လူနှင့် ရနံ့

လူနှင့် ရနံ့
Published 25 November 2021
မင်းချောမြင့်

အနံ့ရသေးလားလို့ ကိုယ့်ကိုကိုယ် ပြန်စမ်းသပ်ရတာတော့ အမော။ ထိုင်မိတဲ့နေရာ ရောက်မိတဲ့နေရာကို သံသယဖြစ်မိရတာက ခဏခဏ။  စကာစတုန်းက ဆပ်ပြာနဲ့ လက်ခဏခဏဆေးရတာကလည်း လက်တွေ တောင် နူးပွနေပြီလားမသိ။ သတင်းတွေကြည့်လိုက်တော့လည်း ကြောက်စရာကောင်းလိုက်တာ။ သတင်းအရင်းအမြစ်တွေက အလျားလိုက်လည်း စီးဆင်းနေတော့ တမာရွက်ပဲ ပြုတ်စားတော့ရမှာလိုလို ကြက်သွန်ဖြူပဲ ခွာစားရတော့မှာလိုလိုနဲ့ မှီရာကျန်းမာရေး ဗဟုသုတတွေကို ရှောက်ဖတ်ပြီး Mask တပ် သင့်တာ တပ်ပေါ့လေ။ လူတိုင်းလည်း ကြောက်ကြတာကိုး။ ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းတယ်ဆိုတဲ့ ဆိုရိုးစကားရှိနေတာကိုး။ အချိန်တိုင်း Mask မ တပ်ကြပေမဲ့ လူတိုင်း Mask တပ်ကြဖို့ ဖြစ် လာကြရတော့တယ်။ မျက်နှာဖုံးကလေး တပ်လိုက်ပါမှ ကိုယ့်ကိုကိုယ် လုံခြုံသလိုလိုနဲ့ အများတကာကို စိတ်ချသွားရသလိုလို ဖြစ်သွားတယ်။ Mask မတပ်ရင်ပဲ ကျန်းမာရေး အသိမရှိသူလို မယဉ်ကျေးတဲ့ အမူအရာ လိုလို ဖြစ်လာတော့ Mask တွေကို အရံထား ထားရတယ်။ ကိုယ့်အားနည်းချက်ကိုက ကရိကထများရင် မနေတတ်တာမို့ Mask တွေ စတပ်ကြခါစို့ အရေးရယ် အကြောင်းရယ်ဆို Mask က တပ်စရာ မရှိတော့ဘူး ဖြစ်နေတတ်တယ်။ ကိုယ့်မှာ Mask တပ်မလာခဲ့တော့ ပါမလာခဲ့တော့ ကျန်းမာရေးအသိမရှိတဲ့လူလို ယဉ်ကျေးမှု မရှိတဲ့လူလိုလို မြင်လာတော့ တယ်။ အဲဒီစိတ်ခံစားချက်တွေက ကိုယ့်ကိုကိုယ် မလုံခြုံသလိုလို ခံစားလာရစေတယ်။ အဲဒီလိုတွေဖြစ်တာများလာတော့ Mask တွေကို အရံအဖြစ် ကိုယ့်အလုပ်လုပ်တဲ့နေရာ မှာရော ကိုယ့်အိမ်မှာကိုရော Mask အပိုတွေ ထားထားရတယ်။ အပြင်တစ်ခုခု သွားစရာလေးရှိလို့ ကိုယ့် Mask လေးကို ကိုယ့်ဘာသာတပ်လိုက်ရရင် လုံခြုံသွားသလိုလို ခံစားရတယ်။ ဒါကလည်း ဘယ်လိုအရသာမျိုးလေးလည်းတော့ မသိဘူး။ တစ်မျိုးတော့ တစ်မျိုးလေးပဲ။

