တာလီဘန်အစိုးရအတွက် စိန်ခေါ်ချက်နှင့် အဖြေများ

တာလီဘန်အစိုးရအတွက် စိန်ခေါ်ချက်နှင့် အဖြေများ
သြဂုတ် ၁၆ ရက်က ကဘူးမြို့ရှိ ဇန်ဘက်ရင်ပြင်အနီး လမ်းဘေးတစ်လျှောက် တာဘီတိုက်ခိုက်ရေးသမားများက စောင့်ကြပ်နေစဉ်
သြဂုတ် ၁၆ ရက်က ကဘူးမြို့ရှိ ဇန်ဘက်ရင်ပြင်အနီး လမ်းဘေးတစ်လျှောက် တာဘီတိုက်ခိုက်ရေးသမားများက စောင့်ကြပ်နေစဉ်
Published 30 October 2021
မိုးဧအောင်

“အာဏာသည် ခြစားမှုကို ဖြစ်စေ၏။ အလုံးစုံသောအာဏာသည် အဆုံးစွန်သော ဖောက်ပြန်မှုကို ဖြစ်စေ၏” ဟူသော မှတ်မှတ်သားသား ဆိုရိုးစကားသည် သွေးထွက်လောက်အောင် မှန်သော်ငြားလည်း လူတို့တစ်ခါတစ်ရံမှသာ တွေးမိကြပါသည်။ ရာထူးအာဏာကြီးသောနေရာကို လုပ်ပိုင်ခွင့်ရလာချိန်၌ လူတို့၏ အပြုအမူ၊ အလေ့အထတို့သည် သိသိသာသာ ပြောင်းသွားတတ်ကြသည်။ နိုင်ငံရေးသိက္ခာ၊ လူ့ကျင့်ဝတ်များကို အာဏာသုံး၍ ချိုးဖောက်တတ်ခြင်းသည် ပြုနေကျထုံးစံလို ဖြစ်လာလေ့ရှိသည်။

ကဘူးကျဆုံးပြီးနောက် တာလီဘန်တို့ကို အန္တရာယ်ပတ်လည်ဝိုင်းလျက် ရှိနေသည်မှာ အများမြင်သာပါသည်။ တရားဥပဒေနှင့် ငြိမ်ဝပ်ပိပြားမှု ပျောက်ဆုံးခြင်း၊ ထင်ရာစိုင်းနိုင်သော လုပ်ပိုင်ခွင့်ရရှိခြင်းနှင့် ပြိုင်ဘက်များအပေါ် ထင်သလိုနှိပ်စက်နိုင်ခွင့်များက တာလီဘန်အစိုးရတစ်ခုလုံးကို ကိုယ်ကျင့်တရား ပျက်ပြားလာစေသည်။

အကျိုးဆက်အားဖြင့် တာလီဘန်တို့ ယနေ့ရင်ဆိုင်နေရသော ပဟေဠိဆန်သည့် စိန်ခေါ်မှုများမှာ သူတို့အဖွဲ့အတွင်း မတူညီသောထင်မြင်ချက်များကို အကြောင်းပြုပေါ်ပေါက်လာသည့် အတွင်းပဋိပက္ခများကို အခြေခံသည်။ အရေးပါသော တာလီဘန်ခေါင်းဆောင်များဖြစ်သည့် မူလာဂါနီဘာရာဒါ၊ မူဟမ္မဒ်အဘက်စ်စတန်နစ်ဇိုင်း၊ မူလာအဗ္ဗဒူ ဆလမ်ဇဟိတို့သည် ကာတာနိုင်ငံ၊ ဒိုဟာ၌ အမေရိကန် ပြည်ထောင်စုအပါအဝင် သူ့မဟာမိတ်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုခဲ့ကြသူများဖြစ်သည်။ ယခုအခါ သူတို့အချင်းချင်းကြား၌ပင် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေကြသည်။

စိန်ခေါ်ချက်များ

တာလီဘန်ဦးဆောင်မှုအကြား အချေအတင် ငြင်းခုန်နေရသည့် အဓိကပြဿနာမှာ ဟက်ကွာနီကွန်ရက်မှ တိုက်ခိုက်ရေးသမားများ၏ ငါ့မြင်းငါ့စိုင်း သဘောထားကြောင့် ဖြစ်သည်။

