ကောင်းမွန်သည့်သံသရာ သို့မဟုတ် ကောင်းကျိုးဖြစ်ထွန်းလည်ပတ်ခြင်း (Virtuous Circle)

ကောင်းမွန်သည့်သံသရာ သို့မဟုတ် ကောင်းကျိုးဖြစ်ထွန်းလည်ပတ်ခြင်း (Virtuous Circle)
Published 12 December 2021
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

ယခုဆောင်းပါးကို ဆရာကြီး နန္ဒာသိန်းဇံ ဟောပြောပို့ချခဲ့သည့် အကြောင်းအရာများထဲမှ စကားလုံး၊ စကားရပ်များကို အသုံးပြုပြီး စတင်ပါမည်။ ဆရာကြီး၏ တင်ပြချက်မှာ လူ့လောကတွင် ကြီးကျယ်သော၊ ထူးခြားသော၊ ပြောင်မြောက်သော ဖြစ်စဉ်၊ ဖြစ်ရပ်၊ အကြောင်းအရာများကို ပေါ်လွင်ထင်ရှားစေရေး နှိုင်းယှဉ်တင်စားဖော်ပြကြရာတွင် ပထမဦးစားပေးအနေဖြင့် ကြီးမားသော တောင်ကြီးများနှင့် နှိုင်းယှဉ်ဖော်ပြလေ့ရှိပြီး ဒုတိယ ဦးစားပေးအနေဖြင့် ပင်လယ်ကြီးများနှင့် နှိုင်းယှဉ်လေ့ရှိကြပါသည်။ အမှန်တကယ် အကြီးကျယ်ဆုံး ဖြစ်သည်မှာ “လူတို့၏ စိတ်ကူးဉာဏ်” ဖြစ်ကြောင်းကို ဆရာကြီးက မှတ်ချက်ပြု ဟောပြောခဲ့ပါသည်။

ဆရာကြီး၏ တင်ပြချက်ကို အခြေခံကာ “လူ၏စိတ်ကူးဉာဏ်” ကြောင့် လူသားတို့အပေါ်တွင် အကျိုးသက်ရောက်မှု ကြီးမားစွာ တည်ရှိပုံကို အကျဉ်းမျှတင်ပြပါမည်။ ဤတွင် ပေါ်လွင်ထင်ရှားစေရေးအတွက် ကောင်းကျိုးသက်ရောက်မှု အပိုင်းကို တင်ပြခြင်း မပြုဘဲ လူသားတို့အပေါ်တွင် ပြင်းထန်သော ဆိုးကျိုး အကျိုးသက်ရောက်မှုကို သာတင်ပြပါမည်။ ဆရာကြီး ကားလ်မာ့(ခ်)(စ်) သည် ၎င်းရေးသားပြုစုခဲ့သည့် “အရင်းကျမ်း” နှင့် “ကွန်မြူနစ် ကြေညာစာတမ်း” ကြီးကို ၁၈၄၈ ခုနှစ်တွင် (ယနေ့ တွေ့ရှိရသည့် စာအုပ်စာတမ်းများတွင် ခုနှစ်အနည်းငယ်အပြောင်းအလဲ ရှိနိုင်ပါသည်) ထုတ်ဝေခဲ့ပါသည်။

အဆိုပါ ကွန်မြူနစ်ကြေညာစာတမ်းနှင့် အရင်းကျမ်းကို အခြေခံကာ နိုင်ငံပေါင်းများစွာတွင် နိုင်ငံရေးလှုပ်ရှားမှုများ ဖြစ်ပေါ်လာစေခဲ့ပါသည်။ သေကျေပျက်စီးစေခဲ့သည့် လူအရေအတွက်ကို အတိအကျမဟုတ်သော်လည်း မှတ်တမ်းတင်ခဲ့ကြသည့် အကျဉ်းချုပ်ကို တင်ပြရပါလျှင် တရုတ်နိုင်ငံတွင် ခရီးရှည်ချီတက်ပွဲပြုလုပ်ပြီး ခရီးစဉ် တစ်လျှောက် မြို့၊ ရွာများရှိ အရင်းရှင် မှန်သမျှကို သတ်ဖြတ်ခဲ့ကြသည်မှာ သတ်ဖြတ်ခံကြရသည့် လူအရေအတွက်ကို မှတ်တမ်းတင်ခြင်းပင် မတွေ့ရှိရပါ။ ဆိုဗီယက်တွင် လူဦးရေ ရှစ်သန်းခန့်၊ ဂျာမနီတွင် လူဦးရေ ခြောက်သန်းခန့်နှင့် ကမ္ဘောဒီးယားတွင် ကျင်းတူးပြီး အသတ်ခံရသူများမှာ လူဦးရေ သုံးသန်းခန့်ရှိကြောင်း ကြားသိလေ့လာရပါသည်။

