ပြည်တွင်းအလုပ်အကိုင်ရှားပါးမှု၊ မိသားစုဝမ်းရေးနှင့် ကြိုးတန်းလမ်းလျှောက်နေသူများ

ပြည်တွင်းအလုပ်အကိုင်ရှားပါးမှု၊ မိသားစုဝမ်းရေးနှင့် ကြိုးတန်းလမ်းလျှောက်နေသူများ
အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော် မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံတာဝန်ရှိသူများက ဖမ်းဆီးစစ်ဆေးနေသည်ကို ယခုရက်ပိုင်းအတွင်း တွေ့ရစဉ်
အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော် မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံတာဝန်ရှိသူများက ဖမ်းဆီးစစ်ဆေးနေသည်ကို ယခုရက်ပိုင်းအတွင်း တွေ့ရစဉ်
Published 31 October 2021
ကိုရွှေသိန်း (မြဝတီ)

ပြည်တွင်းနိုင်ငံရေး အပြောင်းအလဲ၊ ကိုဗစ်လှိုင်းဂယက်တွေနဲ့ အလုပ်လက်မဲ့ပြဿနာ ပိုမိုမြင့်မားလာချိန် ထိုင်းနိုင်ငံအတွင်း လုပ်သားလိုအပ်ချက်မြင့်နေတယ်လို့ဆိုတာက တစ်မျိုး၊ ဘန်ကောက်နဲ့ ပတ်ဝန်းကျင်မှာ အထောက်အထားမရှိသူတွေကို အထောက်အထား ပြုလုပ်ပေးမယ်ဆိုတဲ့ မက်လုံးတွေက အလုပ်လက်မဲ့ မိသားစုဝမ်းရေးအတွက် အခက်ကြုံနေတဲ့ မြန်မာ့ရွှေ့ပြောင်းလုပ်သားတွေကို ညှို့ယူဖမ်းစားနေပါတယ်။

ထိုင်းနိုင်ငံဘက်ကိုရောက်ဖို့အရေး တရားမဝင်ပေမဲ့ အကျိုးဆောင်လူကယ်ရီပွဲစားတွေကို ကိုယ်တိုင်လိုက်ရှာနေကြတဲ့ အခြေအနေအထိ ဖြစ်လာတဲ့အတွက် တစ်ကျော့ပြန် လူမှောင်ခိုကယ်ရီလုပ်ငန်း ပြန်လည်ဦးမော့လာတာနဲ့အမျှ ထိုင်းဘက်ကို နယ်စပ်ဖြတ်ကျော်ဝင်ရောက်တဲ့ မြန်မာလုပ်သားတွေဟာ နေ့စဉ် ရာနဲ့ချီ ဖမ်းဆီးခံနေရပါတယ်။

လွမ်းရေးထက် ဝမ်းရေးခက်ဆိုသလို မတည်ငြိမ်တဲ့ နိုင်ငံရေး ဒီရေ မည်မျှကြာဦးမယ်မှန်း မသိသေးချိန်မှာ မိသားစုဝမ်းရေးအတွက် ကယ်ရီလုပ်ပေးတဲ့ လမ်းခရီး အကျိုးဆောင်သူကို ဘတ် ၁၅၀၀၀ မှ ၂၀၀၀၀ အထိ ပေးပြီးသွားခဲ့ကြတယ်လို့ ဖမ်းဆီးခံရသူ မြန်မာလုပ်သားတွေဆီက သိရပါတယ်။

“မြန်မာနိုင်ငံမှာရော ထိုင်းနိုင်ငံမှာပါ ကိုဗစ်တတိယလှိုင်းဒဏ်ကို အလူးအလဲခံခဲ့ရတယ်။ ခုစက်တင်ဘာလနဲ့ အောက်တိုဘာလမှာ ကိုဗစ်ကူးစက်မှု၊ လူသေဆုံးမှုတွေ လျော့ကျလာတယ်ဆိုပေမဲ့ နယ်စပ်ဖြတ်ကျော်သွားလာမှုကို ပိတ်ထားဆဲ၊ အထူးကြပ်မတ် တင်းကျပ်ထားဆဲ၊ မည်သည့်ရွှေ့ပြောင်းလုပ်သားကိုမျှ ခရိုင်တစ်ခုနဲ့တစ်ခု သွားလာခွင့်ကို တားမြစ်ကန့်သတ်ထားဆဲ ဖြစ်ပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ ဒီလိုစွန့်စားပြီးသွားလာနေတာကိုတော့ မချီးကျူးနိုင်ပါဘူး။ အာဆီယံထဲမှာဆိုရင် မြန်မာရော ထိုင်းပါ သေဆုံးမှုအများဆုံး စာရင်းထဲမှာပါခဲ့တယ်။အဲဒီတော့ မိမိလုပ်ဆောင်ချက်တစ်ခုဟာ သိပ်အတ္တဇောတွေ ကြီးမားနေရင်၊ လောကြီးနေကြရင် သတိပေးရတဲ့သူလည်း မကောင်းဘူး။ အဲဒီတော့ သိပ်အတ္တဇောမကြီးကြပါနဲ့လို့ ပြောချင်ပါတယ်” လို့ ဦးမိုးကြိုးက ဆိုပါတယ်။

ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသားတွေကိုလည်း ထိုင်းကျန်းမာရေးဌာနက ကျန်းမာရေးစစ်ဆေးပြီး ထိုင်းနိုင်ငံ ကိုဗစ်ကာလ ချမှတ်ထားတဲ့ တရားဥပဒေအတိုင်း အရေးယူခံနေရတာလည်း ဖြစ်ပါတယ်။

ကိုဗစ်ကာလ အကျပ်အတည်း၊ အတားအဆီးတွေကြားက တစ်ဖက်နိုင်ငံကို တရားမဝင်တဲ့လမ်း၊ လူကယ်ရီပွဲစားတွေနဲ့ ခိုးဝင်လာကြတာ ဘာကြောင့်လဲဆိုတဲ့ အကြောင်းပြချက်က နှစ်ချက်ရှိနေတယ်လို့ မဲဆောက်အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ ရုံးတာဝန်ခံ ဦးမိုးကျော်က သုံးသပ်ပါတယ်။

“ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေက သိတဲ့အတိုင်းပဲလေ။ ကိုဗစ်ကာလဖြစ်နေတယ်။ အဲဒီအချိန်မှာ နိုင်ငံရေး၊ လူမှုရေးစသဖြင့်ပေါ့နော်။ အားလုံးဆုတ်ယုတ်လာတယ်။ ဒါကပထမတစ်ချက်။ ဒုတိယတစ်ချက်ကတော့ ကိုဗစ်တတိယလှိုင်း အင်နဲ့အားနဲ့ ဝင်လာတဲ့အချိန် ကျန်းမာရေး စောင့်ရှောက်မှုတွေ အားနည်းတဲ့အခါကျတော့ လူတွေအသေအပျောက်များခဲ့တယ်။ ပိုပြီးတော့ စားဝတ်နေရေးတွေ ကျပ်တည်းလာတယ်။ တစ်ဖက်မှာ ကျန်းမာရေး ကုန်ကျစရိတ်တွေများပြားခဲ့တယ်။ မိသားစုဘဝတွေကျပ်တည်းလာတယ်။ အဲဒီပုံစံမျိုးတွေဖြစ်လာတဲ့ အခါကျတော့ လူငယ်တွေက အလုပ်အကိုင်ရှာဖွေဖို့ စွန့်စားပြီးတော့ သွားကြတယ်။ သိတယ် အခြားနိုင်ငံတွေမှာလည်း ကိုဗစ်ရောဂါဖြစ်နေတာ။ ပိတ်ဆို့ထားတယ်ဆိုတာသိပေမဲ့ အလုပ်အကိုင်ရှာဖွေဖို့ စွန့်စားပြီးတော့ ထွက်ကြတာပါပဲ။ ခုအောက်တိုဘာလမှာ ဆက်တိုက်ဆိုသလို ဒီဘက်မဲဆောက်နယ်စပ်တစ်ကြောမှာ ခိုးဝင်လာလို့ဆိုပြီးတော့ ဖမ်းဆီးခံရတဲ့သတင်းတွေက ဆက်တိုက်ဆိုသလို ကြားနေရလာတယ်” လို့ ဦးမိုးကျော်က ဆိုပါတယ်။

မြန်မာနိုင်ငံသားတွေ  ယခင်စက်တင်ဘာလနဲ့ ယခုလအတွင်း တရားမဝင် ဝင်ရောက်မှုများပြားလာတာဟာ ထိုင်းနိုင်ငံအတွင်းမှာ အထောက်အထားမရှိသူတွေကို အထောက်အထားလုပ်ပေးမယ်ဆိုတဲ့ သတင်းနဲ့ လူကယ်ရီပွဲစားတွေရဲ့ တစ်ကျော့ပြန်လှုံ့ဆော်မှုတွေကြောင့်ဖြစ်တယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌဦးမိုးကြိုးက ပြောပါတယ်။

