သော့လေးတွေ

သော့လေးတွေ
Published 24 November 2021
မောင်မြင့်ဝင်း

ဘာရယ်မဟုတ် အခုရက်ပိုင်း သော့လေးတွေအကြောင်းကိုပဲ စဉ်းစားနေမိတယ်။ အဲလိုသော့လေးတွေကို စဉ်းစားတယ်ဆိုလို့ ကိုယ်ကသော့စုဆောင်းသူ တစ်ယောက် တော့မဟုတ်ဘူး။ ပြီးတော့ သော့လေးတွေကို ချစ်တတ်သူတစ်ယောက်လည်း မဟုတ်ပြန်ဘူး။ ပြောရရင် ကိုယ်လုပ်တဲ့ အလုပ်နဲ့ အဲဒီသော့လေးတွေနဲ့က  သီးခြားစီကိုဖြစ်နေတာ။ အဲဒါဖြင့် ဘာဖြစ်လို့ ကိုယ်ကသော့လေးတွေ အကြောင်းကို စဉ်းစားနေမိတာပါလိမ့်။ အဲဒီအဖြေကို သိချင်စိတ်နဲ့ သော့လေးတွေအကြောင်း ပိုပြီး စဉ်းစားဖြစ်ခဲ့တယ်။

တကယ်တော့ သော့တစ်ချောင်းဝယ်ဖို့က လွယ်ပေမယ့် ပိုင်ဆိုင်ဖို့ကျတော့ ထင်သလောက် မလွယ်ဘူးဆိုတာ တွေ့လာရတယ်။ ဟုတ်တယ်လေ။  အိမ်သော့တစ်ချောင်း ပိုင်ဆိုင်ဖို့အတွက်ဆိုရင် ကိုယ့်မှာ အဲဒီသော့ခတ်ဖို့အတွက် ပိုင်ဆိုင်မှုတစ်ခုခုတော့ မဖြစ်မနေ ရှိကိုရှိနေရမယ်မဟုတ်လား။ ဥပမာ အိမ်သော့တစ်ချောင်းပိုင်ဆိုင်ဖို့ဆိုရင် အရင်ဆုံး ကိုယ့်မှာ အိမ်တစ်လုံးရှိမှရမယ်လေ။ ဗီရို သော့ပိုင်ဆိုင်ဖို့အတွက် ဗီရိုတစ်လုံးရှိရမယ်ပေါ့။ ကားသော့ပိုင်ဆိုင်ဖို့အတွက်ဆိုရင် လည်းကိုယ့်မှာ ကားတစ်စီးပိုင်ဆိုင်မှရမယ်လေ။ အဲ့လိုပါပဲ။ မီးခံသေတ္တာသော့၊ စက်ဘီးသော့၊ ဆိုင်ကယ်သော့ ပြောရရင် အများကြီးမှ တကယ့်အများကြီးပဲ။ အဲဒါကြောင့် ပြောတာပေါ့။  သော့တစ်ချောင်းပိုင်ဆိုင်ဖို့ တကယ်မလွယ်ပါဘူးဆို။ တချို့ဆိုရင် သေသာသေသွားတယ် ကိုယ်ပိုင်သော့တစ်ချောင်းမှ မပိုင်ဆိုင် ဖူးသူတွေဆိုတာ အများကြီးမှ တကယ့်အများကြီး။ အဲဒီအထဲမှာ အခြေနေအရ ပိုင်ဆိုင်ခွင့် မရကြသူတွေနဲ့ ပိုင်ဆိုင်ဖို့ ကြိုးစားနေကြသူတွေလည်း ပါလိမ့်မယ်လို့တော့ မြင်မိတာပါပဲ။ အချို့အနည်းငယ်ကတော့ ပိုင်ဆိုင်ရအောင်လည်း မကြိုးစားကြတာလည်းပါလိမ့် မယ်။ (ဒီနေရာမှာ အငှားနေသူတွေ ပိုင်ဆိုင်တဲ့သော့တွေကို မဆိုလိုပါ)။