ထို့ကြောင့် စုစုပေါင်းခန့်မှန်း လူဦးရေ အနည်းဆုံး သန်း ၂၀ ခန့် သေကျေပျက်စီးခဲ့ရသည်ဟု ပြောနိုင်ပါသည်။ ထိုစဉ်အချိန်အခါက တည်ရှိနေသည့် လူဦးရေနှင့် နှိုင်းယှဉ်ပါက အလွန်များပြားသည့် အရေအတွက် ဖြစ်ပါသည်။ စာရေးသူ တင်ပြလိုသည့်အချက်မှာ “လူ၏စိတ်ကူးဉာဏ်” ကြောင့် လူ့အသက်ပေါင်း မြောက်မြားစွာ သေကျေပျက်စီးစေနိုင်ပါသည်ဆိုသော အချက်ဖြစ်ပါသည်။

စာရေးသူအနေနှင့်မူ ကြီးကျယ်သော၊ ထူးခြားသော၊ ပြောင်မြောက်သော ဖြစ်စဉ်ဖြစ်ရပ်အကြောင်းအရာများကို တင်ပြနိုင်စေရေးအလို့ငှာ အထက်တွင် ဖော်ပြသကဲ့သို့ “လူ၏စိတ်ကူးဉာဏ်” ကြောင့် ဖြစ်ပေါ်စေခဲ့သည့် နင့်နင့်သီးသီး ခါးသီးသော ဖြစ်ရပ်များကို တင်ပြခြင်းထက် “လူ၏စိတ်ကူးဉာဏ်” ကြောင့် ကောင်းကျိုးချမ်းသာကို ဆောင်ကြဉ်းပေးနိုင်စေမည့် စဉ်းစားတွေးခေါ်ချက်များကို တင်ပြပါမည်။ အဆိုပါ အကြောင်းအရာမှာ တိုင်းပြည်နိုင်ငံတော်နှင့် လူသားတို့အတွက် ကောင်းမွန်သည့် သံသရာ သို့မဟုတ် ကောင်းကျိုးဖြစ်ထွန်းလည်ပတ်ခြင်း (Virtuous Circle) ကို ဖြစ်ပေါ်စေရန် “လူ၏စိတ်ကူးဉာဏ်” ဖြင့် စဉ်းစားတွေးခေါ်ထားချက်များနှင့် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြသည့် အတွေ့အကြုံများပင် ဖြစ်ပါသည်။

