ငြိမ်းချမ်းမှုကို မျှော်လင့်နေကြသည့် တိုက်ပွဲရှောင်များ

ငြိမ်းချမ်းမှုကို မျှော်လင့်နေကြသည့် တိုက်ပွဲရှောင်များ
ရှမ်းပြည်နယ် (မြောက်ပိုင်း) ၌ တိုက်ပွဲရှောင်သူများကို နိုဝင်ဘာလဆန်းပိုင်းက တွေ့ရစဉ်  (Photo: Axsia)
ရှမ်းပြည်နယ် (မြောက်ပိုင်း) ၌ တိုက်ပွဲရှောင်သူများကို နိုဝင်ဘာလဆန်းပိုင်းက တွေ့ရစဉ်  (Photo: Axsia)
Published 14 November 2021
ထွန်းနေလှိုင်(နောင်ပိန်)

၁။

တကယ်တော့ ဒီအချိန် ဒီကာလသည် တောင်ယာ စပါးရိတ်သိမ်းချိန်၊ ကောက်ရိတ် သိမ်းချိန်ဖြစ်သည်။ အရိပ်တကြည့်ကြည့်ဖြင့် စိုက်ပျိုးလာခဲ့သည့် သီးနှံပင်များ ရင့်မှည့်လာချိန်ဖြစ်သည်။ ကောက်ရိတ်သိမ်းကြရတော့မည်။ စိုက်ပျိုးပြီးလျှင် ပျော်ရွှင်စွာဖြင့် ခူးဆွတ် ရိတ်သိမ်း ကြရမည်သာဖြစ်သည်။

ထိုစိတ်ကူးသည် တကယ်တမ်းတော့ လက်တွေ့နှင့် အဝေးတွင်ဖြစ်ခဲ့မည်မှန်း ကြိုမသိခဲ့။ သေနတ်သံ တွေကြား အသက်လုကာ ကျည်ကွယ်ရာ ပြေးခဲ့ကြရသည်။ အိမ်မွေး တိရစ္ဆာန်လေးကိုထားခဲ့ပြီး နေရပ်ကို စွန့်ခွာ ပြေးခဲ့ကြရသည်။ မျှော်လင့်ချက်တို့ ရေစုန် မျောခဲ့ကြရလေပြီ။

၂။

နှစ်စဉ်နှစ်တိုင်း ကောက်ရိတ်သိမ်းချိန် ရောက်တိုင်း ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ တောင်ပေါ်ဒေသ ကျေးရွာများ၊ သီပေါနယ်တစ်ဝိုက်တို့တွင် တိုက်ပွဲများြ ဖစ်ပွားလေ့ရှိခြင်းကြောင့် သူတို့ အဖို့ တိုက်ပွဲရှောင်စခန်းရှိရာနေရာသည် သိပ် အစိမ်းသက်သက်မဟုတ်တော့ ။ သူတို့ မလွှဲ သာ မရှောင်သာပဲ ရောက်ရှိနေတတ်သည့် သူစိမ်းဆန်ဆန် နယ်မြေသာဖြစ်သည်။

အမှန်တကယ်တော့ သူတို့အဖို့ ဒီနေရာကို လာဖို့ ဘယ်တော့မှမတွေးချင်။ ငြိမ်းချမ်းစွာနှင့် မိမိဇာတိ တောင်ပေါ်မြေပေါ်တွင်ပင် အေး အေးချမ်းချမ်း နေလိုသည်။

အေးချမ်းလှသော တောင်ပေါ်နယ်မြေ လေးသည် တိုင်းရင်းသားလက်နက်ကိုင်တို့ အချင်းချင်းဖြစ်ပွားသော တိုက်ပွဲများကြောင့် ဒေသခံထောင်နှင့်ချီ တိုက်ပွဲရှောင်ကြရသည်။ ကောက်ရိတ်သိမ်းချိန်တိုင်းလိုလို တိုက်ပွဲတွေ ဖြစ်လေ့ဖြစ်ထရှိပြီး စိုက်ခင်းများကို စွန့်ခွာကာ တိုက်ပွဲရှောင်ခဲ့ကြရသည်။