ဒီလိုဆိုရင် ကိုယ့်မှာရော။ ကိုယ့်မှာလည်း သော့တွေအများကြီးတော့ ရှိနေပါရဲ့။ ဒါပေမဲ့ အဲဒီသော့တွေက ကိုယ့်ရဲ့ပိုင်ဆိုင်မှုအစစ်တွေ တကယ်မဟုတ်ပါဘူး။ အဲဒီသော့တွေက ကိုယ်တကယ်မပိုင်ဆိုင်ရတဲ့ သော့တွေ။ ပြောရရင် သော့ခလောက် တစ်လုံးစီတိုင်းကို မပိုင်ဆိုင်ရတဲ့ သော့လေးတွေပေါ့။ တကယ်ဆိုရင် သော့ခလောက်တစ်လုံးစီတိုင်းမှာ သော့တံတစ်ချောင်းစီပဲ ရှိရမှာမဟုတ်လား။ ဒါပေမဲ့ အခုကိုယ့်လက်ထဲမှာရှိတဲ့ သော့တံတွေကတော့ သူတို့နဲ့ညီမျှတဲ့ သော့ခလောက်တွေမှ မဟုတ်တာပဲလေ။ သော့တံ တစ်ချောင်းထဲရှိရမယ့် ဆိုင်ကယ်သော့လို သော့ချိတ်တစ်ခုထဲမှာတောင် သော့တံတွေက အများကြီး ရှိနေသေးတာ။ ပြောရရင် ဆိုင်ကယ်သော့နဲ့ တွဲလျက် တခြားသော့အပိုတွေပါ ရှိနေတာကိုပြောလိုတာ။ အဲဒီလို သော့အပိုတွေ များနေလို့ ပိုင်ဆိုင်မှုတွေ အများကြီးလားဆိုတော့ မဟုတ်ပြန်ဘူး။ အဲဒီသော့တွေက သော့အပိုတွေ။ ဥပမာ သော့တစ်လုံးကို သော့ချောင်း လေးချောင်းပါတယ်ဆိုရင် အဲဒီသော့တွေကို အကုန်လုံးကို မဖြုတ်သိမ်းထားဘဲ အားလုံးကို ကိုင်ထားမိတာ။ အဲဒါကြောင့် သော့တံတွေက ဒီလောက်များနေတာ။ ဒါကလည်း ကိုယ့်ရဲ့ မေ့တတ်တဲ့ အကျင့်ကြောင့်ပါ။ ဆိုရရင်  ကိုယ်ဖွင့်ထားတဲ့ ဖုန်းဆိုင်မှာ ခတ်ဖို့ ရှေ့က တံခါးတစ်ခုထဲမှာတင် သော့ကနှစ်လုံးတောင်ရှိတာ။ အဲဒီသော့နှစ်လုံး ဆင့်ပွားထွက်လာတဲ့  သော့အချောင်းရေက ရှစ်ချောင်းဖြစ်နေပြီ။ ကျန်တဲ့ဗီရိုသုံးလုံးက သော့တွေနဲ့ပါ ပေါင်းစပ်လိုက်ရင်  သော့အပိုတွေက အများကြီး။ ဒါကြောင့်ပြောတာပေါ့ သော့တံတွေ အများကြီး ပိုင်ဆိုင်ထားပေမယ့် ဘောစိတစ်ယောက် မဟုတ်ပါဘူးလို့။ ထားတော့။

သော့တွေနဲ့ ဆက်စပ်ပြီး လက်တွေ့ဘဝကို ပြန် ကြည့်မိလိုက်တယ်။ ကိုယ့်မှာက ဥစ္စာပစ္စည်းပြည့်စုံဖို့နေနေသာ  တစ်လတစ်လ ပေးနေရတဲ့ ဆိုင်ခန်းလစာ၊ ဝန်ထမ်းစရိတ်နဲ့တင် လုံးလည်လိုက်နေတာ။ တရိပ်ရိပ်တက်နေတဲ့ ကုန်စျေးနှုန်းတွေကြားမှာ တစ်ခါတစ်ခါ ကိုယ့်မှာ အသက်ရှုလို့တောင် မဝချင်ဘူး။  လမ်းလျှောက်လိုက်တိုင်း ခါးကြားမှာ ထိုးထား တဲ့ သော့လေးတွေကတော့ တချွင်ချွင် မြည်လို့။ အဲဒီအသံတွေကို သေချာနားထောင် ကြည့်လိုက်မိတော့ တစ်ချောင်းချင်းစီတိုင်းက  ကိုယ့်ကို  စကားတွေပြောနေလေရဲ့။

