သွင်းအားစုဈေးနှုန်း မြင့်တက်မှုကြောင့် အခက်တွေ့နေတဲ့ ရော်ဘာတောင်သူများ

သွင်းအားစုဈေးနှုန်း မြင့်တက်မှုကြောင့် အခက်တွေ့နေတဲ့ ရော်ဘာတောင်သူများ
မွန်ပြည်နယ်အတွင်းရှိ ရော်ဘာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
မွန်ပြည်နယ်အတွင်းရှိ ရော်ဘာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
Published 10 October 2021
ဘိုဘိုမြင့်

မနှစ်က မွန်ပြည်နယ်ရဲ့ရော်ဘာစျေးကွက်မှာ ရော်ဘာစျေးကောင်း သိပ်မရခဲ့ပါဘူး။ အခုလို ရာသီအဖွင့်မှာကိုက ရာဘာတစ်ပေါင်ကို ၇၀၀ ကျပ်ဝန်းကျင်လောက်ပဲ ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်း ရော်ဘာအထွက်များလာတဲ့ အချိန်မှာ ကျပ် ၄၀၀ ဝန်းကျင်လောက်အထိ ဖြစ်ခဲ့ပါတယ်။ စျေးနှုန်းက တစ်နေရာနဲ့တစ်နေရာတော့ မတူကြပေမဲ့လည်း သိပ်မကွာခြားခဲ့ပါဘူး။

တချို့လည်း အလုပ်သမား ငှားရခက်တဲ့အတွက်ကြောင့်ကို အစေးမခြစ်ဘဲ နေခဲ့ကြတာတွေရှိခဲ့ပါတယ်။ အဲဒီအတွက်ကိုလည်း ဒီနှစ်မှာမှ အားထည့်လုပ်ကြဖို့ ပြင်ဆင်ခဲ့ကြသူတွေလည်း ရှိခဲ့ပါတယ်။

အခုနှစ် ရော်ဘာရာသီအစမှာတော့ ရော်ဘာတစ်ပေါင်ကို ၁၁၀၀ ကျပ်ဝန်းကျင်အထိ စျေးရနေကြပါတယ်။ လက်ရှိမှာ ရော်ဘာစျေးကောင်းရတယ်ဆိုတာက ရာသီအစဖြစ်လို့ အထွက်နည်းသေးတာရယ်၊ စျေးကွက်အတွင်းမှာ ဝယ်လိုအားရှိနေတဲ့အတွက်ကြောင့်လို့ ယူဆလို့ရတယ်။ ဒါပေမဲ့လည်း မြန်မာငွေစျေးကျသွားခြင်းနဲ့အတူ သွင်းအားစုတွေဖြစ်တဲ့ ဖောမစ်အက်ဆစ်တို့၊ ဓာတ်မြေသြဇာတို့ စျေးနှုန်းမြင့်တက်မှုတွေကြောင့် ရော်ဘာတောင်သူတွေမှာ ရော်ဘာကိုပဲဆက်ခြစ်ရမလား။ ခြံပိတ်ရပ်ထားရမလားဆိုတာ ဝေခွဲမရဖြစ်နေကြရပါတယ်။

ယခင်က ဓာတ်မြေသြဇာဆိုရင်လည်း တစ်အိတ်ကို ၃၅၀၀၀ ကျပ်ဝန်းကျင်လောက်ပဲရှိခဲ့ပြီး ရော်ဘာခဲ၊ ရော်ဘာပြားပြုလုပ်တဲ့အခါမှာ အသုံးပြုတဲ့ ဖောမစ်အက်ဆစ်ဆိုရင်လည်း ငါးဂါလန်ပုံးတစ်ပုံးကို ၄၅၀၀၀ ကျပ်ဝန်းကျင်ပဲရှိခဲ့ပေမဲ့ ယခုနှစ်မှာတော့ ဓာတ်မြေသြဇာတစ်အိတ်ကို ၅၅၀၀၀ ကျပ် ဝန်းကျင်နဲ့ ဖောမစ်အက်ဆစ်ဆိုရင်လည်း ငါးဂါလန်ပုံးတစ်ပုံးကို ကျပ်တစ်သိန်းဝန်းကျင်အထိ စျေးဖြစ်နေပါတယ်။