ပြီးခဲ့သောလက ဟက်ကွာနီကွန်ရက် အကြီးအကဲ၊ ပြည်ထဲရေးဝန်ကြီး ဆီရာဂျူဒင်ဟက်ကွာနီနှင့် စေ့စပ်ဆွေးနွေးရေးသမား မူလာဂါနီဘာရာဒါတို့ ကဘူးရှိ သမ္မတနန်းတော်၌ ခွန်းကြီးခွန်းငယ် စကားများခဲ့ခြင်းမှာ အဆိုပါကွန်ရက်၏ အာဏာကို အလွဲသုံးစားပြုခြင်းနှင့် ပြည်သူများအပေါ် ဖိစီးနှိပ်စက်သည့် သဘောထားများကြောင့် ဖြစ်သည်။ ဟက်ကွာနီကွန်ရက်ကို တစ်ကမ္ဘာလုံးက ဆန်ရှင်များဖြင့် ပိတ်ဆို့တားဆီးခြင်း၊ ဆီရာဂျူဒင် ဟက်ကွာနီကိုယ်တိုင် အကြမ်းဖက်အုပ်သမားအဖြစ် ကြေညာခံထားရခြင်းတို့မှာ တာလီဘန်ခေါင်းဆောင်မှုအတွက် စိတ်ဝမ်းကွဲစရာ အကြောင်းရင်းခံများ ဖြစ်သည်။

ထို့ပြင် အဖျက်စွမ်းအား ပြင်းထန်ပြီး ထိန်းမနိုင်သိမ်းမရ အင်အားစုဖြစ်သော အိုင်အက်စ်-ကေ ခေါ် ခိုရာဆန် အစ္စလာမ်မစ်နိုင်ငံတော် (Islamic State Khorasan – IS-K) ပြန်လည်ခေါင်းထောင်လာခြင်းကလည်း တာလီဘန်တို့အတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်သည်။

အမေရိကန်တပ်များ ဆုတ်ခွာမသွားမီကာလက တာလီဘန်တို့သည် အစိုးရတစ်ရပ်မဟုတ်ခဲ့ဘဲ လက်နက်ထောင်ထား ပုန်ကန်သူခြားနားသူများအနေနှင့် အမေရိကန်တပ်ဖွဲ့များကိုရော၊ အာဖဂန်အစိုးရကိုပါ တိုက်ခိုက်ခဲ့ကြသူများဖြစ်သည်။ ယခုအမေရိကန်တို့ လုံးလုံးလျားလျားဆုတ်ခွာသွားသည့်အခါ တာလီဘန်တို့သည် အစိုးရနေရာသို့ ရောက်ရှိလာခဲ့ပြီး၊ တိုင်းရေးပြည်ရာကိစ္စများကို စီမံအုပ်ချုပ်နိုင်စွမ်းနှင့် ကမ္ဘာ့အလယ်၌ တရားဝင်မှုရှိအောင် ထိရောက်စွာဆောင်ရွက်နိုင်စွမ်းတို့ကို စိန်ခေါ်မှုအဖြစ် ရင်ဆိုင်ရလေတော့သည်။

လက်ရှိတာလီဘန်အစိုးရလက်ထက်တွင် ISIS-K သည် တည်ဆဲအစိုးရကို ပမာမခန့်ပြုနေသော ပုန်ကန်သောင်းကျန်းသူများအဖြစ် ကြီးထွားလာသည်။ ကဘူးကိုတာလီဘန်တို့ သိမ်းပိုက်ပြီးချိန်မှစ၍ ကဘူး၊ ဂျလာလာဘတ်၊ ကန်ဒပ်ဇ်၊ ကန်ဒဟာစသော အရေးပါသည့် မြို့ကြီးများကို ISIS-K တို့က တိုက်ခိုက်ခဲ့ကြ၏။ ISIS-K တို့၏ ခြိမ်းခြောက်လာမှုကို ကြိုတင်ဟန့်တားနိုင်ရန်မှာ တာလီဘန်တို့အတွက် အရေးကြီးသောကိစ္စ ဖြစ်လာသည်။

အာဖဂန်နိုင်ငံသားများ ပြည်ပသို့ အစုလိုက်ထွက်ခွာသွားကြသည့်အတွက် ဦးနှောက်ယိုစီးမှုဖြစ်လာရခြင်းသည် တာလီဘန်အစိုးရအတွက် နောက်ထပ်စိန်ခေါ်မှုတစ်ရပ်ဖြစ်၏။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏အဆိုအရ အာဖဂန်ခြောက်သန်းကျော်သည် သူတို့နေအိမ်များမှ အတင်းအဓမ္မမောင်းထုတ်ခံကြရပြီး၊ နိုင်ငံတစ်ဝန်း မလုံခြုံမှုများ၊ ပဋိပက္ခများနှင့် ဖိနှိပ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသည်။ အာဖဂန်နိုင်ငံသား ငါးသိန်းသည် ယခုနှစ်ကုန်တွင် သူတို့ဇာတိမြေကို စွန့်ခွာထွက်ပြေးနိုင်ရန် မျှော်လင့်နေကြသည်။