စိုက်ပျိုးထားသည့် ခူးဆွတ်ချိန်သင့်သည့် သီးနှံများကိုထားကာ ကျည်ကွယ်ရာကို ပြေး ကြရသည်။ တချို့အတွက် စောင်တစ်ထည်၊ တချို့အတွက် အဝတ်တစ်ထည်သာ ပါလာခဲ့ သည်။ ကြာတော့ သူတို့ သည်တိုက်ပွဲဆိုတာကို မုန်းလာသည်၊ သေနတ်သံတွေကို မုန်းနေပြီဟု ဆိုသည်။ ဘယ်သူက သေနတ်သံတွေကို ခုံ မင်နေပါ့မလဲ။ မိမိတို့၏ ဇာတိမြို့လေးနှင့် အခြေကျရာရွာလေးမှာပဲ အေးအေးချမ်းချမ်း နေလိုကြသည် မဟုတ်ပါလား။

တိုက်ပွဲတွေ ငြိမ်သွားလို့ အိမ်ပြန်ချိန် ရောက်တော့လည်း သူတို့လယ်ကွင်းတွေထဲ မသွားရဲ။ စိုက်ခင်းတွေထဲမလှမ်းရဲ။ လက်နက် ကြီး အကြွင်းအကျန်တွေ ကျန်ခဲ့မှာ စိုးထိတ်နေ ရသေးသည်။ လမ်းခုလတ်က ဗုံးတွေ တက်နင်း မိမှာကြောက်ရသေးသည်။ ဖြတ်သန်းကြုံ တွေ့ခဲ့ရသည့် ရင်နှင့်စရာ အဖြစ်အပျက်တွေ ကလည်း မနည်းတော့သည် မဟုတ်ပါလား။

အဝတ်တစ်ထည် ကိုယ်တစ်ခုနှင့် ဘေးလွတ်ရာ အပြေးလာခဲ့သော အိုက်စိုင်းက ကျလာသော မျက်ရည်စကို သုတ်ရင်း သက်ပြင်း ချကာ ရွာက ထွက်ပြေးလာရပုံ၊ မိုးများရွာ ထားသဖြင့် ချော်နေသော မြေနီတောလမ်း အတိုင်း ခက်ခက်ခဲခဲ ပြေးလွှားလာခဲ့ကြပုံ၊ လမ်းတစ်ဝက်တွင် ပရဟိတကားများဖြင့် လိုက်ပါခဲ့ရပုံများကို ပြောပြသည်။

ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အနီးရှိ ဟူးစွန်ကျေးရွာအုပ်စုနှင့် ပုန်းလုံကျေးရွာ အုပ်စုတို့တွင် နိုဝင်ဘာ ၅ ရက်မှစတင်ကာ RCSS/SSA နှင့် SSPP/ SSA ၊ TNLA  တို့ ပါဝင်သော မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဒေသခံထောင် နှင့်ချီ ကျောက်မဲမြို့ပေါ်သို့ ထွက်ပြေးတိမ်း ရှောင်လာခဲ့ကြရသည်။

“ကျွန်တော်တို့ ရွာနားမှာ လက်နက်ကြီးသံ လက်နက်ငယ်သံတွေ အများကြီးကြားရတာ ပေါ့။ တချို့လက်နက်ကျည်ဆန်တွေက ရွာ အနားမှာ လာကျတယ်။ ကျွန်တော်တို့မနေရဲ တော့ဘူး။ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေ၊ မိန်းကလေးတွေအတွက်ကတော့ ကမ္ဘာပျက် မတတ်ပါပဲ။ သူတို့တော်တော် စိုးရိမ်နေကြတာ ပေါ့။ တိုက်ပွဲက ပြင်းထန်တယ်လေ။ ဒါကြောင့် ရွာမှာ ကျွန်တော်တို့ မနေရဲကြတော့ဘူး။ ကျောက်မဲဘက်ကို တိုက်ပွဲလာရှောင်နေကြရတော့တာပေါ့” ဟု ကျောက်မဲမြို့သို့ တိုက်ပွဲ ရှောင်လာသူ တစ်ဦးက ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်စဉ်များကြောင့် ကျောက်မဲမြို့ပေါ်သို့ တိုက်ပွဲရှောင်လာသူ လူဦးရေ နှစ်ထောင်ကျော်ခန့်အထိရှိနိုင်ပြီး ၎င်းတို့မှာ တိုက်ပွဲရှောင်စခန်းများတွင် တိမ်းရှောင်နေထိုင်နေကြရပြီး အချို့မှာ မိမိတို့ ၏ ဆွေမျိုးများ၏နေအိမ်များတွင် နေထိုင်နေ ကြရကြောင်း သိရသည်။

