ကြာ ဆေးကြောခြင်း၊ လူစုလူဝေးရှောင်ခြင်းများပြုလုပ်တဲ့အပြင် ကာကွယ်ရေးနည်းလမ်းများကို ပြည်သူများ လိုက်နာစေဖို့ တင်းကျပ်ခြင်းကသာ ပိုမိုထိရောက်မှာဖြစ်ကြောင်း ညွှန်ကြားရေးမှူး ‘တာတဲ့ရှီကာဆိုင်း’ က တိုက်တွန်းထားပါတယ်။

ကူးစက်မြန်ပြီး ရောဂါပိုးပြင်းထန်စေတဲ့ မျိုးကွဲကြောင့် ကိုယ်ဝန်ဆောင်မိခင်မွေးဖွားချိန်မှာ ကလေး အသေမွေးဖွားနှုန်း ၅၀ ရာခိုင်နှုန်း မျှရှိနိုင်တယ်လို့ လေ့လာမှုအချက်အလက်တွေက ဆိုတယ်။ ၂၀၂၁ ခုနှစ် ဇူလိုင်မှစက်တင်ဘာလကြား ကိုဗစ်ကူးစက်ခံမိခင်တွေဆီကနေ ကလေးအသေ မွေးဖွားမှုဟာ ၁၂၀၀ ဦးမျှရှိခဲ့ပြီး သုံးရာခိုင်နှုန်း ဖြစ်ခဲ့ကြောင်း သိရတယ်။

အမေရိကန်မှာ ကိုဗစ်ကြောင့် ၂၀၂၁ ခုနှစ်အတွင်း သေဆုံးသူဦးရေဟာ ၂၀၂၀ ပြည့်နှစ်တစ်နှစ်လုံးစာ သေဆုံးမှုအရေအတွက်ထက် ပိုမိုများပြားခဲ့ပြီလို့သိရပါတယ်။ အမေရိကန်ပြည်သူ ၄၀ ရာခိုင်နှုန်းမှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံထားခြင်းမရှိသေးဘဲ ကူးစက်မှုနှေးကွေးသွားစေရေးကြိုးပမ်းရာမှာ အခက်အခဲနဲ့ စိန်ခေါ်မှုများ ရင်ဆိုင်နေရဆဲဖြစ်ကြောင်း အမေရိကန်ကျန်းမာရေး ပညာရှင်တွေက သုံးသပ်ကြပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူများအနေနဲ့လည်း ရောဂါ ကူးစက်မှုခံရနိုင်ကြောင်း၊ နောက်ဆက်တွဲ ကိုဗစ်ရောဂါလက္ခဏာများ ဖြစ်နိုင်ခြေရှိသေးကြောင်း ဆိုပါတယ်။မောပန်းလွယ်တာ၊ အသက်ရှူမဝတာ၊ ရင်ဘတ် အောင့်တာ၊ အာရုံမစူးစိုက်နိုင်တာ၊ အိပ်မပျော်တာ၊ မူးဝေတာ၊ အားအင်ကုန်ခန်းတာ၊ စိတ်ဖိစီးမှု (Stress) များတာတို့ဖြစ်နိုင်ပါတယ်။

ဖိုင်ဇာကာကွယ်ဆေးက ဆယ်ကျော်သက်တွေမှာ အချိန်ကြာကြာ ကာကွယ်ပေးနိုင်ကြောင်း နိုဝင်ဘာ ၂၂ ရက်မှာ ကုမ္ပဏီက ထုတ်ဖော်ပြောဆိုထားပါတယ်။ FDA က အသက် ၁၂-၁၈ ကြား ကာကွယ်ဆေးထိုးနှံမှုအပြီး သုံးသပ်ခဲ့ပါတယ်။ အသက်(၅-၁၂) နှစ်အရွယ်တွေကို ထိုးနှံခွင့်ပြုထားပါတယ်။ တတိယအကြိမ် ထိုးနှံပေးမှုက ကိုဗစ်မျိုးဗီဇများကို ပိုမိုကောင်းမွန်စွာ၊ အချိန်ပိုမိုကြာမြင့်စွာ အကာအကွယ်ပေးနိုင်တယ်လို့ သုတေသနမှာ ဖော်ပြထားပါတယ်။