လူ့ခန္ဓာကိုယ်ရဲ့ အာရုံခံစနစ်တွေ ဘယ်လိုတည်ဆေ ာက်ထားတယ်ဆိုတာကတော့ ဆေးပညာရှင် မဟုတ်တော့ မသိပါဘူး။ ကျောရိုးရှိတဲ့သတ္တဝါတွေမှာတော့ အာရုံခံစနစ်တွေ မြင့်မားကြတယ်လို့ ကြားဖူတာတော့ ရှိတယ်။ အဆုတ်နဲ့ အသက်ရှူနိုင်ပြီး သွေးနွေးတဲ့ သတ္တဝါတွေက အဆင့်မြင့်သတ္တဝါတွေလို့ ဆိုကြသတဲ့။ ကိုယ်သိသလောက်တော့ အဲဒီလို သတ္တဝါတွေမှာ နှာခေါင်းတွေပါတတ်ကြတယ်လို့ ထင်ပါတယ်။ ကျွန်တော်ထင်တာက မှားကောင်းမှားနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်ထင်တာမြင်တာ ယုံကြည်ယူဆ တွေက အမြဲမှားတတ်လို့ပါပဲ။ ဉာဏ်ရည်မမီတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ နှာခေါင်းပါလာကြတဲ့ သတ္တဝါတွေမှာ နှာခေါင်းပါလာခဲ့ကြတော့ အသက်ရှူရတာ အဆင်ပြေသလိုလိုတော့ ရှိပါတယ်။ တစ်ခါတလေ နှာခေါင်းနဲ့ အသက်ရှူမရရင် ပါးစပ်နဲ့ အသက်ရှူလို့ရပေမဲ့ နှာခေါင်းနဲ့ အသက်ရှူရတာလောက် အ ဆင်မပြေဘူး။ ပြီးတော့ နှာခေါင်းက ပါးစပ်ထက် သာတာတစ်ခုက နှာခေါင်းနဲ့ အသက်ရှူလိုက်ရင် အနံ့တွေ ခွဲခြားလို့ရတယ်။ ပါးစပ်ပေါက်ကြီးက အပေါက်သာကြီးတာ ဘာအနံ့မှ သိတာမဟုတ်ဘူး။ ပါးစပ်ပေါက်ကြီးကျယ်သလောက် အလုပ်များတာလည်းပါမယ် ထင်တယ်။ တစ်နေကုန် ဒီပါးစပ်ပေါက်ကြီးနဲ့ ပြောလိုက်ရတဲ့ စကားကုန်ကို မကုန်နိုင်ဘူး။ ပါးစပ်အငြိမ်မနေနိုင်ဘူးဆိုလို့ ၀ါးလိုက်ရတဲ့ ကွမ်းယာတွေဆို တစ်နေ့တစ်နေ့ နည်းလှတာ မဟုတ်ဘူး။ ထမင်းစားမယ်ဆိုတော့လည်း ဒီပါးစပ်နဲ့ ၀ါးရတာ။ လိုအပ်မှုအပေါ် အခြေအနေတွေပေါ်မူတည်ပြီး ဒီပါးစပ်ကြီးနဲ့ပဲ ပြောဆိုဆက်ဆံရတာပါ။ ပြီးတော့မှ ထိန်းသင့်တာ ထိန်း ဆင်ခြင်သင့်တာ ဆင်ခြင်ကြရတော့တာတွေတော့ ရှိတာပေါ့လေ။ ပါးစပ်ကြီးဆိုပြီး အလိုလိုက်လို့တော့ မရဘူး။ ပါးစပ်ကြီးကြောင့် ဖြစ်ရတဲ့ ပြဿနာတွေက နည်းတာမဟုတ်ဘူးလေ။ ပါးစပ်ကြီးနဲ့ ပြောနေသလိုမျိုး ပြောမိသွားပြန်ပါပြီ။ ရှိစေတော့။

လျှာရှည်တယ်ဆိုတဲ့ စကားကလည်း မြန်မာတွေအနက်‌ဖော်လို့ရတဲ့ မြန်မာစကား စစ်စစ်ဖြစ်ပါလိမ့်မယ်။ ကိုယ့်အလုပ်မဟုတ်ပါပဲ သူများအလုပ်မှာ ဝင်ပြောဝင်စွက်မိပြီဆိုရင် တယ်ဒီကောင် လျှာရှည်တဲ့ကောင်ပါ လားလို့ မျက်မုန်းကျိုးစရာတွေ ဖြစ်စေတယ်။ နည်းလေးလောက် လျှာရှည်လိုက်ရမှ နေသာထိုင်သာ ရှိတတ်ကြတဲ့ လူတန်းစားကလည်း သပ်သပ်တော့ ရှိတယ်။ တချို့လူတွေ လျှာရှည်ကြကာတာ ကူညီလိုစိတ်အပြည့်နဲ့ ဝင်ပြီး ပြောပြတတ်ကြတာပါ။ စိတ်လိုလက်ရ ကူညီပြောဆိုမှုတွေက လက်ခံတတ်မယ်ဆိုရင် ကိုယ်မသိတာ သိလိုက်ရတဲ့အတွက် အများကြီး အပင်ပန်းခံစရာမလိုတော့ပါပဲ အသိ ဉာဏ်ပွင့်လင်းသွားပြီး အဆင်ပြေသွားရတာတွေ ရှိပါတယ်။ လျှာရှည်တာက ကောင်းတယ် ဆိုးတယ်ဆိုပြီး ပုံသေနည်း ထုတ်လို့မရနိုင်ဘူး။ နေရာတကာ စည်းမျဉ်းတွေ ဖော်မြူလာတွေနဲ့ ချည်းပဲနေနေရရင် လူက စက်ရုပ်ကြီးနဲ့ ဘာထူးတော့မှာလဲ။ တကယ်တော့ စက်ရုပ်ကြီး ကြည့်ရတာ ကြောင်စီစီကြီးရယ်။ သူ့ခိုင်း ထားသလောက်ပဲ အလုပ်လုပ်တဲ့ ဘဝမျိုးတွေကလည်း ပျင်းစရာတော့ အတော်ကောင်းတယ်။ လျှာတောင်ရှည်မိသွားတဲ့ သဘောမျိုး ဖြစ်သွားပြန်ပါပြီ။

