COVID-19 တတိယလှိုင်းအလွန် ရုန်းကန်နေရဆဲ မန္တလေး

COVID-19 တတိယလှိုင်းအလွန် ရုန်းကန်နေရဆဲ မန္တလေး
မန္တလေးမြို့တွင် COVID-19 ဖြင့် သေဆုံးသူတစ်ဦးကို သင်္ဂြိုဟ်ရန် သယ်ဆောင်လာသည်ကို ဇူလိုင်လအတွင်းက တွေ့ရစဉ်
မန္တလေးမြို့တွင် COVID-19 ဖြင့် သေဆုံးသူတစ်ဦးကို သင်္ဂြိုဟ်ရန် သယ်ဆောင်လာသည်ကို ဇူလိုင်လအတွင်းက တွေ့ရစဉ်
Published 31 October 2021
ဌေးလှအောင်

(၁)

မန္တလေးမြို့မှာ COVID-19 ကပ်ရောဂါဖြစ်ပွားမှုနှုန်း ကျဆင်းသွားပြီလို့ ဆိုရမှာပါ။ နေ့စဉ် ရောဂါဖြစ်ပွားသူဦးရေလည်း အနည်းငယ်သာ ကျန်ရှိတော့တာကို ထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်နဲ့သြဂုတ်လတွေက ရောဂါဖြစ်ပွားမှုနှုန်း၊ သေဆုံးမှုနှုန်းတွေ အဆမတန်မြင့်တက်ခဲ့ပေမဲ့ လက်ရှိကာလမှာတော့ မရှိသလောက် လျော့နည်းသွားခဲ့ပြီ ဖြစ်ပါတယ်။                        

မန္တလေးမြို့မှာ COVID-19 ကပ်ရောဂါဖြစ်ပွားမှု လျော့နည်းကျဆင်းသွားပြီ ဖြစ်တာကြောင့် ဇူလိုင်လကစတင်ပြီး ယာယီပိတ်ထားခဲ့တဲ့ မန္တလေးစျေးချိုတော်ကိုလည်း သက်ဆိုင်ရာက ပြန်လည်ဖွင့်လှစ်ခွင့်ပြုလိုက်ပြီလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ယခင်က ပါဆယ်စနစ်နဲ့ ရောင်းချနေကြတဲ့ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်စတဲ့ လူစုလူဝေးဖြစ်စေတဲ့ ဆိုင်များမှာလည်း အတော်များများ ဆိုင်ထိုင်စနစ်နဲ့ ပြန်လည်ရောင်းချနေကြပြီဖြစ်ပါ တယ်။

လက်ရှိမှာ မန္တလေးခရိုင်အတွင်း သက်ဆိုင်ရာက COVID-19 ကာကွယ်ဆေးများ ထိုးနှံပေးနေသလို အချို့လည်း မိမိအစီအစဉ်နဲ့မိမိ ထိုးနှံနေကြသူများလည်း ရှိကြပါတယ်။ ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ကာကွယ်ဆေးထိုးနှံခြင်းခံယူဖို့ရာ ငြင်းဆန်ကြသူများလည်းရှိသလို အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး သွားရောက် မထိုးနှံသူများလည်း ရှိပါတယ်။

(၂)

မန္တလေးမြို့မှာ COVID-19 ကပ်ရောဂါ တတိယလှိုင်းကာလ စတင်ကြုံတွေ့ခဲ့ရတာက ပြီးခဲ့တဲ့ဇွန်လကုန်ပိုင်းနဲ့ဇူလိုင်လမှာ စတင်ခဲ့တယ်လို့ ဆိုရမှာပါ။ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက မန္တလေးမြို့မှာ COVID-19 ကပ်ရောဂါဖြစ်ပွားသူဦးရေ အဆမတန်မြင့်တက်ခဲ့တဲ့အပြင် သေဆုံးသူဦးရေဟာလည်း နေ့စဉ်လိုလို မြင့်တက်ခဲ့ပါတယ်။ မန္တလေးမြို့မှာ ကြုံတွေ့နေရတဲ့ COVID-19 ကပ်ရောဂါ တတိယလှိုင်းကာလဟာ ယခင်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းကာလတို့နဲ့ အခြေအနေတွေ ကွာခြားသွားတာကြောင့် ရောဂါဖြစ်ပွားသူလူနာတွေအနေနဲ့ အခက်အခဲမျိုးစုံတို့နဲ့ ကြုံတွေ့ခဲ့ရပါတယ်။