သူတို့ရဲ့အသံကို ကိုယ်နားလည်သလောက် ဘာသာပြန်ကြည့်မိတယ်။

ပထမဆုံး ဗီရိုခတ်တဲ့ သော့လေးက ပြောတယ်။ “ဟေ့လူကြီး ခင်ဗျားခါးကြားမှာ ချိတ်ဆွဲထားတဲ့သော့တွေက ဘာအတွက်လဲဗျ။ အဲဒီလို သော့ခတ်ထားဖို့ တကယ်လိုလို့လားဗျာ။ ခင်ဗျားရဲ့ဗီရိုထဲကို ကြည့်ရင် ဖုန်းကဖြင့် ဟုတ်တိပတ်တိမရှိဘဲနဲ့။  တစ်သောင်း ကျော်တန် ခလုတ်ဖုန်းလေး သုံးလေးလုံးလောက်ရှိတာကိုများ သော့ခလောက်ကြီးပိတ်ပြီး ခါးကြားမှာ သော့တွေချိတ် ကြွားလုံး ထုတ်နေတာ။ ခင်ဗျားအစားကျုပ် ရှက်မိတယ်ဗျာ”

သူပြောမယ်ဆိုလည်း ပြောချင်စရာပါပဲလေ။  စျေးနှုန်းတွေ တရိပ်ရိပ်တက်နေကတည်းက  ဆိုင်မှာ ဖုန်းတွေကို ထပ်မတင်ဖြစ်တော့တာ။ အရင်ကထက် နှစ်ဆလောက် ခုန်တက်သွားတဲ့ စျေးနှုန်းတွေကို စိန်မခေါ်နိုင်တော့လို့ ဖုန်းအသစ်တွေ ထပ်မတင်ဖြစ်တော့တာ အခုထိပဲ။ အခုဆိုရင် ဖုန်းထည့် ရောင်းတဲ့ ဗီရိုထဲမှာ တစ်သောင်းကျော်တန် ခလုတ်ဖုန်းလေး သုံးလေးလုံးလောက်ပဲရှိတော့တာ။ အဲဒီအစား တခြားဖုန်းအားသွင်းကြိုးနဲ့ ဖုန်းကာဗာတွေကသာ ဖုန်းတွေနဲ့ နေရာမှာ အစားဝင်ကာ အိပ်စက်နေကြတာ။

သေတ္တာသော့လေးကလည်း ပြောလာပြန်တယ်။

“ဟေ့လူကြီး သေတ္တာမှာ အာမခံသော့ခလောက်ကြီး ခတ်ထားပြီး ခါးမှာ သော့တွေချိတ်တချွင်ချွင်နဲ့ ရှိုးထုတ်နေပါလားဗျ။ ခင်ဗျားသေတ္တာထဲမှာ အဖိုးတန်တဲ့အရာက ဘာရှိလဲ။ ကျုပ်သိရသလောက်ကတော့ ကုမ္ပဏီကို အကြွေးပေးရမယ့် ဘောင်ချာတွေရယ် တစ်ထောင်တန်ပိုက်ဆံ အနည်းငယ်ကလွဲရင် ခင်ဗျားသေတ္တာထဲမှာ ပိုင်ဆိုင်မှုကြီးကြီးမားမား မရှိပါဘူးဗျာ။ ဒါကို ခင်ဗျားက အရှက်မရှိ လူကြားထဲ သော့တွေခါးချိတ်ပြီး သွားနေသေးတယ်။ တကယ် ပိုင်ဆိုင်တာမရှိဘဲ သော့တွေပဲပိုင်တဲ့ခင်ဗျားကို အံ့သြမိတယ်။ တကယ်တော့ ခင်ဗျားက သော့တစ်ချောင်းချင်းစီတိုင်းရဲ့ သော့အလုံးရေကိုတောင် မပိုင်တဲ့  ခပ်ကြွားကြွား လူကြီးတစ်ယောက်ပါဗျာ..ဟားဟား”

အမှန်တွေပြောနေတဲ့ သော့လေးတွေရဲ့ စကားသံတွေအောက်မှာ ပြန်လည်ချေပစရာ စကားလုံးမရှိ ဆွံ့အခဲ့ရပြန်တယ်။ သူပြောသလို ကိုယ်ကလည်း ဟုတ်နေတာကိုး။ တစ်နေ့တစ်နေ့ သောင်းဂဏန်းသာ ရောင်းရတဲ့ နေ့စဉ်ရောင်းအားက နေ့စဉ်စားစရိတ်၊ ဝန်ထမ်းစရိတ်နဲ့ ဆိုင်ခန်းခတွေ နှုတ်လိုက်တော့ ငွေထည့်သိမ်းတဲ့ သေတ္တာထဲ ငွေအများကြီးဘယ်ရောက်နိုင်ပါ့မလဲလေ။ အဲဒီအစား အကြွေးစာရင်း ဘောင်ချာတွေကသာ တဖြည်းဖြည်းများလာတာ။