“မိုင်ငေါ့မြို့ဘက်မှ  RCSS နှင့် SSPP / STNLA  ပူးပေါင်း မဟာမိတ်အဖွဲ့တွေ တိုက်ပွဲ ဖြစ်နေတာပါ။ တိုက်ပွဲတွေကြောင့် ဟူးစွန်နဲ့ ပုန်းလုံကျေးရွာတစ်ဝိုက်က ဒေသခံတွေ ထောင်နဲ့ချီကျောက်မဲဘက်ကို စစ်ရှောင်လာ ကြရတာပေါ့။ ကျွန်တော်တို့က သူတို့ကို ပရဟိတယာဉ်တွေနဲ့ နိုင်သလောက်သွားကြိုပေး ပါတယ်။ ဒီရွာနှစ်ရွာကတော့ တိုက်ပွဲမှာအထိနာဆုံးပေါ့။ စစ်ရှောင်လာခဲ့ကြတဲ့သူတွေ အတွက် အဝတ်အထည် လိုအပ်ချက်တွေရှိတယ်။ အိပ်ရာအခင်း လိုအပ်ချက်တွေရှိ တယ်။ ဆောင်းတွင်းလည်းရောက်ပြီဆိုတော့ စောင်တွေလည်းလိုတယ်။ အနွေးထည်တွေလည်း လိုတယ်။ တိုက်ပွဲရှောင်တွေရောက်လာတာကြားတာနဲ့ စေတနာရှင် အလှူရှင်တွေ ကတော့ တဖွဲဖွဲရောက်လာပါတယ်။ ဆန်လုံလောက်မှုတော့ရှိတယ်။ ဒီတစ်လ နှစ်လစာ တော့ လုံလောက်မှုရှိပါတယ်။ ဒါပေမဲ့ သူတို့ ရက်ကြာကြာနေရမယ် ဆိုရင်တော့ အလှူရှင် တွေနည်းသွားမယ်ဆိုရင် လိုအပ်ချက်တွေ ရှိ လာနိုင်တယ်” ဟု နမ့်ခုံးပရဟိတ လူမှုကူညီရေး အဖွဲ့မှ ကိုစိုင်းကူးက ပြောသည်။

အဆိုပါတိုက်ပွဲရှောင်သူများကို ကျောက်မဲမြို့နယ်အတွင်းမှ ပရဟိတယာဉ်ပေါင်း ၂၉ စီးဖြင့် နိုဝင်ဘာ ၅ ရက်တွင် သွားရောက်ခေါ် ဆောင်ပေးခဲ့ကြပြီး ကျောက်မဲမြို့ (၈) ရပ်ကွက် ရှိ ဓမ္မာရုံ၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှု၊ တောင် နောက်ဘုန်းကြီးကျောင်းနှင့် မန်ခါဘုန်းကြီး ကျောင်းတို့တွင် တိမ်းရှောင်ခိုလှုံနေကြ ကြောင်းသ ိရသည်။

“တိုက်ပွဲတွေကြောင့် ဒေသခံနှစ်ဦးက တော့ လက်နက်ကျည်စထိမှန်တဲ့ ဒဏ်ရာရခဲ့ ပါတယ်။ စိုးရိမ်စရာ တော့မရှိဘူး။ တိုက်ပွဲက တကယ်ကို ပြင်းထန်ပါတယ်။ ကျွန်တော်တို့ ဘယ်လိုမှ မနေရဲကြတော့ဘူး။ အိမ်တွေ၊ လယ်တွေ၊ လက်ဖက်စိုက်ခင်းတွေကို ပစ်ပြီး ထွက်ပြေးလာခဲ့ကြတာပေါ့။ အရင်တုန်းက လည်း တိုက်ပွဲက ရွာအနားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလောက်မပြင်းထန်ဘူး။ အခုတိုက်ပွဲ က အရင်ကထက် ပိုပြင်းထန်တယ်” ဟု တိုက် ပွဲရှောင်လာသူ ဒေသခံတစ်ဦးကပြောသည်။

ကျောက်မဲနယ်တစ်ဝိုက်တွင် ဖြစ်ပွားနေ သော တိုက်ပွဲများသည် သီပေါမြို့နယ် အတွင်းထိ ရောက်ရှိလာခဲ့ပြီး နိုဝင်ဘာ ၇ ရက် တွင်လည်း သီပေါမြို့ပေါ်သို့ သီပေါမြို့နယ် အတွင်းရှိ ကျေးရွာအချို့မှ ဒေသခံများ တိုက်ပွဲရှောင်ရန် ရောက်ရှိလာခဲ့သည်။