လောလောလတ်လတ် တာလီဘန်တို့ ထပ်မံရင်ဆိုင်နေရသည်မှာ အခြေခံရုံးလုပ်ငန်းနှင့် ပြည်သူ့ရေးရာ ဝန်ဆောင်မှုများနှင့် ပတ်သက်သော စီမံအုပ်ချုပ်မှုဆိုင်ရာ စိန်ခေါ်ချက်ဖြစ်သည်။

တာလီဘန်တို့ကို ကမ္ဘာ့နိုင်ငံများက အစိုးရတစ်ရပ်အဖြစ် တရားဝင်အသိအမှတ်ပြုရန် ကိစ္စသည်လည်း အခြေခံကျသလို ထင်ထင်ပေါ်ပေါ် ရင်ဆိုင်နေရသော စိန်ခေါ်ချက်ဖြစ်သည်။ သို့သော် ယနေ့ထိ တာလီဘန်တို့ကို အစိုးရအဖြစ် မည်သည့်နိုင်ငံကမှ အသိအမှတ် မပြုသေးပါ။ တိုင်းရေးပြည်ရာကိစ္စရပ်များဖြစ်သော နိုင်ငံရေးအရ လက်တွဲယုံကြည်မှု၊ ကုန်သွယ်ရေးနှင့် စီးပွားရေးထူထောင်မှု၊ ဘဏ္ဍာရေးစသည့် ကဏ္ဍများအတွက် ဒေသတွင်းနှင့် ကမ္ဘာ့နိုင်ငံများက “တာလီဘန် အစိုးရ” အဖြစ် တရားဝင်အသိအမှတ် ပြုလိုက်ခြင်းသည် သံခင်းတမန်ခင်းအတွက် ကနဦးလိုအပ်ချက်ဖြစ်ပါသည်။

ပထမတစ်ကြိမ် အစိုးရဖြစ်ခဲ့စဉ်က တာလီဘန်တို့၏ အာဏာတည်ဆောက်ပုံမှာ အင်အားသုံး၍ အမိန့်ပေးခြင်းအပေါ် အခြေပြုထားပြီး၊ သူတို့၏ တင်းကြပ်သောစည်းမျဉ်းများကို အာဖဂန်နစ္စတန်တစ်နိုင်ငံလုံး လိုက်နာအောင် မောင်းနှင်ကြသည်။ ကြမ်းကြုတ်ရက်စက်ခြင်း၊ ပစ်မှတ်ထား သတ်ဖြတ်ခြင်း၊ လူရှေ့သူရှေ့၌ အပြစ်ပေးခြင်း၊ လူနည်းစုနှင့် အမျိုးသမီးများကို အခွင့်အရေးဆုံးရှုံးစေခြင်း၊ ပြိုင်ဘက်များကို ရန်သူဟုသတ်မှတ်ကာ လက်စားချေခြင်းတို့မှာ သူတို့၏ အာဏာကျင့်သုံးပုံဟု ဆိုရပါမည်။ တစ်ကျော့ပြန်အာဏာရလာသည့် တာလီဘန်တို့အပေါ် အစိုးရဖွဲ့စည်းပုံနှင့် အုပ်ချုပ်ရေးစနစ် မည်သို့ကူးပြောင်းသွားမည်ကို ကမ္ဘာကစောင့်ကြည့်နေချိန်တွင် ထိုကဲ့သို့သော အပြုအမူများကို ဆက်လက်လုပ်ဆောင်နေပါက ကမ္ဘာ့မိသားစုဝင် တရားဝင်အစိုးရဖြစ်ရန် ခက်ခဲနေပါဦးမည်။