“ဟေ့လူကြီး ဘာစဉ်းစားနေတာလဲ”

အသံကြားရာကိုကြည့်လိုက်တော့ ပြင်ထားတဲ့ ဖုန်းဗီရိုကို ခတ်ထားတဲ့ သော့လေးဆီကအသံ။ သူ့က ခပ်ထေ့ထေ့လေးပြောလာတယ်။

“ခင်ဗျားကတော့ ဖုန်းဆိုင်လေး စျေးမရောင်းရတာနဲ့ ဖုန်းပြင်တဲ့ဝင်ငွေကို တောင့် တမျှော်လင့်နေတယ် မဟုတ်လား။ ကျုပ်မှာတော့ နေ့တိုင်း ငိုသံတွေကြားနေရတယ်ဗျ။ ဖုန်းပြင်တဲ့သူတွေက မပြင်မဖြစ်လို့သာ ဖုန်းတွေလာပြင်ကြရတာ။ အဲဒီအတွက် သူတို့မှာ အခက်အခဲတွေ ကိုယ်စီနဲ့။ အချို့ဆိုရင် မျက်ရည်တွေနဲ့ရင်းပြီး လာပြင်ကြတဲ့ ဖုန်းတွေ။ သူတို့မှာဗျာ တစ်လတစ်လရတဲ့ လစာတွေမှာ အိမ်လစာ၊ စားစရိတ်တွေနဲ့တောင် အနိုင်နိုင် ဖြစ်နေရတာ။ အဲဒီအချိန်မှာ သူတို့ဖုန်းလေးတွေ ပျက်သွားရင်  ခင်ဗျားဆီကို လာပြီး ပြင်ရသေးတယ်။ ခင်ဗျားကတော့ ဖုန်းပြင်သူတစ်ယောက်လာရင် ငါတော့ ဒီနေ့ ဝင်ငွေရပြီ ဆိုပြီး မျက်နှာကြီးကို ပြုံးဖြဲလို့။ တစ်ဖက်လူမှာတော့ အဲဒီအရာအတွက် ဘယ်လောက်စိတ်ဆင်းရဲနေရတယ်ဆိုတာ ခင်ဗျား နည်းနည်းလေးမှ မစဉ်းစားခဲ့ဘူးမဟုတ်လား။  ခင်ဗျားတို့ ဖုန်းပြင်သမားတွေကို အံ့သြပါရဲ့ဗျာ”

သူ့ပြောမှ ပြန်စဉ်းစားမိလိုက်တယ်။ ကိုယ်က သူ့ဖုန်းကိုပြင်ပေး သူ့ဆီက ဖုန်းပြင်ခယူ။ နှစ်ဦးနှစ်ဖက် အဆင်ပြေပြီးရောလို့ ကိုယ်က တွေးထင်ထားခဲ့တာ။ သူပြောသလိုပါပဲ ဖုန်းပြင်တစ်ဦးလာပြီဆိုရင် ကိုယ့်မှာ တကယ်ပျော်ရွှင်နေတာ။ အခုအချိန်က ပြင်ဖုန်းလောက်အပေါ်မှာပဲ မှီခိုနေရတာ မဟုတ် လား။ အဲဒီတော့ ပြင်ဖုန်းသမားကိုပဲ မျှော်လင့်မိတာပေါ့။ ခက်နေတာက အခုအချိန်က စျေးက နှစ်ဆတက်နေတော့ ပြင်ခတောင်းရမှာကိုတောင်  တကယ်အားနာမိတာ။ အချို့ဆိုရင် သူတို့ဖုန်းလေးပြင်မယ်ဆိုပြီးလာပြ ကိုယ်လည်းစျေးတောင်းလိုက်ရော မျက်နှာငယ်လေးနဲ့ ပြန်ထွက်သွားတယ်။ ပြင်ဖို့ ပိုက်ဆံက မလောက်ကြတာ။ တကယ်တာ့ သူတို့ဘဝက ဒီဖုနး်လေးက သူတို့ဘဝဖြစ်နေတာပါပဲလေ။ ဒီဖုန်းလေးနဲ့ပဲ တစ်နေ့တာ မောပန်းသမျှတွေကို ဖြေဖျောက်နေရတာ။ ဒီဖုန်းလေးနဲ့ပဲ အဝေးရပ်က မိသားစုဝင်တွေနဲ့ စကားပြောခွင့်ရတာ။ ဒီဖုန်းလေးနဲ့ပဲ ချစ်ခင်ရသူတွေနဲ့ ကြည်နူးစရာတွေ ဖန်တီးခွင့်ရနေတာ။ အဲဒီတော့ မဖြစ်မနေပြင်ရတော့တာပေါ့။ ဟုတ်တာပဲလေ။ အဲဒါကြောင့် ပြောကြတာနေမယ်။ တချို့သော့တွေမှာ ငိုသံတွေပါတယ်။ တချို့ သော့တွေမှာ ရယ်သံတွေပါတယ်။ တချို့သော့တွေမှာ သွေးညှီနံ့တွေကပ်ပါပြီး တချို့သော့ တွေကတော့ တကယ့်အဖြူရောင်စစ်စစ်တွေ ဖြစ်နေတတ်တာတဲ့။