အိုမီခရွန် ကိုဗစ်ထိန်းချုပ်ရာမှာ မမျှမတဖြစ်နေတဲ့အခြေအနေလည်း ရှိနေပါတယ်။ ချမ်းသာတဲ့ နိုင်ငံတွေက ထပ်ဆင့်မြှင့် ကာကွယ်ဆေးထိုးနှံပေးနေချိန်မှာ ဆင်းရဲတဲ့ နိုင်ငံများ ကာကွယ်ဆေး မထိုးနှံနိုင်ခြင်း၊ အပြည့်အဝမထိုးပေးနိုင်ခြင်းများ တွေ့မြင်နေရပါတယ်။ အစ္စရေးနိုင်ငံမှာ လေးကြိမ်‌မြောက်ထိုးနှံပေးခဲ့တယ်။

နိုင်ငံအများအပြားဟာ ကမ္ဘာ့ကျန်းမာရေး (WHO) အဖွဲ့အပါအဝင် သိပ္ပံပညာရှင်အချို့ရဲ့ တိုက်တွန်းချက်များ လိုက်နာခြင်းမရှိသလို ချမ်းသာတဲ့နိုင်ငံများကသာ အိုမီခရွန်ကာကွယ်ဆေး ပေါ်ပေါက်လာရင်လည်း ကြိုတင် စုဆောင်းထိုးနှံဖို့ရှိနေပါတယ်။ အိုမီခရွန်ဗီဇပြောင်း ကိုဗစ်ရောဂါပိုးဟာ ကမ္ဘာ့စီးပွားရေးကို နောက်တစ်ကြိမ် ကိုင်လှုပ်နိုင်လောက်အောင် အစွမ်းရှိနေပါတယ်။

အိုမီခရွန်ရောဂါပိုး ကူးစက်ပျံ့နှံ့မှုအတွက် လော့ဒေါင်းအသစ်များ ချမှတ်ခြင်း၊ ခရီးသွားလာမှုကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ခြင်း၊ တတိယအကြိမ် ကိုဗစ်ကာကွယ် ဆေးထိုးနှံစေခြင်းတို့အတွက် သက်ဆိုင်ရာနိုင်ငံအသီးသီးရဲ့ အခွင့်အရေးနဲ့လုပ်ပိုင်ခွင့်များဖြစ်နေတယ်။ အတင်းအကျပ် ဖိအားပေးနိုင်တာ မဟုတ်ပါဘူး။ လူတိုင်း နှာခေါင်း စည်းတပ်ခြင်း၊ လက်ကို ရေဆပ်ပြာတို့နဲ့ စက္ကန့် ၂၀ ကျော်ကြာ ဆေးကြောခြင်း၊ လူတစ်ဦးနဲ့ တစ်ဦးလူမှု အကွာအဝေး ခြောက်ပေအနည်းဆုံး ထားရှိခြင်း၊ လူစုလူဝေး ရှောင်ခြင်းများ ပြုကျင့်သင့်ပါတယ်။