“နယ်စပ်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ ယခုရက်ပိုင်းအတွင်း များပြားလာတာက ထိုင်းနိုင်ငံထဲမှာ အထောက်အထား ပြုလုပ်ပေးမယ်ဆိုတဲ့ သတင်းပျံ့နှံ့မှုရယ်၊ တစ်ကျော့ပြန်ထကြွလာတဲ့ ပွဲစားတွေရဲ့ လှုံ့ဆော်မှုတွေရယ်၊ မြန်မာနိုင်ငံမှာ ကိုဗစ်နဲ့နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် အလုပ်အကိုင် ရှားပါးလာတာရယ်က ခါးမလှတဲ့အပြင် မိသားစုဝမ်းဝဖို့ ခက်ခဲကြတဲ့အခါကျတော့ ကျွန်တော်တို့တွေ ဘယ်လိုပင် သတိပေးပေး နားမဝင်တော့ဘူး။ ခုတော့ဖမ်းဆီးခံရတာတွေက များနေပါပြီ။ တားမနိုင်ထိန်းမရ ဖမ်းဆီးခံရသူတွေကလည်း ဥပဒေအတိုင်းအရေးယူခံရမှသာ အသိသတိလေးဝင်လာကြမှာ ဖြစ်ပါတယ်” ဟု ဦးမိုးကြိုးက ဆိုပါတယ်။

တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုမရှိစေဖို့အတွက် ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက နယ်စပ်မျဉ်းတစ်လျှောက်မှာ အထူးကြပ်မတ်စောင့်ကြပ်လျက် ရှိနေတာလည်း ဖြစ်ပါတယ်။

ဒါကို မသိလို့သွားကြတာလား သိသိနဲ့စွန့်စားတာလားပေါ့။ ခုရက်ပိုင်း အောက်တိုဘာ ၂၅ ရက်က ကန်ချနပူရီနဲ့ ရနောင်းနယ်စပ်မှာ မြန်မာနိုင်ငံသား ၂၅၀ ကျော်ဖမ်းဆီးခံရတဲ့ သတင်း၊ အောက်တိုဘာ၂၃၊ ၂၄ ရက်တို့မှာ ၁၀၀ ကျော် ဖမ်းဆီးခံရတဲ့သတင်းတွေ ကြားသိရတော့ စိတ်ထဲမကောင်းဖြစ်ရပါတယ်လို့ ဦးမိုးကြိုးက ဆိုတယ်။

ထိုင်းနိုင်ငံဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်တဲ့ ဒေသတွေကတော့ မွန်ပြည်နယ် ဘုရားသုံးဆူ-ကန်ချနပူရီနယ်စပ်က အများဆုံးဖြစ်ပြီးတော့ ကရင်ပြည်နယ် မြဝတီ- မဲဆောက်ဒေသက ဒုတိယအများဆုံး ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ ကိုဗစ်ဖြစ်ပွားချိန် နှစ်နှစ်နီးပါးကာလအတွင်းမှာ  တရားမဝင် ဝင်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံသား ၄၀၀၀၀ ကျော်ကိုဖမ်းဆီး အရေးယူနိုင်ခဲ့တယ်လို့ ထိုင်းနိုင်ငံဘက်က ထုတ်ပြန်တဲ့သတင်းတွေအရ သိရပါတယ်။

မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌဦးမိုးကြိုးက “ထိုင်းနိုင်ငံက တရားဝင် MoU စနစ်နဲ့ ခေါ်တာကို စိတ်ရှည်ရှည်နဲ့ မစောင့်ဆိုင်းဘဲ အခုလိုအတ္တဇောနဲ့စိတ်လောကြီးတာမျိုးဟာ ထိုင်းဥပဒေနဲ့ အရေးယူခံရပါမှသာ ဘဝသင်ခန်းစာယူတတ်ကြမှာပါ။ နို့မဟုတ်ရင် ဘယ်သူဘာပြောပြော နားမထောင်ဘဲ ထိုင်းနိုင်ငံထဲ ခိုးဝင်ကြတယ်။ ပြီးရင် ခိုးပြီးပြန်ထွက်ကြတယ်။ ထိုင်းနိုင်ငံကိုလာတဲ့သူတွေဟာ တကယ်အလုပ်ရှိတဲ့နေရာကို လာတာဟုတ်ရဲ့လား။ တကယ်အလုပ်ရှိတယ်ဆိုတာ မှန်ရဲ့လား။ ပွဲစားတွေရဲ့စကားတွေက မှန်ရဲ့လား ဆန်းစစ်ဖို့ လိုပါတယ်။ ဘယ်ပွဲစားစကားကိုမှ ယုံကြည်လို့မရဘူး။ နားမယောင်နဲ့။ တရားဝင်အေဂျင်စီတွေနဲ့သာ တရားဝင်သွားလာခွင့်ပြုတဲ့ အချိန်မှသာ သွားလာသင့်ပါတယ်။ မိမိတို့ဝမ်းရေးအတွက် အတ္တဇော၊ လောဘဇောတွေနဲ့ ကြိုးတန်းလမ်းလျှောက် ခြေလှမ်းတွေ ရပ်တန့်ကြပါတော့။ ထိုင်းဥပဒေရဲ့ ဆုံးမမှုအောက်မှာ သင်ခန်းစာရကြပါစေ။ ခုနေအခါမှာ ထိုင်းလုံခြုံရေး အထူးတင်းကျပ်ထားတဲ့ မြို့နယ် ၁၀ မြို့နယ်ရှိပါတယ်။ နယ်စပ်ကမ်းခြေတစ်လျှောက် စောင့်ကြပ်နေတဲ့ နယ်ခြားရဲတပ်ဖွဲ့အပြင် ဝေဟင်တပ်၊ မြင်းတပ်တို့နဲ့ အထူးစောင့်ကြပ်ဖမ်းဆီး အရေးယူနေတာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာ လုပ်သားလိုအပ်ချက်ဖြည့်ဖို့ အလုပ်သမား ခေါ်ယူရေးခွင့်ပြုမယ်လို့ ဆိုပေမဲ့ တရားဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခွင့်ကို ကန့်သတ်ထားဆဲဖြစ်သလို တရားမဝင် ဝင်ရောက်လာမှာကိုလည်း အထူးစောင့်ကြပ်ဖမ်းဆီးနေတာပါ။

ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေဆိုရင် တချို့အိမ်ပေါင်၊ ခြံပေါင် အတိုးကြီးကြီးနဲ့ ချေးယူလာသူတွေ ပါဝင်ပါတယ်။ လမ်းစရိတ်၊ ပွဲစားခ ဘတ် ၁၉၀၀၀ ဆိုတာ  မြန်မာကျပ်ငွေ ၁၀ သိန်းဝန်းကျင်ပါ။ ထိုင်းကိုရောက်ရင် အလုပ်ထဲ တန်းဝင်ရမယ်ဆိုတဲ့ ပွဲစားတွေရဲ့ စကား၊ တကယ်တော့ အထောက်အထား ပြုလုပ်ဖို့နဲ့ အလုပ်ရဖို့ငွေကုန်ကြေးကျ ထပ်ရှိသေးတယ်လို့ဆိုပါတယ်။ လူကယ်ရီပွဲစားတွေ ပို့ဆောင်တဲ့  အောက်လမ်းလို့ခေါ်တဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲကို ဝင်ရောက်ကြတဲ့သူတွေဟာ လုပ်ငန်းခွင်ကို ရောက်ရှိသူရှိနေပေမဲ့ နယ်စပ်တစ်လျှောက်မှာ ဖမ်းဆီးခံရတာတွေက များနေပါတယ်။ မိသားစုဝမ်းရေးကိုဖြေရှင်းဖို့ အတားအဆီးတွေကြားက ကြိုးတန်းလမ်းလျှောက် အရဲစွန့်ကြပေမဲ့ ငွေပေးပြီး အဖမ်းသွားခံနေသလို ဖြစ်နေပြန်တယ်။

ဘန်ကောက်နဲ့ပတ်ဝန်းကျင်မှာ အထောက်အထားမရှိသူတွေကို အထောက်အထားပြုလုပ်ပေးမယ်ဆိုတဲ့ သတင်းထွက်လာပြီးနောက်မှာ စက်တင်ဘာလ တစ်လနဲ့ အောက်တိုဘာ တတိယပတ်အထိ ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား တစ်ထောင်ကျော်ရှိပြီလို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