နှာခေါင်းအကြောင်းဆက်ပြီး လျှာရှည်လိုက်ရဦးမယ်။ အဲမဟုတ်ပါဘူး။ နှာခေါင်းအကြောင်း ဆက်ပြောရပါဦးမယ်။ နှာခေါင်းကလည်း သူ့အလုပ်နဲ့သူ အလုပ်များတယ်လို့ပဲ ပြောရမယ်။ မရပ်မနား အသက်ရှူသွင်းရတဲ့ အလုပ်လုပ်နေရပြီး ဘေးဘီဝဲယာပတ်ဝန်းကျင်မှ ရှိသမျှအနံ့တွေကို ခွဲခြမ်းစိပ်ဖြာသုံး သပ်နေရတယ်ဆိုတာ နှာခေါင်းပါတဲ့ လူတိုင်းစဉ်းစားမိကြမှာပါ။ နှာခေါင်းကောင်းနေသေးရင် ဘာမှမဖြစ်တော့ပေမဲ့ နှာခေါင်းမှာ ပြဿနာတစ်ခုခုတက်လာပြီဆိုရင်တော့ ပြင်သင့်တာပြင် ဆင်ခြင်သင့်တာဆင်ခြင်ရတော့တာပေါ့။ တကယ်လို့ သာမန်အနံ့လေးတောင်မရတော့ဘူး ဆိုရင်တော့ နှာခေါင်းကို နှိုက်ပြီး စစ်သင့်စစ်ဆေးတာတွေ လုပ်ရတော့မှာပါ။ နှာခေါင်းက ပြန်ပြီးအနံ့ရလာကာမှ ငါ့နှာခေါင်းနဲ့ငါ အဆင်ပြေသွားပြီဆိုပြီး အလုံးကြီးကျသွားရတော့တာ။ အနံ့မရတော့ရင် ရောဂါလို့ ဆိုတာကိုး။ ကိုယ့်နှာခေါင်းနဲ့ကို ကိုယ့်ရနံ့ကို ပြန်စမ်းနေရတယ်ဆိုတဲ့ သဘောမျိုးပဲ ထင်တယ်။