လူ့လောက သဘာဝအရ ကောင်းရာ၊ ကောင်းကျိုး၊ ကောင်းမွန်သည့် သံသရာလည်ပတ်နေစေရန်မှာ အကြောင်းအရာအားလုံး ပေါင်းစုံ စနစ်တကျဟန်ချက်ညီညီနှင့် ထိန်းသိမ်းဆောင်ရွက်နေကြရမည့်အခြေအနေ ဖြစ်ပါသည်။ ပျက်စီးစေရန်အတွက်မှာမူ အချက်တစ်ချက် ချို့ယွင်းပျက်စီးသွားသည်နှင့် တစ်ပြိုင်နက် ကောင်းမွန်သည့် သံသရာမှာ အလွယ်တကူ ပျက်စီးသွားစေနိုင်ပါသည်။ စာဖတ်သူတို့ အလွယ်တကူသိမြင်နိုင်စေရန် ဥပမာနှင့် တင်ပြရပါလျှင် မော်တော်ကားတစ်စီး သွားလာမောင်းနှင်လည် ပတ်နေစေရန်မှာ ကား၏ အစိတ်အပိုင်း အားလုံးကောင်းမွန်နေစေရမည်ဖြစ်ပြီး ကားဘီးတစ်လုံး ပျက်စီးသုံးမရတော့သည်နှင့် ကားမှာ သွားလာမောင်းနှင်ရန် မဖြစ်နိုင်တော့သည့် အခြေအနေဖြစ်ပါသည်။ တစ်နည်းအားဖြင့် တင်ပြရပါလျှင် တိုင်းပြည်နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းစဉ်များသည် အကြောင်းအရာ တစ်ချက်အားနည်း ယိုယွင်း ပျက်စီးသွားသည်နှင့် တစ်ပြိုင်နက် ကောင်းမွန်သည့် သံသရာမှ ဆိုးရွားသံသရာ၊ ရက်စက် ပြင်းထန်သည့်ဝဲသြဃ (Vicious Circle) အတွင်းသို့ အလွယ်တကူ ပြောင်းလဲ သက်ဆင်းသွားစေနိုင်ပါသည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ မိမိတို့တိုင်းပြည် နိုင်ငံတော်ကြီး ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာ ရှိစွာ ရပ်တည်နိုင်စေပြီး ခေတ်မီဖွံ့ဖြိုးလာစေရေးနှင့် ပြည်သူပြည်သားများ၊ နိုင်ငံသားများအနေနှင့် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာ အသက်ရှင် ရပ်တည်နေထိုင်နိုင်စေလျက် အမြင့်မားဆုံး ပျော်ရွှင်ချမ်းမြေ့မှုကို ခံစားရရှိနိုင်စေမည့် ပတ်ဝန်းကျင် ဖြစ်ပေါ်လာစေရေးအတွက် ဖြစ်ပါသည်။ ထိုကဲ့သို့သော ပတ်ဝန်းကျင် ဖြစ်ပေါ်လာစေရေးမှာ ကောင်းမွန်သည့် သံသရာ သို့မဟုတ် ကောင်းကျိုးဖြစ်ထွန်း လည်ပတ်နိုင်စေရန် အခြေခံများ ဖြစ်ထွန်းပေါ်ပေါက်လာစေကာ ရေရှည်ခိုင်မြဲစွာ တည်ရှိဖြစ်ပေါ်နေစေရေးကို ရည်ရွယ်ပါသည်။

ဤတွင် စာဖတ်သူတို့အနေနှင့် စာလေးခြင်းကို လျှော့ချ ရှောင်ရှားနိုင်စေရေးအလို့ငှာ အင်္ဂလိပ် စကားလုံး၊ စကားရပ်များကို မြန်မာသို့ ဘာသာပြန်ဆိုရာတွင်သော် လည်းကောင်း၊ အဓိပ္ပာယ်ဖွင့်ဆိုရာတွင် သော်လည်းကောင်း အလွယ်တကူ သိမြင်နားလည်နိုင်စေရန်အတွက် စာဖတ်သူတို့အနေဖြင့် အင်္ဂလိပ်စကားလုံး အသံထွက်ကို မြန်မာသို့ မွေးစားအသုံးပြုခြင်းအပေါ် ရင်းနှီးကျွမ်းဝင်မှုရရှိလာစေရေးကို အသုံးပြုလိုပါသည်။ ဥပမာအားဖြင့် အင်္ဂလိပ်စကားလုံး (Institution) ကို မြန်မာသို့ ဘာသာပြန် အဓိပ္ပာယ်ဖွင့်ဆိုမည်ဆိုပါက “ဖွဲ့စည်းတည်ဆောက်ပုံစနစ် ယန္တရား” ဟု ဖော်ပြမှသာ အဓိပ္ပာယ် ပြည့်စုံမည် ဖြစ်ပါသည်။ ထိုကဲ့သို့ ဘာသာပြန် အဓိပ္ပာယ်ပြည့်စုံသော စကားလုံးကို အကြိမ်ကြိမ်အသုံးပြုရမည်ဆိုပါက စာအလွန်လေးမည် ဖြစ်ပါသဖြင့် (Institution) ကို အင်္ဂလိပ်အသံထွက် “အင်စတီကျူးရှင်း” ဟု မြန်မာမွေးစား စကားလုံးအဖြစ် အသုံးပြုမည် ဖြစ်ပါသည်။ စာဖတ်သူများအနေဖြင့်မူ အဆိုပါစကားလုံးကို ရင်းနှီးကျွမ်းဝင်မှုရှိရန် လိုအပ်ပါသည်။ စာရေးသူအနေဖြင့် စာဖတ်သူများ ရင်းနှီးကျွမ်းဝင်မှုရှိ နေစေရန်အလို့ငှာ ထုတ်ဝေပြီးသည့် စာအုပ်အမည်တွင်လည်း အသုံးပြုထားပါသည်။