လက်ရှိမှာ ရော်ဘာတောင်သူတွေ ဖြစ်စေချင်နေတဲ့ဆန္ဒက သွင်းအားစုတွေဖြစ်တဲ့ အက်ဆစ်နဲ့ ဓာတ်မြေသြဇာစျေးနှုန်းတွေကို ထိန်းညှိပေးစေချင်နေကြပါတယ်။

“ဒီနှစ်ရော်ဘာက အဖွင့်လှတယ်လို့ပြောလို့ရတယ်။ မနှစ်က ဒီအချိန်မှာ ရော်ဘာစျေးက တစ်ပေါင်ကို ကျပ် ၇၀၀ ဝန်းကျင်လောက်ပဲရှိခဲ့တယ်။ ဒီနှစ်မှာက တစ်ပေါင်ကို ကျပ် ၁၁၀၀ စျေးအထိရနေတယ်။  ဒါပေမဲ့ ဒီစျေးနှုန်းက ဘယ်လောက်ကြာကြာဖြစ်မလဲပေါ့။ ရော်ဘာအထွက် များလာချိန်ကျရင်တော့ စျေးနှုန်းက ပြန်ကျလာလေ့တော့ရှိတယ်” လို့ ရေးဒေသက ရော်ဘာတောင်သူတစ်ဦးက ပြောပါတယ်။

၎င်းက ဆက်လက်ပြီးတော့ “ခါတိုင်းနှစ်တွေနဲ့  ဒီနှစ်မတူတာက လက်ရှိမှာ မြန်မာကျပ်ငွေက ကျဆင်းနေတယ်။ အဲဒီတော့ ရော်ဘာပင်တွေကို ကျွေးရမယ့် ဓာတ်မြေသြဇာစျေး နှစ်ဆကျော်တက်သွားတယ်။ နောက်အက်ဆစ်စျေးကလည်း တက်နေတယ်။ နောက်အလုပ်သမားစရိတ်ကလည်း ပိုများလာတယ်။ ဒီတော့ တချို့ရော်ဘာခြံသမားတွေက အစေးမလှီးဘဲ ခြံကိုဒီအတိုင်း ထားထားတာတွေလည်း ရှိနေတယ်။  တချို့လည်း ရော်ဘာပင်တွေကို ဓာတ်မြေသြဇာမကျွေးဘဲ ဒီအတိုင်းလှီးဖို့လုပ်နေကြတာတွေလည်း ရှိတယ်။ ဒီအတိုင်း အစေးလှီးမယ်ဆိုရင်တော့ အစေးအထွက် နည်းနိုင်တယ်ပေါ့။ အပင်ကိုလည်း အနည်းနဲ့အများတော့ ထိခိုက်မှုတွေ ရှိနိုင်ပါတယ်။ လောလောဆယ်ဘာတွေ ဖြစ်လာမလဲတော့ မပြောတတ်သေးဘူး” လို့ဆိုပါတယ်။

လက်ရှိရာသီဥတုက မိုးအကုန် ဆောင်းအကူးဆိုပေမဲ့ မိုးကကောင်းကောင်း မပြတ်သေးပါဘူး။ ဒါပေမဲ့လည်း ရော်ဘာတောင်သူတွေအနေနဲ့ ရော်ဘာအစေးခြစ်ဖို့စတင် ပြင်ဆင်နေကြပါပြီ။ ရော်ဘာစေးအထွက်ကောင်းစေဖို့အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေထဲမှာ ဓာတ်မြေသြဇာကလည်း အဓိကနေရာက ပါဝင်နေပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ ဓာတ်မြေသြဇာစျေးနှုန်းတွေက အဆမတန်မြင့်တက်နေပါတယ်။