မန္တလေးမြို့မှာ COVID-19 တတိယလှိုင်းကာလ စတင်ချိန်က ရောဂါဖြစ်ပွားသူများအနေဖြင့် အောက်ဆီဂျင်မလုံလောက်မှု၊ အောက်ဆီဂျင်အိုးနှင့် အရည်စျေးမြင့်တက်မှု၊ ဆေးဝါးနှင့်ဆေးပစ္စည်းရှားပါးမှု၊ ဆေးဝါးနှင့်ဆေးပစ္စည်းများ စျေးအဆမတန်မြင့်တက်မှုစတဲ့ အခက်အခဲတွေကြုံတွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ရောဂါဖြစ်ပွားသူ လူနာဦးရေ မြင့်တက်ခဲ့တဲ့အပြင် ဆေးရုံဆေးခန်းတွေ တက်ရောက်ဖို့ အခက်အခဲရှိတာကြောင့် မိမိရဲ့နေအိမ်တွေမှာပဲ အဆင်ပြေသလို ဆေးဝါးကုသခဲ့ရတာတွေရှိခဲ့ပြီး အောက်ဆီဂျင်သွားရောက်တန်းစီရတဲ့ အခက်အခဲပြဿနာတွေနဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်။ အောက်ဆီဂျင်အိုး သွားရောက်တန်းစီရာမှာလည်း အချို့လူနာတွေအတွက် ကိုယ့်အလှည့်ရောက်ချိန်မှာ အောက်ဆီဂျင်ကုန်သွားတာတွေနဲ့လည်း ကြုံတွေ့ခဲ့ကြရပါတယ်။ ဆေးရုံကိုသွားရောက် ကုသရာမှာလည်း ဆရာဝန်မလုံလောက်မှု အခက်အခဲတွေနဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်။

COVID-19 ကပ်ရောဂါ ဖြစ်ပွားပြီး နေအိမ်မှာ ဆေးဝါးကုသမှုခံ ယူခဲ့ရသူတွေမှာလည်း အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့ခဲ့ကြရပါတယ်။ ဆရာဝန်ခေါ်မရတာ၊ စျေးနှုန်းကြီးပြီး ခေါ်မရတာ၊ သူနာပြုငှားရမ်းခ စျေးနှုန်းအဆမတန် စျေးမြင့်တက်တာစတဲ့ ဆရာဝန်ရှားပါးတဲ့ ပြဿနာတွေနဲ့လည်း ကြုံတွေ့ခဲ့ကြရပါတယ်။ မန္တလေးမြို့မှာရှိတဲ့ ပုဂ္ဂလိက ဆေးရုံအချို့တွေမှာ COVID-19 လူနာတွေကို ကုသမှုပေးနေသော်လည်း တန်းစီစောင့်ဆိုင်းနေရတာ စောင့်နေရင်းသေဆုံးသွားတာစတဲ့ ဖြစ်ရပ်တွေလည်းရှိခဲ့ပါတယ်။

အချို့လူနာတွေမှာတော့ ဖုန်းမှတစ်ဆင့် ဆရာဝန်ကို ပြသကြရတာတွေလည်း ရှိပါတယ်။မန္တလေးမြို့မှာ COVID-19 ကပ်ရောဂါကို အဆိုးရွားဆုံးကြုံတွေ့ခဲ့ရတာက ပြီးခဲ့တဲ့ဇူလိုင်လကလို့ ညွှန်းဆိုပြရမှာဖြစ်ပါတယ်။ နေ့စဉ်ရောဂါကူးစက်ဖြစ်ပွားသူဦးရေ မြင့်တက်ခဲ့ပြီး သေဆုံးသူဦးရေဟာလည်း နေ့စဉ်ဆယ်ဂဏန်း အထက်ကနေ ရာဂဏန်းဝန်းကျင်အထိ ရှိခဲ့တယ်လို့ လူမှုကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူများထံမှ စုံစမ်းသိရှိရပါတယ်။ မိမိရဲ့နေအိမ်မှာပဲ အဆင်ပြသလို ဆေးဝါးကုသမှုခံယူနေရင်း အောက်ဆီဂျင်ပြတ်လပ်သွားတာ၊ လိုအပ်တဲ့ ဆေးဝါးကုသမှု ခံယူခွင့်မရရှိတာတွေကြောင့် မသေဆုံးသင့်ဘဲ သေဆုံးသွားရတဲ့ လူနာတွေကလည်း အများအပြားရှိခဲ့ပါတယ်။