ကိုဗစ်ရောဂါပိုးက ကမ္ဘာမြေပေါ်က မပျောက်သေးဘဲ (၄-၅) နှစ် ကြာမြင့်စွာနေဦးမယ်ဆိုတော့ မျိုးကွဲဗီဇသစ်တွေ မကြာခဏ ပြောင်းလဲဝင်ရောက်နိုင်ပါတယ်။ ကာကွယ်ဆေးထိုးပြီးသူတွေအတွက် ရောဂါပြင်းထန်တာ၊ အောက်စီဂျင်ရှူရတာ၊ ဆေးရုံတက်ရတာ၊ ကျူ (Q-Quarantine) ဝင်ရတာမျိုးမရှိနိုင်ပေမဲ့ အိုမီခရွန်မျိုးဗီဇအသစ်အတွက် ဖျားတာ၊ နှာချေတာ၊ ခေါင်းကိုက်တာ၊ အဆစ်အမြစ်ကိုက်တာ၊ အိပ်မပျော်တာ၊ ချောင်းဆိုးတာ၊ ပင်ပန်းနွမ်းနယ်တာမျိုးရှိနိုင်ပြီး ကူးစက်မြန်စေတဲ့အတွက် တုပ်ကွေး ဖြစ်သလို တစ်အိမ်မှာ တစ်ယောက် ကူးစက်ရင် အိမ်ရှိလူအကုန် ကူးစက်နိုင်တာကြောင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ လိုက်နာသင့်ပါတယ်။ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ် အပြည့်အဝထိုးနှံပေးပြီး လိုအပ်ပါက တတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးဖို့၊ ကလေးသူငယ် (၅-၁၅) နှစ်အရွယ် ကာကွယ် ဆေးထိုးနှံပေးဖို့ လိုအပ်လာပြီပဲ ဖြစ်ပါတယ်။

သိပ္ပံပညာရှင်များက ပေါ်ပေါက်လာတဲ့ ကိုဗစ်မျိုးဗီဇသစ် အလိုက်ကာကွယ်ဆေး ထုတ်လုပ်သွားသလို နိုင်ငံများအချိုးကျ ဝယ်ယူထိုးနှံခွင့်ပြုသင့်ပါတယ်။ ချမ်းသာတဲ့ နိုင်ငံတွေကပဲ လက်ဝါးကြီးအုပ်ကာ ဝယ်ယူထားပြီး သူ့ပြည်သူများ ထိုးနှံသွားရုံနဲ့မျိုးဗီဇကွဲ ဗိုင်းရပ် မရပ်သွားနိုင်ပါဘူး။ အရှေ့တောင်အာရှမှာတင် လူဦးရေတစ်ဘီလျံနဲ့ အာဖရိကပြည်သူအများအပြား ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးပါဘူး။ တစ်ကမ္ဘာလုံးဖြန့် ကြက်ကာ လူတိုင်းကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ် အပြည့်အဝထိုးနှံပြီးချိန်မှာ မျိုးဗီဇကွဲကူးစက်မှု နည်းပါးသွားနိုင်ပါတယ်။ တရုတ်နိုင်ငံက အာဖရိကပြည်သူတွေအတွက် ကိုဗစ်ကာကွယ်ဆေး အလုံးရေ တစ်ဘီလျံ လှူဒါန်းသွားမှာဟာ ကောင်းမွန်လှပါတယ်။ ကမ္ဘာ့ကျန်းမာ‌ရေးအဖွဲ့နဲ့ အ‌မေရိကန်ပညာရှင်တို့က အိုမီခရွန်ဟာ ပိုမိုပြင်းထန်နိုင်စွမ်းမရှိလို့ ဆိုပါတယ်။

အိုမီခရွန်က ၂၀၂၂ ခုနှစ် စီးပွားရေးကို ကမ္ဘာ့စီးပွားရေး တိုးတက်မှုကိုယခင်ကလို အဆိုးဆုံး မထိခိုက်နိုင်တဲ့တိုင် အတိုင်းအတာ တစ်ခုအထိ နှေးကွေးနေစေဦးမှာပဲဖြစ်တယ်။ အိုမီခရွန်အပြင်အခြား ဗီဇပြောင်း ကိုဗစ်ကူးစက်မှုများ ကမ္ဘာမြေတစ်နေရာရာမှာ ဖြစ်ပေါ်လာဦးမှာဖြစ်တဲ့အတွက် ကမ္ဘာ့ပြည်သူများအနေနဲ့ မပေါ့ဆဘဲ ကာကွယ်ဆေးအပြည့် ထိုးနှံသွားဖို့နဲ့ ကြိုတင်ကာကွယ်ရေး နည်းလမ်းများ စနစ်တကျ လိုက်နာလုပ်ဆောင်သွားဖို့ အရေးကြီးလာပြီပဲ ဖြစ်တယ်။

Most Read

Most Recent