ဒီလိုဆိုရင် သွေးညှီနံ့တွေကပ်ပါနေတဲ့ သော့တွေကရော။ ဆိုင်မှာ ဖုန်းအသစ်ဝယ်ပြီးပြီး မတင်နိုင်ချိန်မှာ အချို့သူတွေက ဆိုင်မှာလာရောင်းကြတဲ့ ဖုန်းအဟောင်းလေးတွေ ဝယ်ထားဖြစ်တဲ့ အခါတွေလည်း ရှိခဲ့ဖူးပါရဲ့။ ပြီးရင် နည်းနည်းအမြတ်ရရင် ပြန်ရောင်းပေါ့။ အဲဒီအထဲမှာ မသမာတဲ့နည်းနဲ့ ရထားတဲ့ဖုန်းတွေလည်း ပါလိမ့်မယ်တော့ ထင်မိတာပါပဲလေ။ တကယ်တော့ အဲဒီဖုန်းတွေမှာ  မျက်ရည်တွေက ကပ်ငြိနေမှာ။  ကိုယ်ကတော့ အမြတ်လေး နည်းနည်းရတယ်ဆိုပြီး ကျေနပ်နေချိန်မှာ ဖုန်းပိုင်ရှင်မှာတော့ ဖုန်းတစ်လုံးကို လက်လွှတ်လိုက်ရတာ။ ဆက်မတွေးနိုင်လောက် အောင် ရင်ထဲစူးအောင့်လာတာမို့ အတွေးတွေကို တိကနဲ ဖြတ်လိုက်တယ်။ အဖြူရောင် သော့လေးတွေဆီပြောင်းပြီး တွေးဖြစ်လိုက်တယ်။ ဘယ်သော့ကတော့ဖြင့် အဖြူရောင် သော့ဖြစ်လေမလဲပေါ့။ အဲဒီသော့ကိုတော့  တော်တော်နဲ့ ရှာမတွေ့ပါ ဘူး။ အဲဒီသော့က တကယ် မရှိတာများလား။ ဦးနှောက်ကို အချိန်အတော်ကြာ အလုပ်ပေးလိုက်တော့မှ  အတွေးတချို့က ဝုန်းကနဲ့ ခုန်ထွက်လာတယ်။ ကိုယ့်ရေးခဲ့တဲ့စာတွေ။ ဟုတ်သားပဲ။ အဲဒီစာတွေ ထွက်လာဖို့ အတွက် ကိုယ့်ရဲ့ နှလုံးသားတွေ ဖြူစင်အောင်ထားပြီး ဦးနှောက်ကို ဖွင့်လိုက်တဲ့ သော့တစ်ချောင်းက အဖြူရောင် သော့လေးပဲဖြစ်မှာပါ။ အဲဒီလိုတွေးလိုက်မိတော့လည်း အဖြူရောင် သော့လေးတစ်ချောင်း ပိုင်ဆိုင်ခွင့်ရတဲ့ ကိုယ့်ဘဝကိုယ် ကျေနပ်သလိုတော့ ဖြစ်မိသေးရဲ့။

à

Most Read

Most Recent