“သီပေါနယ်တစ်ဝိုက်က တိုက်ပွဲရှောင် တွေက သီပေါမြို့ကို နိုဝင်ဘာ ၇ ရက် ကတည်း က ရောက်လာတာပေါ့။ သူတို့အတွက် စား နပ်ရိက္ခာကို သီပေါအမျိုးသမီးကွန်ရက်အဖွဲ့ က ဆန်၊ ဆီကို နှစ်ပတ်စာလာလှူထားတာပေါ့။ ဒီကြားထဲ အလှူရှင်တွေလည်း လာလှူကြတာ တွေရှိတာပေါ့။ တခြားလိုအပ်ချက်တွေက တော့ ဆေးဝါးတွေနည်းနည်းပါးပါးနဲ့ အသုံး အဆောင်ပစ္စည်းတွေ လိုအပ်တာပေါ့။ တိုက်ပွဲ ဖြစ်ပွားတာကတော့ RCSS/SSA   အဖွဲ့နဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့နည်းနည်း ငြိမ်နေတာပေါ့”ဟု သီပေါမြို့နေ တိုက်ပွဲရှောင် သူများ၏လိုအပ်ချက်များကို ကူညီဆောင်ရွက် ပေးနေသူ ဒေါ်နန်းမွန်းမွန်းပေါင်းက ပြော သည်။

ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ် အတွင်း  RCSS/SSA နှင့် SSPP/ SSA ၊ TNLA  တို့ပါဝင်သော မြောက်ပိုင်းမဟာမိတ် အဖွဲ့တို့ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် သီပေါမြို့နယ်သို့ တိုက်ပွဲရှောင်သူ ဦးရေ ၄၁၆ ဦးတို့သည် သီပေါမြို့ အောင်မင်္ဂလာဘိုးတော် ကျောင်းတွင် ရောက်ရှိခိုလှုံနေကြရကြောင်း သိရသည်။

တိုက်ပွဲရှောင်သူများမှာ သီပေါမြို့နယ် အတွင်းရှိ ဆွန်လုံ၊ ချောင်းဆုံ၊ ဟာလျန်၊ မိုးတေ၊ ကွန်ဆန်လိတ်၊ ပန်မိုင်ကျေးရွာတို့မှ ဒေသခံ များဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းတွင်  RCSS/SSA နှင့် SSPP/ SSA ၊ TNLA  မဟာမိတ်တပ်တို့ဖြင့် ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ကျောက်မဲ၊ သီ ပေါ၊ နမ္မတူမြို့နယ်အတွင်းရှိ ကျေးရွာအချို့မှ ဒေသခံများမှာ မကြာခဏ တိုက်ပွဲတိမ်းရှောင် နေကြရသည့် ဖြစ်စဉ်များရှိခဲ့သည်။

 “အဘွားတို့က အသက်ကြီးပြီ။ ပြေး လည်း မပြေးနိုင်တော့ဘူး။ ဒီလိုတိုက်ပွဲရှောင် ခဲ့ကြရတာကလည်း တစ်ခါနှစ်ခါမကတော့ ဘူး။ အဘွားတို့ မပြေးချင်တော့ဘူးလေ။ အိမ် မှာပဲ ဘုရားတရားလေးနဲ့ အေးအေး ဆေးဆေး နေချင်တာပေါ့။ ရွာကလယ်မှာပဲ စပါးစိုက် ပြီးနေမယ်။ တောင်ယာစိုက်ပြီးနေမယ်လေ။ ဘာမှ မမျှော်လင့်တော့ပါဘူး။ အေးအေးချမ်း ချမ်းနဲ့ ရွာကိုပြန်ချင်တာပဲသိတယ်။ ငြိမ်းချမ်း စေချင်ပြီလေ”ဟု တိုက်ပွဲတိမ်းရှောင်လာသူ အသက် ၈၀ ကျော်အဘွားက ပြောသည်။

ကျောက်မဲ နှင့် သီပေါမြို့နယ်တစ်ဝိုက် တွင် တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း ဖြစ်ပွားသော တိုက်ပွဲဖြစ်စဉ်များကြောင့် တိမ်း ရှောင်နေကြရသည့် တိုက်ပွဲရှောင်များအဖို့ အိမ်ပြန်ရမည့်နေ့ရက်ကို အမြန်ရောက်ပါ စေကြောင်း ဆုတောင်းရင်းနေမည်မှာ အသေ အချာပင် ဖြစ်လိမ့်မည်ဟု ထင်မြင်မိပါ ကြောင်း ...။

Most Read

Most Recent