ဒါ့အပြင် ဆေးဝါးနဲ့ဆေးပစ္စည်း စျေးကွက်အတွင်းမှာလည်း စျေးနှုန်းတွေ မြင့်တက်သွားခဲ့တာ ဆေးဝါးနဲ့ဆေးပစ္စည်း ပြတ်တောက်သွားခဲ့တာတွေကြောင့် ဆေးဝါးနဲ့ဆေးပစ္စည်းရောင်းချနေတဲ့ ဆေးဆိုင်တွေရှေ့မှာ လူတန်းရှည်နဲ့ တန်းစီစောင့်ဆိုင်းခဲ့ရတာတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လဟာ မန္တလေးမြို့အတွက် COVID-19 ကပ်ရောဂါနဲ့ ပတ်သက်ပြီး ခက်ခဲစွာရုန်းကန်ခဲ့ရတဲ့ လတစ်လဖြစ်ခဲ့ရပြီး ကြေကွဲဝမ်းနည်းဖွယ်ရာတွေနဲ့လည်း ပြည့်နှက်နေခဲ့ရတဲ့ လတစ်လလို့ ဆိုရမှာပါ။       

(၃)

လက်ရှိအချိန်မှာ မန္တလေးခရိုင်အတွင်းမှာ COVID-19 ကပ်ရောဂါဖြစ်ပွားမှုက လျော့ကျသွားခဲ့ပြီဖြစ်ပါတယ်။ ရောဂါဖြစ်ပွားသူ အနည်းငယ်သာ ကျန်ရှိတော့ပြီး နေ့စဉ်သေဆုံးမှုမှာလည်း လျော့ကျသွားပြီဖြစ်တယ်လို့ လူမှုကူညီရေးအသင်းများထံမှ စုံစမ်းသိရပါတယ်။ ယခင် ဇူလိုင်၊ သြဂုတ်လများကဲ့သို့ ရောဂါဖြစ်ပွားသူ သေဆုံးသူများ မရှိတော့ဘဲ လျော့ကျသွားခဲ့ပြီလည်း ဖြစ်ပါတယ်။

“မန္တလေးမှာတော့ ကိုဗစ်လူနာတွေက မရှိသလောက်ဖြစ်သွားပြီ။ သေဆုံးသူကလည်း မရှိသလောက်ဖြစ်သွားပြီ။ မန္တလေးဆေးရုံကြီးမှာလည်း ကိုဗစ်လူနာတွေက မရှိသလောက်ဖြစ်သွားပြီ။ အခုလောလောဆယ် ကျွန်တော်တို့သယ်နေရတဲ့ လူနာတွေက အခြားသော ၉၆ ပါး ရောဂါနဲ့သူတွေ အများဆုံးဖြစ်ပါတယ်။ မန္တလေးမှာက ကိုဗစ်ဖြစ်ပွားမှု သေဆုံးမှုက ကျသွားပါပြီ။ မန္တလေးမှာ ကိုဗစ်ဖြစ်ပွားမှုနှုန်း ကျသွားပြီဆိုပေမဲ့ အချို့နယ်တွေမှာတော့ ကျန်နေသေးတယ်။ သူတို့ကိုလည်း ကျွန်တော်တို့က တတ်နိုင်တာကူညီပေးတယ်။ အောက်ဆီဂျင်ဆိုရင်လည်း ကျွန်တော်တို့ကို လှူထားတဲ့ အောက်ဆီဂျင်စက်ရုံကို ကျွန်တော်တို့ထက်ပိုပြီး လိုအပ်နေတဲ့ ယင်းမာပင်နယ်ဘက်ကို လှူလိုက်တယ်” လို့  ပရဟိတမင်းခေါင် လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မန္တလေးမြို့မှာ လက်ရှိ COVID-19 ကပ်ရောဂါ တတိယလှိုင်းကာလအတွင်းမှာ မြို့ခံပြည်သူတွေဟာ အခက်အခဲ အကျပ်အတည်းမျိုးစုံရဲ့အောက်မှာ ခက်ခဲစွာနဲ့ ရင်ဆိုင်ရုန်းကန်ခဲ့ကြရပါတယ်။ ထိရောက်တဲ့ ဆေးဝါးကုသခွင့်မရတာ၊ လိုအပ်တဲ့ဆေးဝါးနဲ့ ဆေးပစ္စည်း အလုံအလောက်မရရှိတာ၊ လုံလောက်တဲ့ အောက်ဆီဂျင် မရရှိတာ၊ ဆရာဝန်နဲ့ ကုသခွင့်မရတာ၊ ဆေးရုံတက်ဖို့အခက်အခဲရှိတာစတဲ့ အခက်အခဲတွေနဲ့အတူ အသက်ဆုံးရှုံးခဲ့ရသူတွေ အများအပြားရှိခဲ့ပါတယ်။