ဤသို့ စိန်ခေါ်မှုများစွာရှိနေသည့်ကြားမှ စာသင်ကျောင်းများတွင် မိန်းကလေးများအတွက် တားဆီးကန့်သတ်ချက်များပြုခြင်း၊ အမျိုးသမီးများ အိမ်ပြင်ထွက်ခွင့်နှင့် အလုပ်လုပ်ခွင့်အပေါ် ပိတ်ပင်မှုများက ယခင်တစ်ကြိမ် တာလီဘန်တို့၏ အုပ်စိုးမှုကို ပြန်ပြောင်းသတိရစေသည်။ မလုံခြုံသော၊ အကြောက်တရားကြီးစိုးနေသော၊ အလုပ်လက်မဲ့ဖြစ်သွားရသော၊ မတရားဖိနှိပ်ခံနေရသော အမျိုးသမီးများသည် အာဖဂန်နစ္စတန် တစ်နံတစ်လျား များပြားစွာ ရှိနေကြသည်။

အတိတ်ကာလ အာဏာရခဲ့ချိန်က တာလီဘန်တို့သည် ပညာသင်ကြားခွင့်ကို ပိတ်ပင်လိုသည့်အတွက် မိန်းကလေးကျောင်းများကို မီးရှို့ခြင်း၊ ဗုံးခွဲခြင်းတို့ဖြင့် ဒါဇင်နှင့်ချီ၍ ဖျက်ဆီးခဲ့ကြ၏။ အမျိုးသမီးပညာရေးအပေါ် အလေးအနက်ထားသော သင်ကြားသူများ အသတ်ခံခဲ့ရသည်။

ထို့ပြင် တာလီဘန်တို့သည် NATO တပ်ဖွဲ့များထံ သို့မဟုတ် ယခင်အာဖဂန်အစိုးရထံတွင် အလုပ်လုပ်ကိုင်ခဲ့သူများကို ခြေရာခံလိုက်နေသည်။ တာလီဘန်တို့ကို ဆန့်ကျင်သည်ဟု ယူဆရသောအိမ်များကို စေ့စေ့စပ်စပ် မွှေနှောက်ရှာဖွေသည်။ ထိုသို့ သံသယအဝင်ခံရသော လူများစွာမှာ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ဖမ်းဆီးခြင်းခံကြရသည်။

တာလီဘန်တို့လက်မှ လွတ်မြောက်ရန်အလို့ငှာ အာဖဂန်နိုင်ငံသားများသည် အမေရိကန်ပြည်ထောင်စု၊ ဥရောပနိုင်ငံများ၊ ကနေဒါနှင့် သြစတြေးလျတို့တွင် နိုင်ငံရေးခိုလှုံခွင့် တောင်းခံကြသည်။ တာလီဘန်တို့အနေနှင့် ဖိနှိပ်ချုပ်ခြယ်မှုများ၊ ကြမ်းကြုတ်ရက်စက်သော သဘောထားများကို မပြောင်းလဲဘဲ ဆက်သွားနေမည်ဆိုလျှင် အာဖဂန်နစ္စတန်နိုင်ငံသည် မင်းမဲ့စရိုက်ထွန်းကားသော ကျဆုံးနိုင်ငံအဖြစ်သို့ရောက်ရှိကာ ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်ရေးကိုပါ ခြိမ်းခြောက်လာနိုင်ပါသည်။

နောက်ထပ်ရင်ဆိုင်နေရသော အခက်အခဲများမှာ အကြီးအကျယ် နိုင်ငံရေးဖောက်ပြန်မှု၊ ပြင်းထန်သော စီးပွားရေးအကျပ်အတည်း၊ ပြည်သူ့ရေးရာ ဝန်ဆောင်မှုများ ပျောက်ကွယ်ခြင်း၊ စုပေါင်းဆုံးဖြတ်ချက်ချရန် မစွမ်းနိုင်ခြင်း၊ သူတစ်လူ ငါတစ်မင်း ဗိုလ်ကျမှု၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှု ပျက်သုဉ်းခြင်း၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးမှုများ တန့်ရပ်ခြင်းတို့သည် တာလီဘန်အစိုးရအတွက် ပစ္စက္ခစိန်ခေါ်ချက်များ ဖြစ်ပါသည်။

အဖြေများ

တာလီဘန်တို့သည် အဆိုးဆုံးသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရချိန်တွင် အစိုးရတစ်ရပ်အနေနှင့် ပီပီပြင်ပြင်ဖြစ်တည်လာစေရန် တည်ငြိမ်မှု၊ ဖြောင့်မတ်မှန်ကန်မှုနှင့် ထိရောက်မှုများ အလျှင်အမြန်ရရှိဖို့ လိုအပ်လျက်ရှိသည်။ တာလီဘန်တို့အနေနှင့် ခေတ်နှင့်အံဝင်ဂွင်ကျ မဖြစ်တော့သည့် ခေါင်းဆောင်မှုအခန်းကဏ္ဍအပေါ် သုံးသပ်ကာ ၂၁ ရာစုနှင့်လျော်ညီသော အစိုးရပုံစံတစ်ရပ်ကို ပြန်လည်စဉ်းစားတွေးခေါ်ရပါမည်။