ကိုဗစ်လှိုင်းဂယက်တွေကြောင့် ခရိုင်ချင်းဆက်သွားလာမှုကို ဖြေလျှော့မှု အပြည့်အဝမရှိသေးတဲ့ ထိုင်းနိုင်ငံမှာ ရောက်နှင့်ပြီးသား မြန်မာလုပ်သားတွေကလည်း မိခင်မြန်မာနိုင်ငံကို ပြန်လာချင်နေကြပါတယ်။

တချို့လည်း ကိုဗစ်ကြောင့် စက်ရုံအလုပ်ရုံနားရလို့၊ တချို့က မိဘကျန်းမာရေး မကောင်းလို့၊ တချို့က ကိုယ်ဝန်ဆောင်မိခင်တွေ ကလေးပြန်မွေးဖို့ ပြန်လာကြတာ တွေ့ရပါတယ်။

နေရပ်ပြန်လာသူ ကိုလွင်က “ယခင်ကလို လိုင်းကားနဲ့ပြန်လို့မရသေးဘူး။ လာချင်ရင် ပွဲစားနဲ့ချိတ်ရတယ်။ တစ်ယောက်ကို အနည်းဆုံး ဘတ် ၅၀၀၀ ကနေ ဘတ် ၈၀၀၀ အထိ နေရာအနီးအဝေး အပေါ်လိုက်ပြီးပေးရတယ်။ သူ (ပွဲစား) က ထိုင်းပုလိပ်၊ တောမောင်းနဲ့ ချိတ်ပြီး အဖမ်းခံ၊ ငွေပေးပြီး ဟန်ဆောင် (အလကား) အဖမ်းခံ။ အချုပ်ကားနဲ့လာရတာဆိုတော့ ကိုယ့်နိုင်ငံတော့ ပြန်ရောက်တာပေါ့။ ဒီက ခုမှထိုင်းဘက်ကို သွားတဲ့လူတွေက တကယ်အဖမ်းခံရတာ။ သူတို့က ထောင်ကျမှာ။ သူတို့အတွက် စိတ်မကောင်းပါဘူး” လို့ ဆိုပါတယ်။

ကိုဗစ်ကာလမှာ မိခင်နိုင်ငံကို ဝင်ရောက်ခဲ့သူတွေဟာ ရာဇဝတ်မှု တစ်စုံတစ်ရာ ကျူးလွန်ခြင်းမရှိဘဲ ရာဇဝတ်သားအဖြစ်သတ်မှတ်ကာ ထိုင်းသို့ ပြည်ဝင်ခွင့်ကိုပယ်ဖျက်တဲ့ Cancel တံဆိပ်တုံးထုလိုက်တဲ့အတွက် ကိုဗစ်ကာလ နေရပ်ပြန်လာသူတိုင်း ရာဇဝတ်သား ဖြစ်နေပြီလားဆိုတာကိုတော့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ ရင်တွင်းမှာ အမေးပုစ္ဆာတစ်ခု ဖြစ်လို့နေပါတယ်။

ထိုင်းနိုင်ငံကနေ ပြန်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကိုလည်း မြန်မာနိုင်ငံဘက်မှာ တစ်ရက်ခြား တစ်နေ့ လူ ၅၀၀ ကြိုဆို လက်ခံပေးနေတာပါ။ မြဝတီနယ်စပ်၊ အမှတ်၂ ချစ်ကြည်ရေးတံတား BCF Zone သို့ ရောက်လာကြတဲ့ မြန်မာနိုင်ငံသားတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက စနစ်တကျကြိုဆိုပြီးတော့ Quarantine Center တွေမှာ ၁၀ ရက်စောင့်ကြည့်။ ကျန်းမာရေး စစ်ဆေးပြီးရင်တော့ မိမိတို့ပြည်နယ် တိုင်းဒေသကြီးသို့ ပို့ဆောင်ပေးလျက်ရှိနေပါတယ်။

မည်သို့ဆိုစေကာမူ မိခင်နိုင်ငံသားတွေမလုပ်ချင်တဲ့ အလုပ်ကိုမှလုပ်ရတဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာ အသွားလည်း ငွေပေးပြီးအဖမ်းခံ၊ အပြန်လည်း ငွေပေးပြီးအဖမ်းခံရပြီးမှ ပြန်လာလို့ရနေတဲ့ မိအေးအကြိမ်ကြိမ်နာနေရတဲ့ဘဝ ဖြစ်နေလေရဲ့။