ဒါ့အပြင် ပရဟိတလူမှုကူညီရေးအသင်းတွေမှာလည်း ယာဉ်အခက်အခဲ၊ ငွေကြေးအခက်အခဲစတဲ့ အခက်အခဲမျိုးစုံတွေနဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်။ ဒါ့အပြင် လက်ရှိအချိန်မှာ စက်သုံးဆီစျေးတွေ မြင့်တက်နေဆဲဖြစ်တာကြောင့် လူမှုကူညီရေးအသင်းတွေအနေနဲ့ စက်သုံးဆီအခက်အခဲနဲ့လည်း ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ မန္တလေးခရိုင်အတွင်း ကိုဗစ်ကပ်ရောဂါဖြစ်ပွားသူ  သေဆုံးသူလျော့နည်းသွားပြီ ဖြစ်တဲ့အပြင် အောက်ဆီဂျင်အခက်အခဲ ဆေးဝါးနဲ့ ဆေးပစ္စည်းအခက်အခဲ၊ စျေးနှုန်းမြင့်တက်မှု၊ ဆေးရုံတက်ရောက်ဖို့ အခက်အခဲစတဲ့ အခက်အခဲတွေလည်း ပြေလည်သွားခဲ့ပြီလို့ဆိုရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုဗစ်ရောဂါကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရသူတွေကတော့ နောက်ဆက်တွဲ ခံစားနေရတဲ့ ရောဂါတွေကို မိမိရဲ့နေအိမ် သို့မဟုတ် ဆေးရုံဆေးခန်းတွေမှာ ဆက်လက်ကုသမှု ခံယူနေကြရဆဲ ဖြစ်ပါတယ်။

မန္တလေးမြို့မှာ ကိုဗစ်ရောဂါ ဖြစ်ပွားသူနဲ့ သေဆုံးသူဦးရေ လျော့ကျသွားခဲ့ပြီဖြစ်တာကြောင့် ယခင်က ကိုဗစ်ဖြစ်ပွားမှုကြောင့် ပိတ်ထားတဲ့ စျေးအချို့ဖြစ်တဲ့ မဟာအောင်မြေမြို့နယ်အတွင်းရှိ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစျေး၊ ချမ်းအေးသာစံမြို့နယ်ရှိ စျေးချိုတော်နှင့် မန်းမြန်မာပလာဇာ၊ ရတနာပုံစျေးအစရှိတဲ့ စျေးတွေလည်း ပြန်လည်ဖွင့်လှစ်နေပြီ ဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါနဲ့အတူ နိုင်ငံရေးအပြောင်းအလဲများကြောင့်ပါ ကျဆင်းသွားခဲ့ရတဲ့ စီးပွားရေးလုပ်ငန်းတွေ အလုပ်အကိုင်တွေလည်း ခက်ခဲစွာဖြင့် ရုန်းကန်လှုပ်ရှားကာ ပြန်လည်စတင်ကြရဦးမှာ ဖြစ်ပါတယ်။