ကောင်းမွန်သည့် သံသရာ သို့မဟုတ် ကောင်းကျိုးဖြစ်ထွန်း လည်ပတ်နိုင်စေရေး သဘောတရားများသည် ကဏ္ဍအသီးသီးနှင့် နယ်ပယ်အသီးသီးမျိုးစုံတွင် တည်ရှိနိုင်သည့် အခြေအနေဖြစ်သည့်အတွက် စာရေးသူအနေဖြင့် မိမိတို့ တိုင်းပြည်နိုင်ငံနှင့် ပြည်သူပြည်သားများ၊ နိုင်ငံသားများအား ကောင်းကျိုးဖြစ်ထွန်းနိုင်စေမည့် သို့မဟုတ် မိမိတို့ တိုင်းပြည်နိုင်ငံအတွက် အသုံးပြုနိုင်စေမည့် နိုင်ငံရေး အင်စတီကျူးရှင်းများနှင့် စီးပွားရေး အင်စတီကျူးရှင်းများကို အခြေခံကာ ချဉ်းကပ်သည့်နည်းလမ်းများကိုသာ တင်ပြပါမည်။ တင်ပြရာတွင်လည်း လက်လှမ်းမီရရှိနိုင်သည့် သတင်းအချက်အလက်များအပေါ်တွင် မူတည်ကာ စာရေးသူ သိမြင်နားလည်သည့်အတိုင်း ထုတ်ဖော်တင်ပြပေးပါမည်။

ပထမဦးစွာ နိုင်ငံရေးအင်စတီကျူးရှင်း နှင့် စီးပွားရေးအင်စတီကျူးရှင်းများကို အခြေခံကာ တိုင်းပြည်အတွက် အခြေခံများတည်ဆောက်ခြင်းအပိုင်းကို တင်ပြပါမည်။ ဤနေရာတွင် တင်ပြမည့် အခြေခံအကြောင်းအရာများမှာ (က) တရားဥပဒေစိုးမိုးရေး (The Rule of Law)၊ (ခ) လူ့အဖွဲ့အစည်း တစ်ရပ်အတွင်း လူမျိုးရေး၊ နိုင်ငံရေး၊ ဘာသာရေးကွဲပြားသော်လည်း ငြိမ်းချမ်းစွာ ယှဉ်တွဲနေနိုင်သည်ဟု ခံယူထားသည့်မူ သို့မဟုတ် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူ (Pluralism)၊ (ဂ) လူအများအကျိုးပြု နိုင်ငံရေးအင်စတီကျူးရှင်း (Inclusive Political Institutions)၊ (ဃ) လူအများအကျိုးပြု စီးပွားရေး အင်စတီကျူးရှင်း (Insclusive Economic Institutions) တို့ ဖြစ်ကြပါသည်။

တရားဥပဒေစိုးမိုးရေး (The Rule of Law) ဆိုသည်မှာ တရားသောဥပဒေ၊ တရားဥပဒေများနှင့် စိုးမိုးအုပ်ချုပ်ခြင်းဖြစ်ပြီး စာဖတ်သူတို့အနေဖြင့် သတိပြုစေလိုသည့် အချက်မှာ ဥပဒေများဖြင့်အုပ်ချုပ်ခြင်း (Rule by Law) နှင့် မတူညီ၊ ကွဲပြားခြားနားသည်ဆိုသည့် သဘောတရားဖြစ်ပါသည်။ တရားဥပဒေစိုးမိုးရေး၏ အခြေခံသဘောတရားများကို ရှင်းလင်းတင်ပြရပါလျှင် “…the rule of law, the principle that laws should not be applied selectively or arbitrarily and that nobody is above the law.” (Reference 1: pp-385). အဓိပ္ပာယ်ဖော်ပြချက်မှာ “တရားဥပဒေစိုးမိုးရေးအတွက် အခြေခံမူသဘောတရားမှာ ဥပဒေများထဲမှ စိတ်ကြိုက် ထင်ရာ မြင်ရာကို ရွေးချယ်ပြီး အသုံးမပြုသင့်ကြောင်းနှင့် မည်သူမျှ၊ မည်သည့် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်မျှ ဥပဒေအထက်တွင် မရှိစေရ” ဖြစ်ပါသည်။

