နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး အာဆီယံ အထူးကိုယ်စားလှယ်က တောင်းဆိုမှုအား ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ထပ်မံငြင်းဆို

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး အာဆီယံ အထူးကိုယ်စားလှယ်က တောင်းဆိုမှုအား ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ထပ်မံငြင်းဆို
Photo - dsinfo.org
Photo - dsinfo.org
Published 3 November 2021

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး အာဆီယံ အထူးကိုယ်စားလှယ်က တောင်းဆိုမှုအား ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ထပ်မံငြင်းဆိိုုလိုက်ကြောင်း သိရသည်။

နိုဝင်ဘာ ၂ ရက်က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပြုလုပ်သည့် အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASEANSAI) ၏ ၆ ကြိမ်မြောက် ထိပ်သီးအစည်းအဝေး (6th ASEANSAI Summit) တွင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မိန့်ခွန်းပြောကြားရာ၌ အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သည့် သီတင်းပတ်က အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) က အိမ်ရှင်အဖြစ် ကျင်းပသည့် အာရှခေါင်းဆောင်များ အစည်းအဝေးအပြီးတွင် နောက်ဆက်တွဲအဖြစ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ပြောစကား ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။          အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိရန် အာဆီယံအထူးကိုယ်စားလှယ်က တောင်းဆိုခဲ့ကြောင်း၊ တည်ဆဲဥပဒေများနှင့် ဆန့်ကျင်ပြီး တွေ့ဆုံခွင့်ပေးရန် မည်သည့်နိုင်ငံမျှ ကျော်လွန်ခွင့်ပြုမည် မဟုတ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းက ပြောကြားသည်။

“အာဆီယံ အထူးကိုယ်စားလှယ် လာရောက်ရေးနှင့် ပတ်သက်၍လည်း အမျိုးမျိုးသောညှိနှိုင်းမှု၊ တောင်းဆိုမှုနှင့် အပြောင်းအလဲများအပြင် တည်ဆဲဥပဒေအရ တရားရင်ဆိုင်ဆဲပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို မည်သည့်ပုဂ္ဂိုလ် အဖွဲ့အစည်းကမျှ တွေ့ခွင့်မရှိသည့် ဥပဒေ လုပ်ထုံးလုပ်နည်းများကို ကျော်လွန်လျက် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့် တောင်းဆိုချက်များ ကြုံတွေ့ခဲ့ပါတယ်။ မည်သည့်နိုင်ငံမဆို ယခုလိုပဲ တည်ဆဲတရားဥပဒေကို မည်သူကမျှ ကျော်လွန်ခွင့်ပြုပေးနိုင်မည် မဟုတ်ဟု ယုံကြည်ပါတယ်” ဟု နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။

ယင်းသို့ တောင်းဆိုချက်မှာ အာဆီယံ၏ ပဋိညာဉ်များနှင့်လည်း ဆန့်ကျင်နေကြောင်း၊ အာဆီယံ ထိပ်သီးအစည်းအဝေးများတွင် ချန်လှပ်ခံရခြင်းကြောင့် ဝမ်းနည်းစိတ်မကောင်းကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

“တည်ဆဲဥပဒေ ကန့်သတ်ချက်မှလွဲ၍ ကျန်လိုက်လျောနိုင်သမျှ လိုက်လျောခဲ့သော်လည်း အာဆီယံ အထူးကိုယ်စားလှယ် ဝင်ခွင့်မရမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံကို အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် ထိပ်သီးအစည်းအဝေးများမှာ ချန်လှပ်ခဲ့တာဟာ အာဆီယံရဲ့ ပဋိညာဉ်အပိုဒ်၂၀ (၁) ၊ အပိုဒ် ၈ (၂)(က) နှင့် အပိုဒ် ၂ (၂)(က) ၊ (င) ၊ (စ) တို့နှင့် ဆန့်ကျင်နေတာကိုလည်း ဝမ်းနည်းစိတ်မကောင်းဖွယ် ကြုံတွေ့ရပါတယ်" ဟု ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံက အာဆီယံ၏ အထူးသံတမန်တစ်ဦးကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုရန် ငြင်းဆိုခဲ့ခြင်းက အာဆီယံအဖွဲ့အား နစကအစိုးရအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေးမှ ဖယ်ထုတ်ထားရန် ဆုံးဖြတ်ချက်ကျသွားစေခဲ့ခြင်း ဖြစ်သည်။

သို့သော် အာဆီယံက နစကအစိုးရက ခန့်အပ်ထားသော နိုင်ငံခြားရေးဝန်ကြီးဌာနရုံး၏ ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးကို အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခဲ့သည်။

Most Read

Most Recent