“မနှစ်က ဓာတ်မြေသြဇာတစ်အိတ်ကို ၃၈၀၀၀ ကျပ်လောက်ပဲရှိတယ်။ အခုအချိန်မှာက ၅၅၀၀၀ ကျပ်လောက်ဖြစ်နေတယ်။ လက်ရှိမှာ ဓာတ်မြေသြဇာတစ်အိတ်ကို ၂၀၀၀၀ လောက်တက်သွားတယ်။ အဲဒီအပြင်ကို ဝယ်ရခက်နေတဲ့ သဘောလည်းရှိနေတယ်။ အလုပ်သမားနဲ့ပတ်သက်လို့ ကျွန်တော်တို့မှာလုပ်နေတာ ၁၀ နှစ်လောက်ရှိနေပြီဆိုတော့ သိပ်တော့လည်း အခက်အခဲမရှိပါဘူး။ ဒီလိုပဲ ကောင်းတူဆိုးတူ လုပ်လာကြတာပါပဲ။ လုပ်အားခနဲ့ ပတ်သက်လို့တော့ နည်းနည်းတက်သွားတယ်။ အရင်က လင်မယားတစ်စုံ အပင်တစ်ထောင်ကို တစ်လ ၃၀၀၀၀၀ ကျပ်လောက် ပေးရပေမဲ့ ဒီနှစ်မှာတော့ ၃၅၀၀၀၀ ကျပ်လောက်ပေးရတယ်။ လက်ရှိမှာလည်း အက်ဆစ်စျေးရော၊ ဓာတ်မြေသြဇာစျေး၊ စက်သုံးဆီစျေး အကုန်တက်နေတော့ လက်တလော ရော်ဘာစျေးကောင်းတယ်ဆိုပေမဲ့ တစ်ဝက်တောင်ကျန်ဖို့ အနိုင်နိုင်ပါပဲ” လို့ ရေးမြို့က ရော်ဘာခြံပိုင်ရှင်တစ်ဦးက ပြောပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ ရော်ဘာကို တစ်ပြည်နယ်လုံးအနှံ့ စိုက်ပျိုးကြပြီးတော့ စိုက်ဧကလေးသိန်းကျော်ရှိကာ နှစ်စဉ်ရော်ဘာတန်ချိန် တစ်သိန်းကျော်ထုတ်လုပ်နေတယ်လို့ သိရပါတယ်။

“အခုနှစ်ရာသီအဖွင့်မှာတော့ စျေးနှုန်းကကောင်းမွန်တဲ့ အနေအထားမျိုးရှိနေပါတယ်။ ဒီနှုန်းထား အတိုင်းသွားနိုင်မယ်ဆိုရင်တော ့လည်း မဆိုးဘူးလို့ဆိုလို့ရတယ်။ ဒါပေမဲ့ စျေးနှုန်းကျသွားမယ်ဆိုရင်တော့ ဘယ်လိုမှမကိုက်တော့ဘူးလို့  ဆိုရမယ်။ ဘာ့ကြောင့်လဲဆိုတော့ ဓာတ်မြေသြဇာ၊ အက်ဆစ်စတဲ့ သွင်းအားစုတွေက လက်ရှိအခြေအနေမှာ စျေးမြင့်နေတဲ့အတွက်ကြောင့်ပါ” လို့ မွန်ပြည်နယ်ရော်ဘာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌလည်းဖြစ်၊ ရော်ဘာလုပ်ငန်းရှင် တစ်ဦးလည်းဖြစ်တဲ့ နိုင်ကျန်ရစ်က ပြောပါတယ်။

“ဓာတ်မြေသြဇာစျေးနှုန်းက မြင့်နေတော့ မထည့်မဖြစ်ထည့်မယ်ဆိုရင်လည်း လျှော့သုံးကြရမယ့် သဘောမှာရှိပါတယ်။ ခါတိုင်း ၁၀ အိတ်လောက်သုံးနေရင် အခုငါးအိတ်လောက်သုံးကြတယ်ပေါ့ဗျာ။ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ဓာတ်မြေသြဇာက ကျွေးရတာတော့ ကျွေးရမှာပဲ။ ဒါမှလည်း တွက်ခြေကိုက်ကြမှာလေ။ တချို့လည်း သွင်းအားစုတွေက စျေးတက်၊ အလုပ်သမားကလည်း ရှားပါးဆိုတော့ ခြံကိုဒီအတိုင်း ပိတ်ထားလိုက်ကြတာတွေလည်း ရှိတယ်။ ဒါပေမဲ့လည်း အပင်တွေမနာအောင်လို့ ပေါင်းရှင်းတာ၊ ဓာတ်မြေသြဇာကျွေးတာလည်း လုပ်ရတာပါပဲ။  ရော်ဘာစိုက်တောင်သူတွေရဲ့အခက်အခဲတွေကို သက်ဆိုင်ရာတွေအနေနဲ့က ဘယ်လိုတာဝန်ယူဆောင်ရွက်ကြမလဲပေါ့လေ။ တောင်သူတွေက ဒါကိုမျှော်လင့်နေကြတယ်ပေါ့” လို့ နိုင်ကျန်ရစ်က ဆက်ပြောပါတယ်။ 