အပူရောင်ဘဝအမောတွေကို ဖြေလျှော့ပေးနိုင်မယ့် ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းတွေကို မျှော်နေမိတယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း ကိုဗစ်လှိုင်းဂယက်ကြောင့် ရွှေ့ပြောင်းလုပ်သား ခေါ်ယူရေးကို ရပ်ဆိုင်းခဲ့တာ တစ်နှစ်ကျော်ခဲ့ပါပြီ၊၊ ဒါ့ပြင် နေရပ်ပြန်ရွှေ့ပြောင်းလုပ်သားတွေလည်း ထိုင်းဘက်ကို ပြန်လည်ဝင်ရောက်နိုင်ခြင်း မရှိတဲ့အတွက် လုပ်သားလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ မကြာမီကာလအတွင်းမှာ လုပ်သား  ၄၀၀၀၀၀ တင်သွင်းခွင့်ပြုတော့မယ်လို့ ထိုင်းအာဏာပိုင်တွေက ကြေညာထားပါတယ်။

“ထိုင်းနိုင်ငံကို ရွှေ့ပြောင်းလုပ်သားလေးသိန်း အရေးပေါ် ခေါ်ယူတော့မယ်လို့ ထိုင်းဝန်ကြီးချုပ်နဲ့ ဒုတိယဝန်ကြီးချုပ်တို့ရဲ့ ဦးဆောင်တဲ့အစည်းအဝေးက အတည်ပြုခဲ့တယ်။ ဘယ်နေ့မှာခေါ်မယ်ဆိုတဲ့ အစီအစဉ်တော့ မပါသေးပေမဲ့ခေါ်မယ့်လုပ်ငန်းတွေက အလုပ်ကြမ်းတွေ၊ ဆောက်လုပ်ရေး၊ မွေးမြူရေး၊ စိုက်ပျိုးရေးလုပ်ငန်းနေရာတွေအတွက် ခေါ်မယ်။ အဲဒီမှာ လျာတားချက်က မြန်မာက သုံးသိန်းနီးပါး၊ ကမ္ဘောဒီးယားနဲ့လာအိုက တစ်သိန်းကျော် ခေါ်ယူမယ်လို့ဆိုပါတယ်” ဟု မြန်မာပြည်သားများ အရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ စစ်တမ်းအရ ရွှေ့ပြောင်းအလုပ်သမားလိုအပ်ချက်မှာ မြန်မာအလုပ်သမား ၂၅၆၀၂၉ ဦး၊ ကမ္ဘောဒီးယား ၁၃၀၁၃၈ ဦး၊  လာအို ၃၈၅၃၆ ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။

လုပ်သားလိုအပ်ချက် အများဆုံးခရိုင်မှာ ချင်းမိုင်၊ ဘန်ကောက်၊ ကျန်ထပူရီ၊ စမွတ်စခွန်းနဲ့ လယောင်းစသော ခရိုင်ငါးခုတို့ဖြစ်ပြီး ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ အထည်အလိပ်စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ကြမ်းလုပ်ငန်းတွေမှာ လုပ်သားလိုအပ်ချက် မြင့်မားလျက်ရှိနေတယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

ဒီလို လုပ်သားလိုအပ်ချက် မြင့်မားလာတဲ့ ကြေညာချက်မျိုး၊ လုပ်ခလစာကို အာဆီယံနိုင်ငံတွေထက် မမြင့်ရင်နေပါစေ သူ့ထက်မနိမ့်တဲ့ လုပ်ခလစာပေးရမယ်ဆိုတဲ့ ကြေညာချက်မျိုး မိမိတို့နိုင်ငံမှာ ဘယ်တော့ဖြစ်လာမလဲ မေးလိုက်ချင်ပါတယ်။

တရားဝင် သွားလာခွင့်မပြုသေးချိန် လုပ်သားလိုအပ်ချက် ကြေညာနေသလို အထောက်အထား ပြုလုပ်ပေးမယ်ဆိုတဲ့ သတင်းစကားတွေအောက်မှာ မြန်မာလုပ်သားတွေဟာ ဖမ်းဆီးရေးညွှတ်ကွင်းမှာ ဘယ်လောက်အထိ မိလေကြဦးမလဲ ဆိုတာကိုတော့ဖြင့်။    

Most Read

Most Recent