တရားဥပဒေစိုးမိုးရေး (The Rule of Law) နှင့် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူ (Pluralism) တို့ နှစ်ခု၏ ဆက်သွယ်ချက်သည် ကောင်းမွန်သည့် သံသရာ သို့မဟုတ် ကောင်းကျိုးဖြစ်ထွန်း လည်ပတ်နိုင်စေရေးအတွက် အင်အားများ (the Dynamics of virtuous circles) ပင် ဖြစ်ပါသည်။ ပိုမိုထင်ရှားသိမြင်နိုင်စေရန် တင်ပြရပါလျှင် “Indeed, the rule of law is not imaginable under absolutist political institutions.  It is a creation of pluralist political institutions and of the broad coalitions that support such pluralism. “ (Reference 1: pp-386). ဖော်ပြထားချက်အရ “အမှန်တကယ်အားဖြင့် တရားဥပဒေ စိုးမိုးရေးသည် အကြွင်းမဲ့အာဏာကို ရယူထားရှိသည့် နိုင်ငံရေးအင်စတီကျူးရှင်းများ လက်အောက်တွင် တည်ရှိဖြစ်ပေါ်လာစေရန်မှာ စိတ်ကူးဖြင့်ပင် ရရှိဖြစ်ပေါ်နိုင်စေသည့် အကြောင်းအရာမဟုတ်ပါ။ တရားဥပဒေစိုးမိုးရေးသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးဝါဒီတို့၏ နိုင်ငံရေးအင်စတီကျူးရှင်းများကို ဖန်တီးပေးသည့်အပြင် ကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်ခြင်း၊ မဟာမိတ်ဖွဲ့နိုင်ခြင်းတို့ကလည်း ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင် ရေးမူအတွက် ထောက်ပံ့ပေးပါသည်။”

တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူ၊ လူအများအကျိုးပြုနိုင်ငံရေးအင်စတီကျူးရှင်းနှင့် လူအများအကျိုးပြု စီးပွားရေးအင်စတီကျူးရှင်းတို့ကြောင့် ကောင်းမွန်သည့် သံသရာ သို့မဟုတ် ကောင်းကျိုး ဖြစ်ထွန်းလည်ပတ်နိုင်စေရေးမြင့်မားတိုးတက်လာရပုံကို တင်ပြပါမည်။ “The virtuous circle arises not only from the inherent logic of pluralism and the rule of law, but also because inclusive political institutions tend to support inclusive economic institutions.” (Reference 1: pp-389). အဓိပ္ပာယ်မှာ “ကောင်းမွန်သည့် သံသရာ သို့မဟုတ် ကောင်းကျိုး ဖြစ်ထွန်းလည်ပတ်နိုင်စေရေး တိုးတက်မြင့်မားလာစေရန်မှာ ပင်ကိုမူလရှိရင်းစွဲ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူ သဘောတရားနှင့် တရားဥပဒေစိုးမိုးရေးသာမက လူအများအကျိုးပြု နိုင်ငံရေး အင်စတီကျူးရှင်းများနှင့် လူအများ အကျိူးပြုစီးပွားရေး အင်စတီကျူးရှင်းများ၏ အပြန်အလှန်အထောက်အကူပြုနိုင်ခြင်းများကြောင့်လည်း ဖြစ်ပါသည်။”

ဒုတိယအနေဖြင့် နိုင်ငံရေး အင်စတီကျူးရှင်းနှင့် စီးပွားရေး အင်စတီကျူးရှင်းများကို အခြေခံကာ နိုင်ငံတော်အတွက် အခြေခံများ တည်ဆောက်ခြင်းအပိုင်းနှင့် အကျိုးဖြစ်ထွန်းလာနိုင်စေမှုကို တင်ပြပါမည်။ လူအများ အကျိုးပြု နိုင်ငံရေးအင်စတီကျူးရှင်များနှင့် လူအများအကျိုးပြုစီးပွားရေးအင်စတီကျူးရှင်းများ အပြန်အလှန် အထောက်အကူပေးနိုင်ခြင်းမှ စတင်ကာ ကောင်းမွန်သည့် သံသရာ သို့မဟုတ် ကောင်းကျိုးဖြစ်ထွန်းလည်ပတ်နိုင်စေခြင်း ဖြစ်ပေါ်လာသည်ကို ပုံတွင် ဖော်ပြထားပါသည်။