ဓာတ်မြေသြဇာ စျေးမြင့်တက်မှုကြောင့် ရော်ဘာခြံရှင်တွေ၊ လုပ်ငန်းရှင်တွေအနေနဲ့တော့ ဓာတ်မြေသြဇာကို လျှော့သုံးဖို့လုပ်ဆောင်နေကြသလို တချို့လည်း လုံးဝမသုံးဘဲ ပုံမှန်အတိုင်းသာ အစေးလှီးကြဖို့ လုပ်ဆောင်နေသူတွေလည်း ရှိနေတယ်လို့ ရော်ဘာတောင်သူတွေရဲ့ ပြောကြားချက်တွေအရ သိရပါတယ်။

“ကိုယ့်ဟာကို စိတ်ကို ဖြေနိုင်ရင်တော့ ဘာအခက်အခဲမှမရှိဘူးလို့ ဆိုရမှာပဲ။ လက်ရှိတိုင်းပြည်မှာလည်း ကိုယ့်တစ်ယောက်တည်း ဒုက္ခရောက်တာမှမဟုတ်တာ။ ရော်ဘာနဲ့ပတ်သက်လို့ ဓာတ်မြေသြဇာတို့ ဖောမစ်အက်ဆစ်တို့ စျေးတက်နေတယ်ဆိုတာကလည်း ကိုယ့်ပစ္စည်းတစ်ခုတည်း တက်နေတာမဟုတ်ဘူးလေ။ ပစ္စည်းအမည်ပေါင်းစုံက သူ့ ထိုက်သင့်တဲ့ စျေးနှုန်းတွေအတိုင်း တက်နေတာ။ လက်ရှိမှာ အက်ဆစ်က စျေးတက်နေသလို ရော်ဘာကလည်း အထိုက်အလျောက် စျေးရနေတာပဲလေ။ လတ်တလောမှာလည်း ရော်ဘာတစ်ပေါင်ကို ၁၁၀၀ ကျပ်လောက် ပေါက်စျေးရှိနေတယ်။ မနှစ်ကဆိုရင် ဒီလိုရာသီမျိုးမှာ တစ်ပေါင်ကို ၇၀၀ ကျပ်တည်းရကြတာလေ။ ဒီနှစ်မှာ ၁၁၀၀ ကျပ်ဖြစ်တယ်ဆိုတော့ ကိုယ့်ရော်ဘာလည်း စျေးတက်လာတဲ့ အနေအထားမျိုးရှိတဲ့အတွက် အခက်အခဲဆိုတာက ကြိုတင်ပြီးတော့ မပြင်ဆင်ထားတဲ့သူတွေကတော့ အခက်အခဲလေးတွေတော့ရှိကြမှာပါ။ ကိုယ့်ဟာကို ကြိုတင်ပြင်ဆင်ထားကြတဲ့ သူတွေကတော့ အခက်အခဲတော့ သိပ်မရှိပါဘူး” လို့ ရော်ဘာလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးဘုန်းမြင့်က ဆိုပါတယ်။

၎င်းကဆက်လက်ပြီး “ဓာတ်မြေသြဇာကျ ပြန်တော့လည်း စျေးတွေတက်နေလို့တချို့လည်း မထည့်နိုင်ဘူးပေါ့။ တချို့ကျတော့လည်း နှစ်အိတ်ထည့်ရမယ့်နေရာမှာ တစ်အိတ်တည်း ထည့်လိုက်တယ်ပေါ့။ အားလုံးကတော့ ဓာတ်မြေသြဇာ ထည့်တာနည်းသွားတဲ့အတွက်ကြောင့်တော့ အထွက်နှုန်းက ကျသွားလိမ့်မယ်။ အထွက်နှုန်းကျသွားပေမဲ့လည်း စျေးနှုန်းကတော့ မကျနိုင်ဘူးလို့ ယူဆလို့ရပါတယ်။ ကိုယ်လုပ်မယ့်အလုပ်ကို ကြိုတင်ပြင်ထားမယ်ဆိုရင်တော့ ဘာအခက်အခဲမှတော့ မရှိနိုင်ပါဘူး” လို့ ဆိုပါတယ်။