(၄)

COVID-19 ကူးစက်ဖြစ်ပွားမှုကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက Stay at Home အစီစဉ်အဖြစ် သတ်မှတ်ကြေညာခဲ့တဲ့ မြို့နယ်များအတွင်းမှ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၀ ခုအား အောက်တိုဘာ ၂၇ ရက်နေ့စွဲဖြင့် Stay at Home အစီစဉ်မှ ပယ်ဖျက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီးအတွင်းမှ ချမ်းမြသာစည်၊ ချမ်းအေးသာစံ၊ ပြည်ကြီးတံခွန်၊ မဟာအောင်မြေ၊ အောင်မြေသာစံ၊ ပုသိမ်ကြီး၊ အမရပူရ၊ မြင်းခြံ၊ ပျော်ဘွယ်၊ ရမည်းသင်းမြို့နယ်တို့ကို အောက်တိုဘာ ၂၇ ရက်‌နေ့စွဲဖြင့် Stay at Home အစီစဉ်မှ ပယ်ဖျက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးတွင် ပြင်ဦးလွင်၊ နွားထိုးကြီး၊ မြစ်သား၊ မတ္တရာ၊ သပိတ်ကျင်း၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ သာစည်၊ ငါန်းဇွန်၊ တောင်သာမြို့နယ်တို့မှာ လက်ရှိအထိ Stay at Home အစီစဉ်တွင် အကျုံးဝင်ကြောင်း သိရပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးအနေဖြင့် ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားမှုများ တည်ငြိမ်စပြုလာပြီဖြစ်ပြီး ပိုးတွေ့သူအရေအတွက်မှာလည်း ကျဆင်းလာပြီဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် Stay at Home မြို့နယ်များအဖြစ် ကြေညာထားမှုနဲ့ပတ်သက်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရောဂါကူးစက်ဖြစ်ပွားမှုများ ပိုမိုလျော့ကျလာမှသာ နေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်သော မြို့နယ်များကို ဖြေလျှော့ပေးသွားမှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုများနဲ့ ပတ်သက်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကာ အောက်တိုဘာ ၂၁ ရက်အထိ လူဦးရေစုစုပေါင်း ၁၂ ဒသမ ၁၁ သန်းကို ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးပြီးဖြစ်ရာ ကာကွယ်ဆေး နှစ်ကြိမ်အပြည့်ထိုးနှံပြီးစီးသူ စုစုပေါင်း ၅ ဒသမ ၁၅ သန်းနှင့် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ ၆ ဒသမ ၉၆ သန်းရှိပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဆက်လက်ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၂၁ ရက်အထိ ကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း ၁၇ ဒသမ ၂၇ သန်း ထိုးနှံပြီးကြောင်း၊ ပြည်သူများအနေဖြင့် ရရှိလာသည့် ကိုဗစ်ကာကွယ်ဆေးများကို မပျက်မကွက် အကြိမ်ပြည့် ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံထားသူများအနေဖြင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ်ရက်အတွင်း သို့မဟုတ် အနီးဆုံးသတ်မှတ်ထားသော ကာလအတွင်း နီးစပ်ရာ ကာကွယ်ဆေးထိုးစုရပ်များသို့ သွားရောက်၍ ထိုးနှံမှုခံယူရန်လိုအပ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

(၅)

မန္တလေးမြို့မှာ COVID-19 တတိယလှိုင်းကာလအတွင်း အခြားမြို့နယ်များနည်းတူ အခက်အခဲများစွာဖြင့် ရုန်းကန်လှုပ်ရှားခဲ့ရသလို ဆက်လက်ပြီးလည်း ရုန်းကန်လှုပ်ရှားနေရဆဲလည်း ဖြစ်ပါတယ်။ COVID-19 ကပ်ရောဂါ ဖြစ်ပွားမှုနှုန်းနဲ့သေဆုံးမှုနှုန်းမှာ ပြီးခဲ့တဲ့ဇူလိုင်နဲ့သြဂုတ်လကဲ့သို့ မများတော့ဘဲ လျော့နည်းကျဆင်း သွားခဲ့ပြီဖြစ်ပါတယ်။