လူအများအကျိုးပြု နိုင်ငံရေး အင်စတီကျူးရှင်များနှင့် လူအများ အကျိုးပြုစီးပွားရေးအင်စတီကျူးရှင်းများ အပြန်အလှန် အထောက်အကူပေးနိုင်ခြင်းသည် တရားမျှတသည့် ဝင်ငွေခွဲဝေခြင်းကို ဆောင်ရွက်နိုင်သဖြင့် တန်းတူညီမျှမှုကို ပိုမိုရရှိခံစား၊ စံစားလာနိုင်စေမည့်အပြင် တရားမျှတသည့် ယှဉ်ပြိုင်မှု ဝန်းကျင်ကိုလည်း တည်ဆောက်လာနိုင်စေမည်ဖြစ်ပါသည်။ တရားမျှတသည့် အခွင့်အရေးတန်းတူဖြစ်သည့် အခြေအနေ တည်ရှိဖြစ်ပေါ်လာစေပါက မတရားသဖြင့် အာဏာရယူနိုင်စေရေးနှင့် အာဏာကို ရယူရန် တပ်မက်မှု လျော့နည်းလာစေမည်ဖြစ်ပါသည်။ ဖော်ပြပါ ကောင်းမွန်သည့် အခြေအနေကို ရေရှည်ထိန်းသိမ်းနိုင်စွမ်းရှိလာမည်ဆိုပါက ကောင်းမွန်သည့်သံသရာ သို့မဟုတ် ကောင်းကျိုးဖြစ်ထွန်း လည်ပတ်နိုင်စေခြင်းသည် အားကောင်းမောင်းသန်သည့် အခြေအနေသို့ ရောက်ရှိလာစေမည်ဖြစ်ပါသည်။

တတိယအနေဖြင့် ကောင်းမွန်သည့် သံသရာ သို့မဟုတ် ကောင်းကျိုးဖြစ်ထွန်းလည်ပတ်နိုင်စေခြင်းကို ရေရှည်ထိန်းသိမ်းနိုင်စွမ်း ရှိလာစေရေးအတွက် အရေးကြီးသည့် အစိတ်အပိုင်းမှာ မီဒီယာ လွတ်လပ်ခွင့်ပင် ဖြစ်ပါသည်။ လွတ်လပ်သည့်သတင်းမီဒီယာများကြောင့် အနှောင့်အယှက်ဖြစ်သည်ဟု ထင်မြင်ယူဆနိုင်သော်လည်း ထိန်းကျောင်းနိုင်စွမ်းရှိပုံကို တင်ပြရပါလျှင် “Inclusive political institutions allow a free media to flourish, and a free media, in turn, makes it more likely that threats against inclusive economic and political institutions will be widely known and resisted.” (Reference 1: pp-409). ဖော်ပြထားချက်မှာ

“လူအများ အကျိုးပြု နိုင်ငံရေးအင်စတီကျူးရှင်းများအနေနှင့် ရေရှည် ရှင်သန် တိုးတက်နေစေရန်အလို့ငှာ လွတ်လပ်သည့် သတင်းမီဒီယာကို ခွင့်ပြုရပါသည်။ လွတ်လပ်သည့် သတင်းမီဒီယာသည် လူအများအကျိုးပြု နိုင်ငံရေးအင်စတီကျူးရှင်းများနှင့် လူအများအကျိုးပြု စီးပွားရေး အင်စတီကျူးရှင်းများအား ကျယ်ပြန့်စွာပိုမို သိမြင်လာစေရန်နှင့် ခံနိုင်စွမ်းရည်မြင့်မား တိုးတက်ရရှိလာစေရေးအတွက် ခြိမ်းခြောက်ခြင်းဆန်သည့် အပြုအမူများကို ဖန်တီးပြုမူဆောင်ရွက်တတ်သည်ကိုလည်း သိမြင်နားလည်နိုင်ရမည်ဖြစ်ပါသည်။”