ပထမဆုံးနှင့် အရေးကြီးဆုံးဖြစ်သော လိုယာဂျာဂါ (Loya Jirga – Grand Assembly)

တစ်နိုင်ငံလုံးရှိ နိုင်ငံရေးသမားများ၊ ဘာသာရေးနှင့် တတ်သိပညာရှင်များ၊ မျိုးနွယ်စု အကြီးအကဲများ၊ အခြားအရေးပါသော ပုဂ္ဂိုလ်များပါဝင်သည့် တိုင်းပြည်လုံးဆိုင်ရာ ညီလာခံကြီးတစ်ရပ်ကို ခေါ်ယူကျင်းပရပါ မည်။ ညီလာခံတွင် လက်ရှိပေါ်ပေါက်နေသော စိန်ခေါ်မှုများနှင့် အာဖဂန်နစ္စတန်၏ အနာဂတ်ကို ဆွေးနွေးပုံဖော်ကြရန်ဖြစ်သည်။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ပေါင်းစည်းညီညွတ်ရေးကို မလုပ်နိုင်လျှင် အာဖဂန်နစ္စတန်သည် ဖရိုဖရဲပြိုကွဲလျက် ကျီးလန့်စာစား တိုင်းပြည်ဘဝမှ ရုန်းထွက်နိုင်မည် မဟုတ်ပါ။ လိုယာဂျာဂါညီလာခံကြီးက အထွေထွေရွေးကောက်ပွဲဆီ သေချာပေါက် လမ်းခင်းပေးပါလိမ့်မည်။

ဒုတိယလုပ်သင့်သည်မှာ ယခင်အစိုးရလက်ထက်က ဖြစ်တည်ခဲ့သော လစ်ဘရယ်များ၊ ဒီမိုကရက်များ၊ နိုင်ငံရေးပြိုင်ဘက်များနှင့် အစိုးရအရာရှိများနှင့်ပတ်သက်သည့် တာလီဘန်တို့၏ ပြင်းထန်သောသဘောထားကို ချိန်ညှိကာ ခေါင်းဆောင်မှုပုံသဏ္ဌာန်ကို ပြန်လည်ဆန်းစစ်ရပါမည်။ လက်စားချေရေးဝါဒသည် တာလီဘန်အစိုးရကို အဝီစိသို့ ဆွဲချသွားနိုင်ပါသည်။

တတိယအချက်အဖြစ် ဒီမိုကရေစီကျင့်စဉ်နှင့် လစ်ဘရယ်စံနှုန်းများကို တာလီဘန်တို့ လေ့လာကြည့်သင့်သည်။ ကမ္ဘာက အသိအမှတ်ပြုသော တရားဥပဒေ မူဘောင်ဝင်မှုကို ရရှိစေရန်မှာ နိုင်ငံရေးလှုပ်ရှားသူများအတွက် လုပ်ကွက်နေရာဖန်တီးလျက် ရွေးကောက်ပွဲများ ကျင်းပပေးရန်လိုအပ်သည်။ ထိုသို့ဆောင်ရွက်ခဲ့သော် နိုင်ငံတကာ အသိအမှတ်ပြုမှုရရှိပြီး စိန်ခေါ်မှုများကို ကျော်လွှားနိုင်ကာ တိုင်းရေးပြည်ရာများကို ချောချောမွေ့မွေ့ ကိုင်တွယ်သွားနိုင်ပါလိမ့်မည်။

နောက်ဆုံးအနေနှင့် အမျိုးသမီးများ ပညာသင်ကြားခွင့်နှင့် အလုပ်လုပ်ခွင့်ရရှိရေးသည် တာလီဘန်တို့၏ ပညာရေးနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ အခြေခံမူဝါဒအဖြစ် ချမှတ်ရပါမည်။ ထိုသို့လုပ်ပြလိုက်ခြင်းဖြင့် တာလီဘန်အစိုးရသည် အာဖဂန်နစ္စတန်နိုင်ငံ၌ မိန်းကလေးများ၏ ပညာရေးအင်စတီကျူးရှင်းများအပေါ် တန်ဖိုးထားကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းသို့ သတင်းစကားပါးလိုက်ပြီး ဖြစ်ပါလိမ့်မည်။

Most Read

Most Recent