နှာခေါင်းနဲ့ လုပ်စားကြရတဲ့သူတွေလည်း ရှိတယ်။ နှာခေါင်းလို့ပြောလိုက်တာနဲ့ တခြားတွေ မတွေးစေချင်ဘူး။ တကယ်ကို နှာခေါင်းနဲ့ လုပ်စားကြရတာဗျ။ သူတို့လည်း သူတို့ပညာရပ်မှာ ပါရမီမြောက်အောင် ကျွမ်း ကျင်တတ်မြောက်အောင် လေ့လာထားခဲ့ရတာပါ။ သမားစဉ်သမားဆက် အဌာရသပညာရပ်တွေကို လက်ဆင့်ကမ်းသင်ကြားပေးခဲ့ကြတာလေ။ ဆရာကတော်ဖို့လိုသလို တပည့်ကလည်း ပင်ကိုယ်အရည်အသွေး ရှိနေမှ ပညာကို သင်ကြားနိုင်တာပါ။ စမ်းသပ်လေ့ကျင့်မှုတွေ အကြိမ်ကြိမ် လေ့ကျင့်လေ့လာခဲ့ပြီးကာမှ လက်တွေ့လုပ်စားလို့ရတာပါ။ ကမ္ဘာကျော်ကုမ္ပဏီကြီးတွေက လစာတွေ အမြောက်အမြားပေးပြီး အလုပ်တွေ ခန့်ထားကြတာပါ။ ကြားဖူးတာတစ်ခုဆိုရင် ကမ္ဘာကျော် နာမည်ကြီး ၀ိုင်တစ်ခွက်ဖြစ်လာဖို့အတွက်က နှာခေါင်းဗေဒအနံ့ပညာရှင်တွေ အဆင့်ဆင့် အနံ့ခံပြီးမှ ဖြစ်လာရတာပါ။ အနံ့ပါရဂူက လက်သင့်ခံနိုင်လောက်တဲ့ အရည်အသွေးရှိလာကမှ စျေးကွက်ကို တင်ပို့ရောင်းချကြရပါသတဲ့။ အနံ့ပါရဂူများကလည်း စားသုံးသူ ကြိုက်နှစ်သက်မယ့် ရနံ့ကို သုတေသနပြုလုပ်ပြီး အမြဲဆန်းသစ်နေပါသတဲ့။ ကမ္ဘာကျော် ၀ိုင်ရနံ့တစ်ခုဟာ နှာခေါင်းဗေဒအနံ့ပါရဂူတွေရဲ့ ကျေးဇူးတွေလို့ပဲ ပြောရမယ်။ ကျွန်တော်ကတော့ ကမ္ဘာထိတောင် ကျော်တာတွေ ဘာတွေ မသောက်ဖူးပါဘူး။ နှာခေါင်းအ‌ကြောင်း တွေးမိရင်းနဲ့ နှာခေါင်းပါရဂူတွေကို သတိရ သွားလို့ ပြောမိတာပါ။ ကမ္ဘာကျော်တဲ့ထိအောင် အနံ့ခံနိုင်ကြတော့ သူတို့လည်း ကမ္ဘာ ကျော်ဘောလုံးသမားတွေ သူတို့ခြေထောက်တွေ အာမခံထားကြသလို အနံ့ပါရဂူတွေကလည်း သူတို့ နှာခေါင်းတွေကို သူတို့ အာမခံထားကြမယ် ထင်တယ်။ နှာခေါင်းလေးနဲ့ပဲ အလုပ်လုပ်လုပ်နေရတာကတော့ ကောင်းသလိုလိုတော့ ရှိမယ်ထင်တာပဲ။ ဒါပေမဲ့ ရှူရတဲ့အနံ့တွေကိုလည်း စွဲသွားမှာလည်း ကြောက်ရ သေးတယ်။ ပြီးတော့ နှာစေးချောင်းဆိုး ဖြစ်ပြီဆိုရင်တောင် အလုပ်က လုပ်လို့မရနိုင်တော့ဘူးတဲ့။ သူ့နှာခေါင်းက ဒုက္ခပေးနေပြီလေ။

လူဆိုတာကလည်း မကင်းရာမကင်းကြောင်းတွေနဲ့ အသက်ရှင်ကြရတဲ့ အထဲမှာ အနံ့တွေပါမယ်ထင်တယ်။ သာမန်လူတစ်ယောက်မှာ နှာခေါင်းက ပါနေတော့ သူကြိုက်နှစ်သက်မယ့် အနံ့တွေရှိသလို သူမနှစ်သက်တဲ့ အနံ့တွေလည်း ရှိကြပါတယ်။ လူတစ်ယောက်က သူမကြိုက်နှစ်သက်တဲ့ အနံ့ရနေပြီဆိုရင် အရင်ဆုံးတုံ့ပြန်တာက နှာခေါင်းရှုံ့လိုက်ကြတာပါပဲ။ လူတစ်ယောက်က ယုတ်မာနေပြီဆိုရင်လည်း နှာခေါင်းရှုံ့ပြီး ရှုတ်ချလေ့ရှိကြပါသတဲ့။ လူတွေ ဘယ်နှစ်ယောက်က နှာခေါင်းရှုံ့ကြတာလဲဆိုတဲ့ သုတေသန စစ်တမ်းတွေတော့ မရှိကြဘူးထင်ပါတယ်။ အများစု နှားခေါင်းရှုံ့တတ်ကြတာက အပုပ်နံ့လို အော်ဂလီဆန်စရာ အနံ့တွေရပြီဆိုရင် လူတွေမခံနိုင်တော့ဘူး။ တချို့လူတွေဆို အနံ့ဆိုးတွေရလို့ ရုတ်တရက် မူးမေ့သွားတဲ့ သူ တွေတောင် ရှိကြပါတယ်။ မွှေးတဲ့အနံ့ဆိုရင် အနံ့စူးစူးတွေ မဟုတ်ရင် လက်ခံလို့ရနေသေးပေမဲ့ ရနံ့မွှေးမွှေးတွေ ကြာရှည်ရနေပြီဆိုရင်လည်း လူတွေကို ငြီးငွေ့ ရိုးအီ သရိုးသရီ ဖြစ်သွားစေနိုင်ပါတယ်။ ရှူချင်နေတဲ့ ရနံ့ မှာတောင် အကန့်အသတ်တွေနဲ့ပဲ လူတွေက လက်ခံနိုင်ကြတဲ့ သဘောရှိတယ်။