သို့သော်လည်း စာဖတ်သူတို့ သတိပြုစေရန်မှာ လွတ်လပ်သည့် သတင်းမီဒီယာသည် လူတစ်စုအကျိုးပြု နိုင်ငံရေး အင်စတီကျူးရှင်းများ လက်အောက်တွင်သော်လည်းကောင်း၊ အကြွင်းမဲ့အာဏာရှင်များ လက်အောက်တွင်သော်လည်းကောင်း၊ အာဏာရှင်အစိုးရများ လက်အောက်တွင်သော်လည်းကောင်း တည်ရှိရှင်သန်ရန်မှာ မဖြစ်နိုင်ဆိုသည့်အချက်ဖြစ်ပါသည်။ ထို့ပြင် အထက်တွင်ဖော်ပြခဲ့သည့် အကြောင်းအရာများနှင့် ကောင်းမွန်သည့် သံသရာ သို့မဟုတ် ကောင်းကျိုး ဖြစ်ထွန်းလည် ပတ်နိုင်စေခြင်းကသာလျှင် ဒီမိုကရက်တစ် နိုင်ငံရေးအင်စတီကျူးရှင်းများ (Democratic Political Institutions) အား ဖြစ်ထွန်းပေါ်ပေါက်နိုင်စေခြင်း၏ အခြေခံအကြောင်းရင်းများဖြစ်သည် ဆိုသော အချက်လည်း ပါဝင်ပါသည်။

နောက်ဆုံးအနေဖြင့် မိမိတို့ တိုင်းပြည်နိုင်ငံ၏အခြေအနေကို အထက်တွင် ဖော်ပြခဲ့သည့် အကြောင်းအရာများ၊ အခြေအနေများဖြင့် နှိုင်းယှဉ်ချိန်ထိုးကြည့်ပါမည်။ စာရေးသူတစ်ဦးတည်း၏ အသိအမြင်အရဆိုပါလျှင် တိုင်းပြည်တည်ဆောက်ရေး၏ အခြေခံအချက်ဖြစ်သည့် တရားဥပဒေ စိုးမိုးရေးအဆင့်ကိုပင် ဖြစ်တည်ရှင်သန်လာစေရေးကို တည်ဆောက်နိုင်ခြင်းမရှိသေးပါ။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကိုလည်း ယနေ့အချိန်အထိ တိုင်းရင်းသား လူမျိုးစုအားလုံးတို့အတွက် အောင်မြင်စွာ သဘောတူ ညှိနှိုင်းဆောင်ရွက်နိုင်ခြင်းမရှိသေးပါ။ ထို့ပြင် နိုင်ငံတော် တည်ဆောက်ရေး၏ အခြေခံအချက်ဖြစ်သည့် လူအများအကျိုးပြု နိုင်ငံရေးအင်စတီကျူးရှင်းများနှင့် လူအများအကျိုးပြု စီးပွားရေးအင်စတီကျူးရှင်းများသည်လည်း ခိုင်မာအားကောင်းစွာ ရပ်တည်ရှင်သန်နိုင်စွမ်းမရှိသည့် အခြေအနေဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြရပါလျှင် မိမိတို့ တိုင်းပြည်နိုင်ငံတော်ကြီး ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာ ရှိစွာ ရပ်တည်နိုင်စေပြီး ခေတ်မီဖွံ့ဖြိုးလာစေရေးနှင့် ပြည်သူပြည်သားများ၊ နိုင်ငံသားများအနေနှင့် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာ အသက်ရှင်ရပ်တည်နေထိုင်နိုင်စေလျက် အမြင့်မားဆုံး ပျော်ရွှင်ချမ်းမြေ့မှုကို ခံစားရရှိနိုင်စေမည့် ပတ်ဝန်းကျင် ဖြစ်ပေါ်လာစေရေးတို့အတွက် ကောင်းမွန်သည့် သံသရာ သို့မဟုတ် ကောင်းကျိုးဖြစ်ထွန်းလည်ပတ်နိုင်စေရန် အခြေခံများဖြစ်ထွန်းပေါ်ပေါက်လာစေရန် တည်ဆောက်နိုင်ကြပါစေကြောင်းနှင့် ရေရှည်ခိုင်မြဲစွာ တည်ရှိဖြစ်ပေါ်နေစေရေးကို ထိန်းသိမ်းနိုင်ကြပါစေကြောင်း တင်ပြအပ်ပါသည်။

Reference:

1. “The Virtuous Circle” Daron Acemoglu and James A. Robinson (2012), “WHY NATIONS FAIL, The Origins of Power, Prosperity, and Poverty”, Profile Books Ltd. Pp-381-421.

Most Read

Most Recent