တချို့ရပ်ရွာတွေမှာ ည ၈ နာရီ မနက် ၄ နာရီမထွက်ရ သတ်မှတ်ထားတာတွေလည်း ရှိနေတော့ ဒါလေးတွေကလည်း အခက်အခဲတော့ ဖြစ်နိုင်ကြောင်း၊ သို့ပေမဲ့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များနဲ့ ညှိနှိုင်းပြီးတော့ ရော်ဘာခြစ်သမားများအတွက် လက်မှတ်လေးတွေ ပြုလုပ်ပြီး ထုတ်ပေးနေတာတွေလည်းရှိကြောင်းနှင့် သွင်းအားစုတွေဖြစ်တဲ့ အက်ဆစ်နဲ့ ဓာတ်မြေသြဇာတို့နှင့် ပတ်သက်ပြီး သက်ဆိုင်ရာပြည်နယ်အစိုးရက ကုမ္ပဏီတွေနဲ့ချိတ်ဆက်ပြီးတော့ ညှိနှိုင်းဆောင်ရွက်ပေးနေသည်များရှိကြောင်း ဦးဘုန်းမြင့်ရဲ့ ပြောဆိုချက်များအရ သိရပါတယ်။

 မွန်ပြည်နယ်အတွင်းမှာ ရော်ဘာစိုက်ဧက အများအပြားရှိနေပေမဲ့လည်း အခုနောက်ပိုင်းမှာ မြေအသုံးချပုံစံတွေပြောင်းလဲကာ အိမ်ကွက်တွေ ဖော်လာတာတွေလည်းရှိသလို ရော်ဘာအစား တခြားနှစ်ရှည် သီးနှံပင်တွေကို  စိုက်ပျိုးလာတာတွေလည်း ရှိနေပါတယ်။ ဒါ့အပြင် ထွက်ရှိတဲ့ ရော်ဘာစေး၊ ရာဘာပြားတွေကိုလည်း ကုန်ချောအဖြစ် မပြောင်းလဲနိုင်သေးတာ၊ ရော်ဘာပင်တွေကို ခုတ်လှဲပြီး သစ်ပါးလွှာထုတ်လာတာတွေလည်း ရှိနေတဲ့အတွက်ကြောင့် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုတွေနဲ့ သက်ဆိုင်တဲ့ ဥပဒေခိုင်ခိုင်မာမာ ရှိဖို့လိုအပ်နေပြီလို့လည်း သုံးသပ်ပြောဆိုမှုတွေရှိနေပါတယ်။

“ကျွန်တော်တို့ ရော်ဘာ လောကသားတွေအတွက်က ဘာပဲလုပ်လုပ် ရော်ဘာ Law မရှိတဲ့အခါကျတော့ သိပ်မဆင်မပြေဘူး။ ရော်ဘာ Law က ရေးဆွဲထားပြီးသားရှိတယ်။ မူကြမ်းတွေလည်း ပြီးကုန်ပြီ။ အဲဒီဥပဒေကိုလည်း အတည်ပြုပေးနိုင်ဖို့ ပြီးခဲ့တဲ့လွှတ်တော်တုန်းက တင်ထားပြီးပြီလို့လည်း စိုက်ပျိုးရေးဌာနထံက သိရတယ်။ တော်တော်လည်း ကြာနေပါပြီ။ ဒါပေမဲ့ အခုက လွှတ်တော်လည်းမရှိတော့ဘူးဆိုတော့ ရော်ဘာ Law ထွက်လာဖို့က တော်တော်ကြီးကို ဝေးနေဦးမှာပါ” လို့ နိုင်ကျန်ရစ်က ပြောပါတယ်။

ဘာပဲဖြစ်ဖြစ် အခုနှစ် ရော်ဘာရာသီအစပိုင်း ကောင်းမွန်မှုတွေကို ရော်ဘာတောင်သူတွေ၊ ရော်ဘာလုပ်ငန်းရှင်တွေအနေနဲ့တော့ နောက်ပိုင်းအထိ သယ်ဆောင်သွားချင်နေကြမှာပါ။                

Most Read

Most Recent