အနံ့ဆိုးတွေ၊ လေထဲမှာ ပါလာတဲ့ ဖုန်တွေရဲ့ အန္တရာယ်ကြောက်တာနဲ့ လူတွေမျက်နှာဖုံးတွေ စပြီးတပ်ခဲ့ကြတယ်လို့တော့ ထင်တာပဲ။ ကိုယ်မဟုတ်တာ လုပ်ချင်လို့ပဲဖြစ်ဖြစ် တစ်ခုခုကြောင့် ကိုယ့်မျက်နှာ မမြင်စေချင်လို့ပဲဖြစ်ဖြစ် မျက်နှာဖုံးတွေ သုံးစွဲလာကြတယ်။ အန္တရာယ်များတဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ကိုင်ကြရတဲ့သူတွေ အန္တရာယ်ကင်းအောင်လည်းပဲ မျက်နှာဖုံးတွေ သုံးစွဲကြတယ်။ မျက်နှာဖုံးတွေ သုံးစွဲကြတဲ့ ရည်ရွယ်ချက်တွေ အပေါ်မူတည်ပြီး လုပ်ဆောင်ချက်တွေကတော့ ကွဲပြားသွားကြတာပါပဲ။ ခုတော့ မဖြစ်မနေ မျက်နှာဖုံးတွေ တပ်လာကြရတော့တယ်။ တာဝန်သိတတ်တဲ့ လူတစ်ယောက်ဆိုတာဖြစ်ဖို့ ကိုယ့်ကြောင့် သူတစ်ပါး မထိခိုက်စေချင်လွန်းလို့ မျက်နှာဖုံးတွေက တပ်ကို တပ်နေရမယ့်အခြေအနေတွေ ဖြစ်လာကြတော့တယ်။

လူတို့ဟာ သူတို့ မနှစ်သက်တဲ့ ရနံ့ကလေးကိုတောင် လက်ခံလိုကြတဲ့ စိတ်က လူတိုင်းမှာ ရှိတတ်ကြပါတယ်။ ရှိသလောက်လည်း ခန္ဓာဗေဒသဘောအရ တုံ့ပြန်ကြတဲ့ သဘောရှိပါတယ်။ ခံစားချက်တွေ တုံ့ပြန်ကြ တဲ့နေရာမှာ မျက်နှာက အထိန်းချုပ်ရ အခက်ဆုံးလို့ ဆိုကြပါတယ်။ ဝမ်းနည်းတာပဲဖြစ်ဖြစ် ပျော်ရွှင်တာပဲ ဖြစ်ဖြစ် မျက်နှာတွေပေါ်မှာ ချက်ချင်းပေါ်လာကြတော့တယ်။ မျက်နှာပေါ်မှာ ပေါ်လာတဲ့ ဖီလင်ကို တကယ် ရင့်ကျက်နေပြီလို့ ထင်ရတဲ့သူတွေတောင် ထိန်းချုပ်ဖို့ မလွယ်ကူပါဘူးလေ။ မလွယ်ကူတော့လည်း မလွယ်ကူတဲ့အတိုင်း ဖြတ်သန်းကြရတာပါပဲ။ မျက်နှာဖုံးတွေ သုံးလာကြရတာ တစ်ခုတော့ ကောင်းပါတယ်။ မျက်နှာရဲ့ တစ်ဝက်လောက်ကို မျက်နှာဖုံးတွေနဲ့ ဖုံးကွယ်ထားရတော့ ဟန်ဆောင်နေရတာတွေကြောင့် ပင်ပန်းနေရတာတွေ နည်းနည်းတော့ သက်သာမယ်ထင်တယ်။ ထင်တာကတော့ ထင်တာပါပဲလေ။ မျက်နှာဖုံးတွေ တပ်ထားပေမဲ့ စိတ်မှာ မလုံခြုံနိုင်သေးတာတော့ သေချာနေပါတယ်။ အချိန်တိုင်း လူတိုင်းမှာ မျက်နှာဖုံးတွေ တပ်မနေနိုင်ကြပါဘူးလေ။

Most Read

Most Recent