မန္တလေးခရိုင်အတွင်း COVID-19 တတိယလှိုင်းကာလမှာ ပြည်သူများအနေဖြင့် ခက်ခဲပင်ပန်းစွာဖြင့် ရုန်းကန်လှုပ်ရှားခဲ့ရသလို ဆက်လက်ပြီးလည်း ရုန်းကန်လှုပ်ရှားနေကြရဆဲဖြစ်ပါတယ်။ ပြီးခဲ့သော ဇူလိုင်လသည် COVID-19 ကပ်ရောဂါနှင့်ပတ်သက်၍ မန္တလေးမြို့ခံများအတွက် ကြေကွဲဝမ်းနည်းဖွယ်ရာများနှင့် ပြည့်နှက်၍နေခဲ့သလို သုသာန်တို့တွင်လည်း မိသားစုမပါသည့် နာရေးတို့မှာ ငိုကြွေးသံတို့ ဆိတ်သုဉ်းခဲ့ရပါတယ်။ COVID-19 ကပ်ရောဂါကြောင့် ဆက်လက်၍လည်း ဝမ်းနည်းကြေကွဲနေရတဲ့ မိသားစုဝင် အများအပြား ရှိနေဆဲဖြစ်ပါတယ်။

မန္တလေးမြို့မှာ အခက်အခဲများစွာထဲမှ ကြိုးစားအားတင်းကာ ရုန်းကန်ထနေရဆဲဖြစ်ပါတယ်။ COVID-19 ကပ်ရောဂါ  တတိယလှိုင်းကာလအတွင်းမှာ မြို့ခံများအနေနဲ့ခက်ခဲစွာ ရုန်းကန်လှုပ်ရှားခဲ့ကြရသလို သက်ဆိုင်ရာရဲ့ အသွားအလာကန့်သတ်မှု စည်းမျဉ်းများအောက်မှာလည်း ခက်ခဲစွာနဲ့ ဖြတ်သန်းခဲ့ကြရပါတယ်။ မန္တလေးမြို့မှာ ကိုဗစ်ကပ်ရောဂါဖြစ်ပွားသူ သေဆုံးသူလျော့နည်းကျဆင်းသွားခဲ့ပြီဖြစ်တာကြောင့် ကိုဗစ်တတိယလှိုင်းကို ကျော်ဖြတ်သွားနိုင်ခဲ့ပြီဟု ဆိုရမည်ဖြစ်သည်။ ထိုသို့ ကျော်ဖြတ်နိုင်ခဲ့ပြီဟုဆိုသော်လည်း ကိုဗစ်တတိယလှိုင်းကာလအတွင်း မန္တလေးမြို့ခံများမှာ ပေးဆပ်ခဲ့ရသူများ၊ နှုတ်မဆက်ဘဲ ထွက်ခွာသွားကြရသူများစွာနဲ့အတူ ဝမ်းနည်းဖွယ်ရာအတိ ကြုံတွေ့ခံစားခဲ့ကြရပါတယ်။

လက်ရှိ မန္တလေးမြို့မှာ ကိုဗစ်တတိယလှိုင်းဂယက် ငြိမ်သက်သွားချိန်ကာလဖြစ်ပါတယ်။ ကိုဗစ်ကြောင့် ထိခိုက်ခဲ့ရသော လုပ်ငန်းများကိုလည်း မြို့ခံများအနေနဲ့ ခက်ခဲပင်ပန်းစွာ ပြန်လည်ရုန်းကန်ကာ စတင်ကြရဦးမှာဖြစ်ပါတယ်။ မန္တလေးမြို့ အခက်အခဲအကျပ်အတည်းအားလုံးကို အမြန်ဆုံးကျော်လွှားနိုင်ပြီး COVID-19 ကပ်ရောဂါဘေးမှလည်း ကင်းဝေးပါစေ။

မြန်မာပြည်သူ ပြည်သားများ အခက်အခဲအကျပ်အတည်းအားလုံးကို ကျော်လွှားနိုင်ပြီး COVID-19 ကပ်ရောဂါဘေးမှ အမြန်ဆုံး ကင်းဝေးကြပါစေ။

Most Read

Most Recent